close

အီလွန်မတ်စ်

close

April 21, 2023

SpaceX Spaceship အာကာသဒုံးပျံ စမ်းသပ်ပစ်လွှတ်မှု မအောင်မြင်သော်လည်း လေ့လာစရာ အများကြီးရရှိခဲ့ဟု အီလွန်မတ်စ်ပြော

အာကာသဂြိုဟ်တုလွှတ်တင်မှုသမိုင်းမှာ အကြီးမားဆုံး ဒုံးပျံကိုအသုံးပြုပြီး အင်္ဂါဂြိုဟ်သွား စီမံကိန်းထဲကတခုဖြစ်တဲ့ Spaceship အာကာသယာဉ်မကြီးကို လွှတ်တင်တဲ့ စမ်းသပ်ချက်တခုကို SpaceX  အာကာသနည်းပညာထိပ်တန်းကုမ္ပဏီက ဧပြီ ၂၀ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။​

ဒါပေမဲ့ ဒီစမ်းသပ်ချက်ဟာ မူရင်းရည်မှန်းထားတဲ့ မိနစ် ၉၀ ကြာပျံသန်းမှုအပြီး ဟာဝိုင်ယီကျွန်းနားက ပစိဖိတ်သမုဒ္ဒရာထဲမှာပြုတ်ကျသွားရမယ့်အစား ပျံတက်ပြီး ၄ မိနစ်အကြာ ကမ္ဘာပတ်လမ်းထဲမရောက်ခင် အမြင့် ၂၄ မိုင်မှာ တနာရီမိုင် ၁၃၀၀ နှုန်းနဲ့ ပျံတက်နိုင်ခဲ့ပြီးနောက်မှာတော့ တွန်းတင်ပေးတဲ့ဒုံးပျံနဲ့ အာကာသယာဉ် ခွဲထွက်မှု မအောင်မြင်ခဲ့ပဲ အလိုလျောက်စနစ်နဲ့ ဖေါက်ခွဲဖျက်စီးပစ်လိုက်ရပါတယ်။

ဒါပေမဲ့ Launch Pad ဒုံးပျံပစ်စင်ကနေ ကမ္ဘာ့အကြီးမားဆုံးဒုံးပျံနဲ့ စံချိန်တင်အလေးချိန် တန်ချိန် ၅၀၀၀ လောက်ပမာဏကို အောင်မြင်စွာလွှတ်တင်နိုင်ခဲ့တဲ့အတွက် ဂုဏ်ပြုချီးကျူးတဲ့အကြောင်း SpaceX ရဲ့ CEO ဘီလီယံနာ သူဌေးကြီး အီလွန်မတ်စ်က တွစ်တာမှာရေးသားခဲ့ပါတယ်။

စိတ်လှုပ်ရှားစရာ စမ်းသပ်ချက်ဖြစ်ပြီး လာမယ့်လပိုင်းမှာ နောက်ထပ် ဒုံပျံစမ်းသပ်လွှတ်တင်ဖို့ လေ့လာစရာတွေအများကြီး ရရှိခဲ့တယ်လို့ အီလွန်မတ်စ်က ပြောပါတယ်။ ပေ ၄၀၀ လောက်ရှည်လျားပြီး တန်ချိန် ၅၀၀၀ လောက်သယ်ဆောင်ထားရတဲ့ အကြီးမားဆုံးဒုံးပျံနဲ့ အကြီးမားဆုံးအာကာသယာဉ်ဟာ အာကသထဲရောက်သွားနိုင်ဖို့က အောင်မြင်ဖို့ ၅၀ ရာနှုန်းပဲခန့်မှန်းထားပြီး ဒုံးပျံပစ်စင်မှာ ပေါက်ကွဲမသွားတာက အောင်မြင်မှုတခုပဲလို့ သူကပြောပါတယ်။ 

SpaceX ကုမ္ပဏီဟာ အခုစမ်းသပ်နေတဲ့ အာကာသယာဉ်မကြီး Spaceship ကို လာမယ့်နှစ်ပိုင်းမှာစတင်ဖို့ စီစဉ်ထားတဲ့ NASA ရဲ့ လကမ္ဘာပါတ်ခရီးစဉ်အပြင် ခရီးသည် ၁၀၀ ကျော် တင်ဆောင်နိုင်မယ့် ၆ လတာခရီးစဉ် အင်္ဂါဂြိုဟ်သွားစီမံကိန်းအတွက်ပါ အသုံးပြုဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။

Spaceship ကို အာကာသထဲအရောက်ပို့ဆောင်ပေးမယ့် ကမ္ဘာ့အကြီးမားဆုံး Super Heavy - gargantuan ဟာ အကြိမ်ကြိမ်ထပ်မံသုံးစွဲနိုင်တဲ့ လွန်းပျံယာဉ်ဒုံးပျံဖြစ်ပြီး မီသိန်းနဲ့ အောက်ဆီဂျင်ဓါတ်ငွေ့အရည်သုံး အင်ဂျင် ၃၃ လုံးပါဝင်ပါတယ်။

အဲဒီထဲက အင်ဂျင်တချို့ မလည်ပတ်နိုင်တာကို လွှတ်တင်ပြီးမကြာခင်မှာပဲ သိရှိခဲ့ကြပါတယ်။ မူလအစီအစဉ်အရဆိုရင် ပေ ၂၃၀ လောက်ရှိတဲ့ super Heavy ဒုံးပျံဟာ တက္ကဆက်ပြည်နယ်တောင်ပိုင်း မက်ဆီကိုပင်လယ်ကွေ့နားကနေ လွှတ်တင်ပြီး ၂ မိနစ်ခွဲအကြာ ကမ္ဘာ့လေထုကိုဖြတ်သန်းပြီးတဲ့အခါ Spaceship အာကာသယာဉ်မကြီးနဲ့ အဆက်ဖြတ်ပြီး သမုဒ္ဒရာထဲကို ကျဆင်းမှာဖြစ်ပါတယ်။

ပေ ၁၈၀လောက်အရှည်ရှိတဲ့ Spaceship အာကာသယာဉ်မကြီးဟာ သူ့ရဲ့ သီးသန့်အင်ဂျင် ၆ လုံးနဲ့ ကမ္ဘာပတ်လမ်းမှာပျံသန်းပြီး မိနစ် ၉၀ အကြာမှာ ပင်လယ်ရေပြင်ဆီ ပြန်ကျဆင်းလာဖို့ အစီအစဉ်ဆွဲထားတာ ဖြစ်ပါတယ်။ 

အခုလိုဒေါ်လာသန်းပေါင်းရာနဲ့ချီ အဆုံးရှုံးခံပြီး စွမ်းစားရတဲ့ စမ်းသပ်ချက်မျိုးကို SpaceX လို ပုဂ္ဂလိက ကုမ္ပဏီကသာ လုပ်ဆောင်နိုင်ပြီး NASA အမေရိကန် အစိုးရအာကာသ အေဂျင်စီကတော့ လုပ်နိုင်စွမ်းမရှိပါဘူး။  

45 seconds Ago

November 21, 2022

တွစ်တာပြန်သုံးရန် စိတ်မဝင်စားဟု သမ္မတဟောင်း ထရမ့်ပ် ပြော

အကြမ်းဖက်ဖို့ လှုံ့ဆော်မှုကြောင့် တွစ်တာ လူမှုကွန်ရက်ကနေ ပိတ်ပင်ခံထားရတဲ့ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ပ်က သူ့ရဲ့ တွစ်တာအကောင့် ပြန်ရရေး ထောက်ခံမဲအများစုရရင်တောင် တွစ်တာကို ပြန်သုံးဖို့ စိတ်မဝင်စားဘူးလို့ နိုဝင်ဘာ ၁၉ ရက်က ပြောလိုက်ပါတယ်။

တွစ်တာရဲ့ ပိုင်ရှင်အသစ် အီလွတ်မတ်စ်က စီစဉ်တဲ့ ထင်မြင်ချက်စစ်တမ်းထဲမှာ တွစ်တာအသုံးပြုသူ ၁၅ သန်းကျော် မဲပေးခဲ့ပြီး ၅၁ ဒသမ ၈ ရာခိုင်နှုန်းက ထရမ့်ပ်ကို တွစ်တာသုံးခွင့်ပြန်ပေးရေး ထောက်ခံမဲပေးခဲ့ကြပါတယ်။

မဲရလဒ်တွေ ကြေညာပြီးနောက် မကြာမီ  ထရမ့်ပ်ရဲ့ တွစ်တာအကောင့်ကို ပြန်ထည့်ပေးမယ်လို့ အီလွန်မတ်စ်က တွစ်တာမှာ ရေးသားဖော်ပြပြီး “ပြည်သူတွေပြောနေကြပြီ” လို့ ရေးခဲ့ပါတယ်။

ရီပတ်ဘလီကန်နဲ့ ဂျူးညွန့်ပေါင်းအဖွဲ့ရဲ့ နှစ်ပတ်လည် ခေါင်းဆောင်မှု အစည်းအဝေးမှာ တွစ်တာကို ပြန်သုံးဖို့ အစီအစဉ်ရှိ၊ မရှိ မေးရာမှာ ထရမ့်ပ်က တွစ်တာကိုပြန်သုံးဖို့ ဘယ်လိုအကြောင်းပြချက်မှ မမြင်ဘူးလို့ ပြောပါတယ်။

ထရမ့်ပ်ရဲ့ Trump Media & Technology Group (TMTG) startup က ဖန်တီးထားတဲ့ သူ့ရဲ့ ပလက်ဖောင်းအသစ် Truth Social နဲ့ ချိတ်ဆက်ထားမှာဖြစ်ပြီး တွစ်တာထက် သုံးစွဲသူတွေနဲ့ ထိတွေ့ဆက်ဆံမှု ပိုကောင်းပြီး “ထူးထူးခြားခြား ကောင်းမွန်နေတယ်” လို့လည်း ထရမ့်ပ်က ပြောပါတယ်။ ဒါနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ တောင်းဆိုမှုကိုတော့ တွစ်တာက မတုံ့ပြန်ခဲ့ပါဘူး။

5 months Ago
Up