အီသီယိုပီးယားဝန်ကြီးချုပ် အာဘီအာမက်က တီဂရေးဒေသအတွင်းက သူပုန်တွေအပေါ် စစ်တပ်က အောင်ပွဲရခဲ့တာကို ချီးကျူးအပြီး သူပုန်တပ်တွေဆီကနေ အမ်ဟာရာဒေသ ပိုင်နက်တွေကို ပြန်သိမ်းဖို့ ကတိပြုလိုက်ပါတယ်။
ရန်သူတွေကို နှိမ်နင်းပြီးပြီလို့လည်း သူက ပြောလိုက်ပါတယ်။
ရှေ့တန်းကနေ ရိုက်ကူးထားတဲ့ ရုပ်သံကို အစိုးရနဲ့ မိတ်ဖက် ဖာနာ ရုပ်သံက နိုဝင်ဘာ ၃၀ ရက်မှာ ထုတ်လွှင့်ပြသခဲ့ပြီး ဝန်ကြီးချုပ်ဟာ စစ်တပ် တောတွင်းစစ်ဆင်ရေး ဝတ်စုံကို ဝတ်ရင်း မှန်ပြောင်းနဲ့ ပတ်ဝန်းကျင်ကို စစ်ဆေးခဲ့ပါတယ်။
“အရှေ့ဘက်စစ်တိုင်းဟာ တရက်ပြင်ဆင်ပြီး တရက်ခွဲကြာအောင် တိုက်ခိုက်ရင် မထင်မှတ်လောက်အောင် အောင်မြင်ခဲ့ပြီးပြီ၊ အခုလို အောင်ပွဲကို ဒီရှေ့တန်းမှာ ထပ်ရအောင် ဆောင်ကြဉ်းမယ်” လို့ ဝန်ကြီးချုပ်က ပြောပါတယ်။
“ရန်သူတွေကို ချေမှုန်းပြီးပြီ၊ ကျန်နေသေးတဲ့ တာဝန်က ရန်သူတွေကို အမြစ်က ပယ်နုတ်ပြီး ခြေမှုန်းပစ်ဖို့ပဲ” လို့ စစ်သားတွေကို သူက ဆက်ပြောပါတယ်။
အာဘီဟာ အရင်အပတ်ကလည်း စစ်ဆင်ရေးကို ကြီးကြပ်ဖို့ ရှေ့တန်းကို သွားခဲ့သေးတယ်လို့ ပြောပါတယ်။
အာဘီ လာရောက်ကြီးကြပ်အပြီးမှာ စစ်တပ်ဟာ အာဖာဒေသထဲက ချီဖရာမြို့နဲ့ တခြား ဧရိယာတွေကို ပြန်သိမ်းနိုင်ခဲ့ပြီလို့ အစိုးရမီဒီယာက သီတင်းပတ်ကုန်ရက်က ကြေညာပါတယ်။
ဒီကြေညာချက်ကို သီးခြား လွတ်လွတ်လပ်လပ် စစ်ဆေးအတည်ပြုနိုင်တာတော့ မဟုတ်ပါဘူး။
တီဂရေး လူငယ်တွေဟာ သစ်ရွက်တွေလို ကြွေလွင့်နေရပြီး ဒီနေ့ကစလို့ သူတို့ ရှုံးနိမ့်လို့ လက်နက်ချပြီးပြီဆိုတာ သူတို့ သိသင့်တယ်လို့လည်း ၂၀၁၉ ခုနှစ်အတွက် နိုဘယ်လ်ငြိမ်းချမ်းရေး ဆုရှင်က ရုပ်သံထဲမှာ ပြောပါတယ်။
တီဂရေးတပ်ဖွဲ့ဝင်တွေဟာ မြို့တော် အဒစ်အဘာဘာကို ထိုးစစ်ဆင်ဖို့ ဒါမှမဟုတ် ကုန်းပိတ်နိုင်ငံ အီသီယိုပီးယားကို ဒေသတွင်း အကြီးဆုံး ဆိပ်ကမ်းနဲ့ ချိတ်ဆက်ထားတဲ့ စင်္ကြန်လမ်းကို ဖြတ်တောက်ဖို့ ခြိမ်းခြောက်ခဲ့ဖူးပါတယ်။
တီဂရေးတပ်တွေဟာ ၂၀၁၈ ခုနှစ်မှာ အာဘီ အာမဒ် အာဏာမရခင်အထိ နိုင်ငံရေးကို လွှမ်းမိုးထားခဲ့တာပါ။
မနှစ်က ပဋိပက္ခ ပေါ်ပေါက်အပြီး နိုင်ငံမြောက်ပိုင်းက စစ်ပွဲအတွင်း လူထောင်ချီ သေဆုံးပြီး လူသန်းချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။
အစောပိုင်းမှာ တီဂရေးတပ်တွေက ပြန်တိုက်ခံရပေမယ့် ဇူလိုင်မှာ ဒေသတွင်း နေရာအများစုကို ပြန်သိမ်းနိုင်ခဲ့ပြီး အိမ်နီးချင်း အမ်ဟာရာနဲ့ အာဖာ ဒေသတွေကိုပါ ထိုးစစ်ဆင်ခဲ့လို့ လူထောင်သောင်းချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။
အီသီယိုပီးယားနိုင်ငံ တီဂရေးဒေသတွင်းက တာဂိုဂွန်မြို့ကို ဇွန် ၂၂ ရက်က လေကြောင်းတိုက်ခိုက်မှုအပြီး ဒါဇင်နဲ့ချီတဲ့ လူတွေ သေဆုံးခဲ့ပါတယ်။
အသက် ၂ နှစ်အရွယ် မိန်းကလေး တစ်ယောက် ဆေးရုံကုတင်ပေါ်မှာ ဒဏ်ရာတွေနဲ့ လဲနေပုံ ရုပ်သံတွေကို ရိုက်တာသတင်းဌာနက ရခဲ့တယ်လို့ ရိုက်တာက ဇွန် ၂၃ ရက်မှာ ပြောပါတယ်။
ပြည်နယ်မြို့တော် မေခဲလေးရဲ့ မြောက်ပိုင်းမှာ လတ်တလောနေ့တွေအတွင်း တိုက်ပွဲ အသစ်တွေ မွစာကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဗုံးတစ်လုံးက အင်္ဂါနေ့ မွန်းလွဲ ၁ နာရီလောက် ဈေးထဲမှာ ပေါက်ကွဲခဲ့ပြီး ပစ်ခတ်မှုကြောင့် ခင်ပွန်းသည်နဲ့ အသက် ၂နှစ်အရွယ် သမီးတို့ ဒဏ်ရာရခဲ့တယ်လို့ အမျိုးသမီး တစ်ဦးက ပြောပါတယ်။
ပစ်ခတ်မှုကြောင့် လူ ၄၃ ယောက်ထက် မနည်း သေဆုံးခဲ့တယ်လို့ မျက်မြင် သက်သေတွေကို ကိုးကားပြီး ဆေးဘက်အရာရှိ တစ်ယောက်က ပြောပါတယ်။
လေကြောင်း ပစ်ခတ်မှုတွေဟာ ပုံမှန် စစ်ရေးဗျူဟာဖြစ်ပြီး သူတို့တပ်က အရပ်သားတွေကို ပစ်မှတ် မထားဘူးလို့ အီသီယိုပီးယား စစ်တပ် ပြောခွင့်ရက ပြောပါတယ်။ တိုက်ခိုက်မှုအပြီး မေခဲလေးမြို့ အိုင်ဒါရေဖာရယ်ဆေးရုံကို လူတချို့ ရောက်လာတဲ့ ရုပ်သံ လူမှုကွန်ရက် မီဒီယာပေါ်မှာ တွေ့ရပါတယ်။