အီသီယိုးပီးယားနိုင်ငံမှာ မကြာခင်ကဖြစ်ပွားခဲ့တဲ့ ပဋိပက္ခအတွင်း အကြမ်းဖက် ကျူးလွန်မှုတွေကို လွတ်လပ်တဲ့ နိုင်ငံတကာစုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့ ဝင်ရောက် စစ်ဆေးဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဒီဇင်ဘာ ၁၇ ရက်က ဆုံးဖြတ်ခဲ့ပါတယ်။
ဂျနီဗာရှိ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှာ ၄၇ နိုင်ငံအဖွဲ့ဝင်တွေက မဲခွဲခဲ့ပြီး၊ ၂၁ နိုင်ငံက စုံစမ်း စစ်ဆေးဖို့ ထောက်ခံမဲ ပေးခဲ့ပါတယ်။ တရုတ်နဲ့ ရုရှားအပါအဝင် ၁၅ နိုင်ငံက ဆန့်ကျင်မဲ ပေးပြီး၊ ၁၁ နိုင်ငံက ကြားနေခဲ့ပါတယ်။
နိုဝင်ဘာ ၄ ရက်ကစပြီး အစိုးရဖက်ဒရယ်တပ်ဖွဲ့နဲ့ တီဂရေးဒေသ လူထုလွတ်မြောက်ရေးတပ်ဦး (TPLF) တို့ကြား တိုက်ပွဲတွေကြီးကြီးမားမားဖြစ်ခဲ့ပြီး အစုလိုက်အပြုံလိုက် ဖမ်းဆီး နှိပ်စက်ခံ ရတာတွေ၊ အရပ်သား ထောင်ပေါင်းများစွာ သေဆုံးခဲ့တာတွေနဲ့ လူသန်းနဲ့ချီ ထွက်ပြေးရတာတွေ ဖြစ်ခဲ့ပါတယ်။
ယခု နှစ်ဘက်စလုံးရဲ့ ကျူးလွန်မှုတွေကို စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂက မဲခွဲဆုံးဖြတ်နိုင်ခဲ့တာကို ဥပရောပသမဂ္ဂနဲ့ အနောက်နိုင်ငံတွေက အားပေးထောက်ခံပါတယ်။
ဥရောပသမဂ္ဂကိုယ်စားလှယ် ဆလိုဗေးနီးယားသံအမတ် အနီတာ ပီပန်က “နိုင်ငံတကာအသိုင်းအဝိုင်း သူလုပ်စရာရှိတဲ့တာဝန်ကို စတင်ပါပြီ။ လူ့အခွင့်အရေးကောင်စီက နောက်ထပ်ဖြစ်လာမယ့် ကျူးလွန်မှုတွေကို ကာကွယ်ဖို့ သူ့တို့ အာဏာပါဝါကို အပြည့်အဝ အသုံးချမှာပါ” လို့ ပြောပါတယ်။
ကုလဆုံးဖြတ်ချက်ဟာ ကျွမ်းကျင်ပညာရှင်သုံးဦးပါ အဖွဲ့က တနှစ်အတွင်း အချက်အလက်တွေ စုဆောင်းမှုနဲ့ ကျူးလွန်ခဲ့မှုတွေကို သုံးသပ်အစီရင်ခံမှုနဲ့ စတင်ပါမယ်။
ကုလသမဂ္ဂဆိုင်ရာ အီသီယိုးပီးယားကိုယ်စားလှယ်က စွပ်စွဲချက်တွေအားလုံးဟာ တိုင်းပြည်တည်ငြိမ်ရေးအတွက် အကျိုးမရှိ၊ ကျူးလွန်မှုတွေကလည်း တီဂရေးဒေသသူပုန်တွေ ကြောင့်လို့ ပြောဆိုပြီး၊ ကုလလူ့အခွင့်ရေးကောင်စီ ဆုံးဖြတ်ချက်ကို ရှုတ်ချပါတယ်။