ပဲခူးတိုင်း၊ အုတ်တွင်းမြို့၊ ရန်ကုန်-မန္တလေး လမ်းဟောင်း Petro-K ဆီဆိုင်ရှေ့မှာ နိုဝင်ဘာ ၂၃ ရက် မနက် ၈ နာရီခွဲက ဆိုင်ကယ်နဲ့ Faw ကားတိုက်မိပြီး ဆိုင်ကယ်စီးလာတဲ့ အမျိုးသားနှစ်ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အုတ်တွင်းမြို့ မြန်မာ့စီးပွားရေးဘဏ်မှာ ပင်စင်လာထုတ်တဲ့ အမျိုးသားတစ်ဦး ငှားစီးလာတဲ့ ဆိုင်ကယ်ကယ်ရီကို Faw ကားက တိုက်မိပြီး တက်ကြိတ်ခဲ့လို့ အမျိုးသားနှစ်ယောက် ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ မြို့ခံတစ်ဦးကပြောပါတယ်။
“ဘုရားလေးကျေးရွာက ပင်စင်လာထုတ်တဲ့ ဦးလေးကြီး ကယ်ရီနဲ့လာတာ။ Faw ကားက အနောက်ကနေ တိုက်ပြီး တက်ကြိတ်တာ။ နှစ်ဦးစလုံး ပွဲချင်းပြီး သေသွားတယ်။ ပရဟိတအဖွဲ့က လာသယ်ပြီး ဆေးရုံကို ပို့နေတယ်။”
သေဆုံးသူမှာ ဘုရားလေးကျေးရွာမှ ပင်စင်လာထုတ်သူ ဦးတင်လှဖြစ်ပြီး ဆိုင်ကယ်ကယ်ရီ မောင်းနှင်သူမှာ ဦးကျင်ထူးဖြစ်ကာ နှစ်ဦးစလုံး အခင်းဖြစ်ရာနေရာတွင် သေဆုံးသွားလို့ အုတ်တွင်းဆေးရုံ ရင်ခွဲရုံကို ရင်ခုန်သံရှင်ရေးကူညီမှုအသင်းက ပို့ဆောင်ပေးခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။
“သေတဲ့သူနှစ်ဦးကို ရင်ခွဲရုံကိုပို့လိုက်တယ်။ ယာဥ်မောင်းကို ရဲတွေက စစ်ဆေးနေတယ်”လို့ ရှင်းပြပါတယ်။
လတ်တလောမှာ Faw ကားမောင်းသူအမျိုးသားကို အုတ်တွင်းမြို့မရဲစခန်းမှ ဖမ်းဆီး စစ်ဆေးနေတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ပဲခူးတိုင်း၊ အုတ်တွင်းမြို့၊ ကြက်သွန်ခင်း ၂ ရပ်ကွက်၊ ဦးဝင်းဖေလမ်းမှာရှိတဲ့ နာရေးအိမ်တအိမ်မှာ အောက်တိုဘာ ၁၁ ညနေပိုင်းက ဒလန်လို့လူသိများတဲ့ အမျိုးသား တယောက် သေနတ်နဲ့ ပစ်ခံရပြီး သေဆုံးသွားပါတယ်။
နာရေးအိမ်ရဲ့ လောင်းကစားဝိုင်းမှာ ဝင်ကစားနေတဲ့ စစ်ကောင်စီသတင်းပေး ခင်ညိုဦးဟာ ရင်ဘတ်ကို သေနတ်မှန်ပြီးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ညနေ ၆ နာရီလောက် ဆိုင်ကယ်တစ်စီးက နာရေးအိမ်မှာ လာပစ်သွားတာ။ ခင်ညိုဦး သေနတ် ၂ချက်ထိတယ်။ နေရာမှာပဲသေတယ်။ ခင်ညိုဦးက စစ်ကောင်စီ သတင်းပေးလို့ နာမည်ထွက်နေတာ။ ဘယ်သူပစ်လဲတော့ မသိလိုက်ဘူး”လို့ နာရေးအိမ်ဝန်းကျင်က ဒေသခံတစ်ဦးက ပြောပါတယ်။
နာရေးအိမ် လောင်းကစားဝိုင်း လူအုပ်ထဲကို ဆိုင်ကယ်တစ်စီးနဲ့ အမည်မသိ သေနတ်သမား ရောက်လာပြီး ပစ်ခတ်ခဲ့ရာ ခင်ညိုဦးရဲ့ ဝဲဘက်ရင်ညွန့်နဲ့ ဝဲလက်ဖျံတို့မှာ ကျည်ထိမှန်ပြီး အခင်းဖြစ်နေရာမှာ သေဆုံးသွားပါတယ်။
ဒါ့အပြင် လောင်းကစားဝိုင်းအတွင်းသို့ ဝင်ရောက်ပစ်ခတ်ခဲ့တဲ့အတွက် တခြားအမျိုးသားတစ်ဦး လည်း နားထင်မှာကျည်ထိမှန်စိုးရိမ်ရ ဒဏ်ရာရရှိပြီး နောက်ထပ် အမျိုးသားတစ်ဦးလည်း လက်ဖဝါး သေနတ်ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ပါတယ်။
သေနတ်ပစ်ခတ်မှုဖြစ်ခဲ့တဲ့အတွက် နာရေးအိမ်အနီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စုံစမ်းမေးမြန်းမှုတွေ ပြုလုပ်နေပါတယ်။