close

အုတ်ဖို

close

April 17, 2023

အုတ်ဖိုမြို့နယ်နှင့် သုံးဆယ်မြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ရဲများတိုက်ခိုက်ခံရ

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ဝိုင်းကျေးရွာရဲကင်းစခန်းကို  ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက  နွေဦးပိတောက်စစ်ဆင်ရေးအဖြစ် ဧပြီ ၁၆ ရက်မှာ စီးနင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်၂ ဦး သေဆုံးပြီး  ၁ ဦးဒဏ်ရာအပြင်းအထန် ရရှိသွားတယ်လို့ ပဲခူး PDF ကပြောပါတယ်။

ဝိုင်းကျေးရွာရဲကင်းစခန်းကို မနေ့ ည ၉ နာရီ မိနစ် ၂၀ လောက်က သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ က ဦးဆောင်ပြီး သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၁၊ တပ်ခွဲ၂ နဲ့ YOMA(GBK) ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲတွေက ၆၀ မမ ဗုံးသီး (၅)လုံး၊ ၄၀ မမ ဗုံးသီး ၇ လုံးတို့နဲ့ ပစ်ခတ်ပြီးနောက် လက်နက်ငယ်တွေနဲ့ စီးနင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

တိုက်ခိုက်မှုအတွင်း PDF တပ်ဖွဲ့တွေပစ်ခတ်တဲ့ ဗုံးသီး ၁၂ လုံးအနက်မှ ရဲစခန်းစည်းရိုး အပြင်ဘက်ကို ၃ လုံးကျရောက် ပေါက်ကွဲပြီး ကျန် ၉ လုံးက စခန်းအတွင်း ကျရောက် ပေါက်ကွဲခဲ့သလို ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာအပြင်းအထန် ရရှိခဲ့တယ်လို့ ပဲခူး PDF တွေက ပြောပါတယ်။

ဒါ့အပြင် ရဲကင်းဘန်ကာ၊ အချုပ်ခန်းဟောင်းနဲ့ စခန်းထဲမှ ဓမ္မာရုံတဝက်တို့မှာ ပြိုကျပျက်စီးသွားခဲ့ ပါတယ်၊

ရဲစခန်းအတွင်းကနေ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့လို့ PDF  ရဲဘော်နှစ်ယောက်  ခြေဖနှောင့်၊ လက်ဖျားတို့ မစိုးရိမ်ရဒဏ်ရာရရှိခဲ့တယ်လို့ ပဲခူးPDF တွေကဆိုပါတယ်။

အဆိုပါစစ်ဆင်ရေးမှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေဟာ စခန်းသိမ်းနိုင်တဲ့အထိ အသာစီးတိုက်ခိုက်နိုင်ခဲ့ပေမဲ့ စစ်ကူရောက်ရှိလာတာနဲ့၊ လက်နက်ခဲယမ်းလိုက်အပ်ချက်ကြောင့် ပြန်လည်ဆုတ်ခွာလာခဲ့ရတယ်လို့ ဆိုပါတယ်။

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင် သုံးဆယ်မြို့မှာတော့ မနေ့ည ၈ နာရီ မိနစ် လောက်က သင်္ကြန်မဏ္ဍပ်ကို လုံခြုံရေးယူနေတဲ့ ရဲတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ရဲ တဦး ပွဲချင်းပြီး သေဆုံးသွားတယ်လို့ သာယာဝတီဂဠုန်တပ်ဖွဲ့ကနေသိရပါတယ်

သာယာဝတီမြို့နယ်ရှိ သုံးဆယ်မြို့ ဗေဒင်ကုန်းရပ်ကွက်အနီး ရန်ကုန်-ပြည်ကားလမ်းမဘေး ကန်သာယာရေကန်ဘေးက စစ်ကောင်စီရဲ့ "We Love Thonze" သင်္ကြန်မဏ္ဍပ်အနီးတွင် လုံခြုံရေးယူနေတဲ့ ရဲတွေကို သာယာဝတီဂဠုန်တပ်ဖွဲ့က မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်

အဆိုပါတိုက်ခိုက်မှုကြောင့် ရဲ ၄ ဦးထက်မနည်း မိုင်းစထိမှန် ပြင်းထန်ဒဏ်ရာရခဲ့ပြီး ရဲ တယောက်တော့ နေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့  သာယာဝတီဂဠုန်တပ်ဖွဲ့ထံကနေ သိရပါတယ်။

ပဇီကြီးရွာကို လေယာဉ်နဲဗုံးကြဲတိုက်ခိုက်မှုကို လက်တုံ့ပြန်တဲ့ အနေနဲ့တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သာယာဝတီဂဠုန်တပ်ဖွဲ့က ပြောပါတယ်။

စစ်ကောင်စီရဲ့ထောက်တိုင်တွေကို ထပ်မံတိုက်ခိုက်သွားမှာဖြစ်လို့ ပြည်သူတွေအနေနဲ့ စစ်ကာင်စီတပ်ဖွဲ့ဝင်တွေရှိတဲ့နေရာတွေမှာ မနေကြဖို့လည်း ကြိုတင်အသိပေးလိုက်ပါတယ်။

3 hours Ago

March 10, 2023

ကဝမြို့နယ်၌ ပျူစောထီးခေါင်းဆောင် ၁ ဦး ပစ်ခတ်ခံရ၊ အုတ်ဖိုတွင် ပျူစောထီးအိမ်၌ တပ်စွဲထားသည့် စစ်တပ်တိုက်ခိုက်ခံရ

ပဲခူးတိုင်း၊ ပဲခူးခရိုင်၊ ကဝမြို့နယ် သရက်ကုန်းကျေးရွာမှာ ပျူစောထီးခေါင်းဆောင် တယောက်ကို သရက်ကုန်းဈေးထဲ ဆက်ကြေးကောက်ယူနေစဉ် မတ်လ ၁၀ ရက် ဒီနေ့မနက် ၇ နာရီခွဲမှာ ကဝမြို့နယ်ပကဖ က နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် သေနတ်ဖြင့် ပစ်ခတ်ခဲ့တယ်လို့ ပဲခူး PDF က ပြောပါတယ်။

အဆိုပါပစ်ခတ်မှုကြောင့် ပျူစောထီးခေါင်းဆောင် တင်မြင့် နေရာမှာပင် သေဆုံးသွားခဲ့ပြီး အခုအခါ သရက်ကုန်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပိတ်ဆို့ရှာဖွေနေတယ်လို့လည်း ပဲခူး PDF တွေက ပြောပါတယ်။

သရက်ကုန်းကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ယောက်လောက် အမြဲတမ်းတပ်စွဲထားပြီး အုပ်ချုပ်ရေးမှူး၊ ပျူစောထီးတွေနဲ့ ပူးပေါင်းကာ ပြည်သူလူထုကို ဒုက္ခမျိုးစုံပေးနေတယ်လို့ ပဲခူး PDF က ဆိုပါတယ်။

ပျူစောထီးခေါင်းဆောင် တင်မြင့်ဟာ သရက်ကုန်းရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တခြားကျေးရွာတွေကို ဆိုင်ကယ်နဲ့ လှည့်လည်ရာမှာ သူကိုယ်တိုင် သေနတ်လွယ် ဆိုင်ကယ်မောင်းပြီး နေ့ရောညပါ သတင်းပေး လမ်းပြပြုလုပ်တာ၊ သရက်ကုန်းကျေးရွာဈေးနဲ့ လောင်းကစားဒိုင်တွေမှာ ဆက်ကြေးကောက်တာနဲ့ ပြည်သူကို ခြိမ်းခြောက်ဖိနှိပ်ငွေညှစ်၊ မတရားစွပ်စွဲဖမ်းဆီး ထောင်ချခိုင်းတာတွေကြောင့် နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ပစ်ခတ်ခဲ့တာလို့ ကဝမြို့နယ်ပကဖက ထုတ်ပြန်ပါတယ်။

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်မှာလည်း ထန်းပင်ကုန်းကျေးရွာရှိ ရာအိမ်မှူး ပျူစောထီး မျိုးဝင်းနေအိမ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မတ်လ ၉ ရက် မနက် ၂ နာရီ ၁၅ မိနစ်က သာယာဝတီခရိုင် PDF တပ်ရင်း-၃၈၀၂၊ တပ်ခွဲ-၄ နဲ့ တပ်ခွဲ-၅ တို့ပူးပေါင်းပြီး သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပဲခူး PDF ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။

အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုကို ဆက်လက်အတည်ပြု စုံစမ်းနေသလို ရာအိမ်မှူး ပျူစောထီးမျိုးဝင်းဟာ မိသားစုဝင်တွေနဲ့ ခမရ-၆ ထဲ ပြောင်းရွှေ့နေထိုင်နေတယ်လို့ ဆိုပါတယ်။

ရာအိမ်မှူး ပျူစောထီးမျိုးဝင်းရဲ့ နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအတွက် ကင်းစခန်းအဖြစ် အသုံးပြုခွင့်ပေးထားပြီး သူဟာ စစ်ကောင်စီတပ်ရဲ့ အမာခံ လက်ရုန်းပျူစောထီးတဦး ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါစစ်ဆင်ရေးမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ပဲခူး PDF က ဆိုပါတယ်။

ပဲခူး သာယာဝတီခရိုင်ဘက်က စစ်ကောင်စီတပ်တွေကို ပဲခူး PDF တွေက မကြာခဏ အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်လေ့ရှိပြီး စစ်ကောင်စီဘက်က ထိခိုက်ကျဆုံး များပြားနေပါတယ်။

1 month Ago
Up