ကျုံပျော်မြို့နယ်အုပ်ချုပ်ရေးမှုးရုံးမှာ ဒီနေ့ မနက် ၈ နာရီက ဗုံးသုံးကြိမ်ပေါက်ခဲ့ရာ မြို့နယ်ရဲတပ်ဖွဲ့မှူး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အောင်ဆန်းရပ်ကွက် မြို့နယ်အားကစားကွင်းနဲ့ ကပ်လျက်မှာရှိတဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှာ ဒီနေ့ မနက် ဗုံးပေါက်ခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။
"ထွေအုပ်ရုံးက ပုသိမ်-မုံရွာလမ်းပေါ်မှာရှိတာ ရဲစခန်းရော၊ ထွေအုပ်ရော၊ ခလရ ၃၆ ရောရှိတယ်။ ဗုံးပေါက်တယ်ဆိုပြီး မြို့နယ်မှူးတွေ စီမံဥက္ကဋ္ဌ တွေရောက်လာမှ နောက်နှစ်လုံးထပ်ပေါက်တာ၊ မြို့နယ်ရဲမှူးတွေရောက်လာမှ ပေါက်တာ။"
ပေါက်ကွဲမှု့ဖြစ်ပြီးနောက် မြို့နယ်ရဲတပ်ဖွဲ့မှုးကို လူနာတင်ယာဥ် နဲ့ ကျုံပျော်မြို့နယ်ဆေးရုံကို ပို့ဆောင်ထားတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ပြောပါတယ်။
"သတင်းကတော့မှန်တယ်၊ ကျနော်သိတာနှစ်ယောက် သူတို့က မြို့နယ်မှူးပဲ ထိတယ်လို့ပြောတယ်။ အမှန်က စီမံဥက္ကဋ္ဌလည်းထိတယ်။ အခု ခလရ ၃၆ က တွေ့သမျှ လူကို ဖုန်းတွေရော ဆိုင်ကယ်တွေရော စစ်တာ။"
လက်တလောမှာ ကျုံပျော်မြို့နယ် ဌာနဆိုင်ရာရုံးရှေတွေမှာ တပ်နဲ့ ရဲတွေက ပိတ်ဆို့စစ်ဆေးခဲ့ တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့နှစ် စက်တင်ဘာ ၂၆ ရက် မနက်ကလည်း မြို့နယ်ထွေအုပ်ရုံးနဲ့ရဲစခန်းနားမှာ ဗုံးပေါက်ကွဲခဲ့ လို့ ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိပါတယ်။
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်မှာ ဧပြီ ၂၈ ရက်က အုပ်ချုပ်ရေးမှူးရုံးမီးလောင်မှုကနေ လူနေအိမ် ၄ လုံးပါ မီးလောင်ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ခမောက်စုကျေးရွာအုပ်စုက စက်ပိုင်(၁)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကနေ ဝါယာရှော့ဖြစ်ကာ မီးစတင် လောင်ကျွမ်းခဲ့တာဖြစ်ပြီး လူနေအိမ်တွေကို မီးကူးစက်လောင်ကျွမ်းခဲ့တာလို့ဆိုပါတယ်။
ဒေသခံတဦးက “အုပ်ချုပ်ရေးမှူးရုံးကနေ စလောင်တာ အားလုံးဝိုင်းသတ်ပေမဲ့ မီးကများတော့ မနိုင်လို့ အိမ်တွေကို ဆက်ကူးတာ။ ရပ်ကွက်ထဲက အိမ်အားလုံးမကူးတာ ကံကောင်းတာလို့ ပြောရမယ်။ အားလုံးကတော့ ဝါယာရှော့ဖြစ်တယ်လို့ ပြောနေတယ် သေချာတော့ မသိရသေးဘူး”လို့ ပြောပါတယ်။
အုပ်ချုပ်ရေးမှူးရုံးကနေ စတင်လောင်ကျွမ်းတဲ့ မီးဟာ လောင်ကျွမ်းအားကောင်းတာကြောင့် မီးသတ်၊ လူမှုကူညီရေးအဖွဲ့နဲ့ ဒေသခံတွေပေါင်းပြီး မီးငြိမ်းသတ်ပေမယ့် လူနေအိမ် ၄ လုံးလောက် မီးလောင်ကျွမ်း ပြီးမှသာ မီးကိုထိန်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
မီးလောင်ကျွမ်းမှုကြောင့် အုပ်ချုပ်ရေးမှူးရုံးနဲ့ လူနေအိမ် ၄ လုံးပျက်စီးဆုံးရှုံးခဲ့ပေမယ့် လူသေဆုံး ထိခိုက်ဒဏ်ရာရတာမျိုးတော့ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
လေးမျက်နှာမြို့နယ်မှာ မီးလောင်ကျွမ်းမှုဟာ ဟင်္သာတခရိုင်အတွင်း တတိယအကြိမ်မီးလောင်ကျွမ်းမှုဖြစ်တယ်လို့ ခရိုင်မီးသတ်တပ်ဖွဲ့ရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။