မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဝန်လဲ အထက်စုရွာကို ဇန်နဝါရီ ၈ ရက် မနက်ပိုင်းမှာ စစ်ကောင်စီစစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့လို့ ရွာလုံးကျွတ်နီးပါး မီးလောင်ကျွမ်းခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ပေါက်မြို့နယ်တောင်ပိုင်းက ဝန်လဲ အထက်စုကျေးရွာကို ဇန်နဝါရီ ၇ ရက် ညနေမှာ စစ်ကြောင်းထိုးဝင်ရောက်ပြီး ညအိပ်စခန်းချကာ ဇန်နဝါရီ ၈ ရက် မနက် ၇ နာရီကျော်လောက်က မီးရှို့ဖျက်ဆီးခဲ့ကြတာလို့ ဝန်လဲ (အထက်စု) ရွာ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။
“ကျနော်တို့ရွာက အိမ်ခြေ ၇၀ လောက်ရှိပြီး စစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့လို့ ရွာလုံးကျွတ်နီးပါး မီးလောင်ပြာကျခဲ့ကာ စားနပ်ရိက္ခာတွေ အသုံးအဆောင်ပစ္စည်းတွေ အားလုံး မီးထဲပါသွားတယ်။ စစ်ကြောင်းထိုးလာတော့ အဝတ်တထည် ကိုယ်တခုနဲ့ ဘေးလွတ်ရာ တောတောင်ထဲတွေကို ထွက်ပြေးခဲ့ရပြီး သစ်ပင်အောက်တွေ နွားလှည်းအောက်တွေမှာ ဖြစ်သလို နေထိုင်ခဲ့ရပြီး အမိုးအကာ၊ အနွေးထည်၊ စောင်၊ ခြင်ထောင်၊ ခေါင်းအုံး၊ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ အကူအညီ လိုအပ်နေတယ်။”
ပေါက်မြို့နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်း စစ်ကောင်စီစစ်ကြောင်းက ကျေးရွာတွေကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့လို့ အိမ်ခြေပေါင်း ၃,၃၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ရပြီး မကွေးတိုင်းအတွင်းမှာ အများဆုံး မီးရှို့ခံရတဲ့မြို့နယ်ဖြစ်တယ်လို့ သိရပါတယ်။
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ ဇန်နဝါရီ ၇ ရက် ညက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးရဲ့ နေအိမ်ကို ပ.က.ဖတပ်ဖွဲ့က ဝင်ရောက်စီးနင်းပြီး ကားတစီးနဲ့ လက်ကိုင်ဖုန်းတလုံး သိမ်းဆည်းနိုင်ခဲ့တယ်လို့ သရက်၊ ကံမ၊ မင်းတုန်း ပူပေါင်း ပ.က.ဖ Eagle Force တပ်ဖွဲ့ကနေ သိရပါတယ်။
မင်းတုန်းမြို့နယ် စပတန်းကျေးရွာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးဖိုးပြားနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ယောက် ဝိုင်းဖွဲ့အရက်သောက်နေတာကို ဇန်နဝါရီ ၇ ရက် ည ၉ နာရီလောက်မှာ ပူးပေါင်း ပ.က.ဖ တပ်ဖွဲ့ Eagle Force က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့လို့ ကစဥ်ကလျား ထွက်ပြေးသွားတယ်လို့ Eagle Force ပူးပေါင်း ပ.က.ဖ ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ဒီဗွီဘီကို ပြောပါတယ်။
အဲဒီ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနဲ့ စစ်သားတွေ ထွက်ပြေးသွားပြီးနောက် Double Cab ကားတစီးနဲ့ လက်ကိုင်ဖုန်းတလုံး ကျန်ခဲ့တဲ့အတွက် ကားကိုတော့ မိုင်းခွဲဖျက်ဆီးလိုက်လို့ မီးလောင်ပျက်စီးသွားပြီး လက်ကိုင်ဖုန်းတလုံးကိုတော့ သိမ်းယူခဲ့တယ်လို့ ဆိုပါတယ်။
“အဲဒီအုပ်ချုပ်ရေးမှူးနဲ့ စစ်သားတွေဟာ ညတိုင်း အရက်ဝိုင်းဖွဲ့စားသောက်ပြီး ပုသိမ်-မုံရွာ ကားလမ်းပေါ်က ဖြတ်သွားဖြတ်လာ ကားတွေဆီက ငွေကြေးတွေ မတရား တောင်းယူနေသလို အဲဒီအုပ်ချုပ်ရေးမှူးက သတင်းပေးခဲ့လို့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလထဲမှာ ကျနော်တို့တပ်ဖွဲ့က သေနတ်အရှည် ၂ လက် သိမ်းဆည်းခံခဲ့ရတယ်” လို့ ကိုမြတ်က ပြောပါတယ်။
မင်းတုန်းမြို့နယ် လက်ပွကျေးရွာမှာ ဒီဇင်ဘာ ၁၅ ရက် မနက်ကလည်း စစ်ကောင်စီ သတင်းပေးတယောက် ရှင်းလင်းခံရလို့ စစ်ဆေးဖို့လာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၁ ယောက် သေဆုံးကာ ၅ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သရက်၊ ကံမ၊ မင်းတုန်း Eagle Force ပူးပေါင်း ပ.က.ဖ ကနေ သိရပါတယ်။
မကွေးတိုင်း၊ နတ်မောက်မြို့၊ မြို့မကွက်သစ်ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးနေအိမ်နဲ့၊ မြို့သစ်မြို့နယ် လူးလဲရွာက မိုင်တဲလ်တာဝါတိုင်တွေကို မေလ ၂၀ ရက် မနေ့ည ၁၁ နာရီခွဲလောက်က ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်က မိုင်း ၄ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ဗိဿနိုး-PDF ရဲ့ ပြန်ကြားရေးတာဝန်ခံဗိုလ်ထန်ထွဋ်က ပြောပါတယ်။
ဖောက်ခွဲမှုကြောာင့် နတ်မောက်မြို့က စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်ရဲ့ နေအိမ် ထိခိုက်မှုရှိနိုင်သလို စစ်တပ်ပိုင် မိုင်တဲတာဝါတိုင်ကတော့ အောင်ပိုင်းစက်တွေအကုန် ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
“စစ်ကောင်စီခန့်အုပ်ကြီးကိုတော့ စစ်ကောင်စီနဲ့ ပေါင်းပြီး ပြည်သူကို နည်းမျိုးစုံနဲ့ ဒုက္ခပေးနေလို့ သတိပေးတဲ့အနေနဲ့ ဖောက်ခွဲခဲ့တာဖြစ်တယ်။ စစ်ကောင်စီရဲ့ အဓိကစီးပွားရေး ဒေါက်တိုင်တစ်ခုဖြစ်တဲ့ မိုင်တဲတာဝါတိုင်ကိုတော့ စစ်ကောင်စီရဲ့ ဝင်ငွေတွေကို ဖြတ်တောက်တဲ့ အနေနဲ့ ဖောက်ခွဲ ဖျက်ဆီးခဲ့တာ”လို့ ဗိဿနိုး-PDF ရဲ့ ပြန်ကြားရေးတာဝန်ခံဗိုလ်ထန်ထွဋ်က ပြောပါတယ်။
လက်ရှိအချိန်ဟာ မိုးတွင်းဖြစ်တဲ့အတွက် တော်လှန်ရေးအဖွဲ့တွေ မြေပြင်မှာနေရ ထိုင်ရတာ အခက်အခဲတွေအများကြီးရှိနေတယ်လို့လည်းဆိုပါတယ်။
“ကျနော်တို့ အဖွဲ့ထဲမှာ ခေါင်းဆောင်ပိုင်း တချို့ဖမ်းခံရပြီး တချို့ကအဝေးမှာ ရှောင်တိမ်နေရတယ်။ ထုတ်လုပ်ရေးစခန်းခွဲတွေသိမ်းခံရတာတွေရှိတယ်။ လက်နက်တွေအသိမ်းခံရတာတွေရှိတော့ ပြန်လည်စုစည်းလက်နက်ပြန်ရှာရပေါ့။ အလှုရှင်ကလည်း ဗိဿနိုးက ဘာမှ မလုပ်တော့ဘူးဆိုပြီး မလှူတော့တာတွေရှိတော့ ကျနော်တို့မယ် အခက်အခဲတွေအများကြီးဖြစ်ရတယ်။ အခုတော့ ရတာလေးနဲ့ ရှိတာနဲ့ဆက်လက်လုပ်ဆောင်နေပါတယ်”လို့ ဗိုလ်ထန်ထွဋ်ကပြောပါတယ်။
ဗိဿနိုးPDF အနေနဲ့ ပြည်သူ့ကာကွယ်ရေး ညီနောင်မဟာမိတ်တပ်တွေနဲ့ ပူးပေါင်းကာ စစ်အာဏာရှင်စနစ် အမြစ်ပြုတ်တဲ့ အထိတိုက်ခိုက်သွားမှာဖြစ်လို့ ပြည်သူလူထုအနေနဲ့ ပူးပေါင်းပါဝင်ပေးကြဖို့ တိုက်တွန်းထားပါတယ်။