ပဲခူးတိုင်း၊ သဲကုန်းမြို့နယ် ဗြဟ္မာ့အင်းကျေးရွာအုပ်စုမှာ တာဝန်ကျတဲ့ နယ်ထိန်းရဲတပ်သား ကိုဇေယျာအောင် (၂၇နှစ်) ကို နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် TPDF တပ်ခွဲ-၄ မြို့ပြပြောက်ကျားအဖွဲ့က ဧပြီ ၁၉ ရက် မွန်းလွဲ ၂ နာရီခွဲမှာ ကွင်းကြီးကျေးရွာအနီး တောစပ်တနေရာမှာ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ပြည်ခရိုင်ပကဖ တပ်ခွဲမှူး ဗိုလ်ဆူးထက်က ပြောပါတယ်။
နယ်ထိန်းရဲတပ်သား ကိုဇေယျာအောင်ဟာ နယ်ပိုင်ကျေးရွာအုပ်စုအတွင်းမှာ အုပ်ချုပ်ရေးမှူးတွေနဲ့ ပူးပေါင်းပြီး လောင်းကစားဝိုင်းတွေကို ဆက်ကြေးကောက်ခံတာ၊ အုပ်စုအတွင်းရှိ တောင်သူတွေထံက စိုက်ဘဏ်ချေးငွေ၊ သမဝါယမချေးငွေတွေကို စစ်ကောင်စီလက်အောက်ခံ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး အတင်းအကျပ် တောင်းခံပေးတာတွေလုပ်နေသူ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် သစ်မှောင်ခိုလုပ်ကိုင်သူတွေထံမှ ငွေကြေးကောက်ခံပြီး တရားမဝင် ခွင့်ပြုလုပ်ကိုင်စေတာ၊ ကျေးရွာအုပ်စုအတွင်းရှိ စကစထောက်ခံသူတွေနဲ့ ပူးပေါင်းပြီး ပျူစောထီးအဖွဲ့ကို ကိုယ်တိုင်ဦးဆောင်စည်းရုံးဖွဲ့စည်းဆောင်ရွက်ဖို့ ကြိုးစားနေတာ၊ စစ်ကောင်စီအလိုကျ ဆောင်ရွက်လုပ်ကိုင်ပေးနေတာတွေရှိနေတဲ့အကြောင်း ပြည်သူတွေရဲ့ သတင်းပေးပို့ချက်အရ အခုလို သုတ်သင်ရှင်းလင်းလိုက်တာလို့ ပြည်ခရိုင် ပကဖတပ်ခွဲမှူး ဗိုလ်ဆူးထက်က ပြောပါတယ်။
“ကျနော်တို့ ထပ်မံစိစစ်ရာ မှန်ကန်တဲ့အတွက် သူလာတဲ့လမ်းကြောင်းမှာ စောင့်ပြီး ပစ်ခတ်ရှင်းလင်းခဲ့တာ၊ နေရာတင် ပွဲချင်းပြီးသေဆုံးသွားပါတယ်။ သူ့ကို အရှင်ဖမ်းပြီး သူ့ဆီက သဲကုန်းမြို့နယ်အတွင်း စစ်ကောင်စီလုပ်ဆောင်နေတဲ့ လျှို့ဝှက်လုပ်ငန်းတွေကို စစ်ဆေးမေးမြန်းဖို့ လက်နက်ချခိုင်းပေမဲ့ သူက အသင့်ပါလာတဲ့ G3 သေနတ်နဲ့ စပြီး ပစ်ခတ်တဲ့အတွက် ကျနော်တို့က လက်ဦးမှုရယူပြီး ဆီးစပ်ကိုတချက်၊ နားထင်တချက်၊ ရင်ညွန့်တချက် စုစုပေါင်း ကျည် ၃ တောင့်နဲ့ ၃ ချက် ပစ်ခတ်ရှင်းလင်းလိုက်တယ်။”
နယ်ထိန်း ကိုဇေယျာအောင်ထံကနေ G3 သေနတ် ၁ လက်၊ ကျည်ဘောက် ၂ ခု၊ ကျည် ၁၁၉ တောင့်၊ ဖုန်း ၁ လုံး၊ ဆိုင်ကယ် ၁ စီး၊ လက်ထိပ်ကွင်း ၁ ခု၊ ဘေးလွယ်အိတ် ၁ လုံး သိမ်းဆည်းရမိခဲ့ပါတယ်။
ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်မှာလည်း ဖန်းကိုင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအေးနိုင်ကို ဧပြီ ၁၉ ရက် မွန်းလွဲ ၁ နာရီလောက်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ပစ်ခတ်ရှင်းလင်းခဲ့လို့ ပွဲချင်းပြီး သေဆုံးသွားတယ်လို့ ပဲခူး PDF တွေက ပြောပါတယ်။
စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးအေးနိုင်ဟာ ကျေးရွာသားတွေအပေါ် အနိုင်ကျင့်ဗိုလ်ကျနေသူဖြစ်ပြီး သဖန်းကိုင်းရွာနဲ့ ကြိုပင်ဝိုင်းရွာကြား လမ်းမပေါ်မှာ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF၊ ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၁၊ တပ်ခွဲ ၅ (နွေဦးအဖွဲ့) က သေနတ်နဲ့ နှစ်ချက်ပစ်ခတ်ခဲ့ရာ နေရာမှာပဲ ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ပဲခူး PDF က ပြောပါတယ်။
အုပ်ချုပ်ရေးမှူး ဦးအေးနိုင်ရဲ့ သားဖြစ်သူဟာ စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်ဗိုလ်တဦးဖြစ်ပြီး ကျေးရွာသားတွေအပေါ် အနိုင်ကျင့်ဗိုလ်ကျရုံတင်မကဘဲ သူ့ရဲ့အိမ်မှာ အရက်ဆိုင်ဖွင့်ထားသူလို့လည်း သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့နဲ့ ရဲတပ်ဖွဲ့တို့ကို အပတ်စဉ် စားဝိုင်းသောက်ဝိုင်းတွေ ပြုလုပ်ကာ ကျွေးမွေးဧည့်ခံနေသူတဦးလည်းဖြစ်သလို သမချေးငွေ၊ စိုက်ပျိုးရေးချေးငွေတွေနဲ့ လောင်းကစားဒိုင်တွေက ဆက်ကြေးကို ကိုယ်တိုင် အတင်းအဓ္မကောက်ခံပြီး စစ်ကောင်စီထံ ပေးနေသူလည်းဖြစ်တယ်လို့ ပဲခူး PDF က ဆိုပါတယ်။
ဒါ့အပြင် ကျေးရွာအုပ်စုအတွင်းရှိ လူငယ်လူရွယ်တချို့ကို စစ်တပ်ထဲဝင်ဖို့ စည်းရုံးနေသူလည်း ဖြစ်ပါတယ်။
ရဲနဲ့ စစ်သားတွေအနေနဲ့ အကြမ်းဖက်စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်ခြင်း မပြုဖို့နဲ့ ဌာနဆိုင်ရာ လူကြီးတွေလည်း မိမိတို့ဌာန လုပ်ငန်းအဆင်ပြေရေးကို ဦးစားပေးပြီး ပြည်သူကို ငဲ့ညှာမှုမပြုဘဲ စစ်ကောင်စီအလိုကျ ဝင်ငွေရရှိအောင် ထောက်ပံ့ဆောင်ရွက်ပေးတာ၊ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေနဲ့ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေအနေနဲ့ လူသတ်၊ မီးရှို့၊ မုဒိမ်းကျင့် အကြမ်းဖက်လုပ်ရပ်တွေကို လုပ်ဆောင်နေတဲ့ အကြမ်းဖက်စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်ခြင်း မပြုဖို့၊ ပြည်သူတွေအနေနဲ့လည်း အဲဒီလူတွေအနီး နေထိုင်သွားလာ ဆက်ဆံတာတွေ မပြုလုပ်ဖို့ ထပ်မံသတိပေးထားပါတယ်။
အခုလို တားမြစ်နေတဲ့ကြားက အကြမ်းဖက်စစ်ကောင်စီရဲ့ လုပ်ငန်းတွေမှာ ပူးပေါင်းပါဝင်ဆောင်ရွက်တာ၊ မိမိကိုယ်ကျိုးစီးပွားအတွက်သာကြည့်ပြီး ပြည်သူလူထုကို ဖိနှိပ်ဖို့ အကြမ်းဖက်စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်လုပ်ကိုင်နေတဲ့ မည်သူ့ကိုမဆို ရှင်းလင်းသုတ်သင်သွားမှာဖြစ်ကြောင်း PDF တွေကအသိပေး ထုတ်ပြန်ထားပါတယ်။
မကြာခင်ကျရောက်မယ့် သင်္ကြန်ပွဲတော်မှာ စစ်ကောင်စီက ရန်ကုန်၊ မန္တလေး၊ နေပြည်တော် မြို့ကြီးတွေ အပါအဝင် သူတို့ထိန်းချုပ်လို့ရတဲ့ မြို့တွေမှာ ရေကစားမဏ္ဍပ်တွေ အပါအဝင် လမ်းလျှောက်သင်္ကြန်ပွဲတော်တွေပါ ကျင်းပဖို့ စီစဉ်နေပါတယ်။
ပြင်ဦးလွင်မြို့မှာလည်း ကန်တော်ကြီး လမ်းလျှောက်သင်္ကြန် ကျင်းပဖို့ စီစဉ်နေပြီး လမ်းလျှောက်သင်္ကြန် စည်ကားအောင် မြို့နယ်အတွင်းက ရွာတွေမှာ ရွာခံတွေကို မဖြစ်မနေ သင်္ကြန်ပွဲလာဖို့ စည်းရုံးတာတွေ ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပြင်ဦးလွင်မြို့ ဒေသခံတဦးက “လောလောဆယ်တော့ သူတို့က ရွာအုပ်ချုပ်ရေးမှူးတွေ လူကြီးတွေကနေတဆင့် ဒီနှစ် ကန်တော်ကြီးမှာ လမ်းလျှောက်သင်္ကြန်ရှိတယ်။ အဲဒါ စည်ကားအောင် မဖြစ်မနေ လာပေးပါလို့ ပြောတာတွေရှိတယ်။ ဒါပေမဲ့ ဝင်ချင်းတိုင်းဝင် ထွက်ချင်တိုင်းထွက်လို့ မရဘူး။ သူတို့ အသိအမှတ်ပြု ကတ်ပြားတွေနဲ့ ဝင်ရမယ်။ လုံခြုံရေးတွေလည်း ချထားမယ်ပြောတယ်။ လက်ရှိတော့ ကန်တော်ကြီးနားမှာ မဏ္ဍပ်ကြီးတခု ဆောက်ပြီးပြီ။ ရှင်းရှင်းပြောရင် မြို့ခံတွေကတော့ ဒီသင်္ကြန်ကို စိတ်မဝင်စားဘူး။ ဒီဂျေတွေကော သင်္ကြန်မုန့်ဈေးတန်းတွေပါ ပါမယ်ပြောတယ်။ ပုံမှန်တော့ ပြင်ဦးလွင်ကို ဧည့်သည်တွေ အလာများတယ်။ မြို့ခံတွေက အေးအေးဆေးဆေးပဲ။ လည်တဲ့သူတွေကလည်း လည်ကြပေါ့။ ပြင်ဦးလွင်ကတော့ အရင်ကတည်းက သင်္ကြန်ဆို တအားစည်တဲ့ထဲ မပါဘူး၊ ပုံမှန်ပါပဲ။ အခု လမ်းလျှောက်သင်္ကြန်အတွက်တော့ ဆိုင်ခန်းတွေ စရောင်းနေပြီ” လို့ ဒီဗွီဘီကို ပြောပါတယ်။
လက်ရှိ ပြင်ဦးလွင် လမ်းလျှောက်သင်္ကြန်အတွက် ကန်တော်ကြီးထဲမှာ ဖွင့်လှစ်မယ့် မုန့်ဈေးတန်းအတွက် ဆိုင်ခန်းခဈေးနှုန်းတွေက ဧပြီ ၁၁ ရက်ကနေ ၁၇ ရက်အထိ မနက် ၉ နာရီကနေ ည ၈ နာရီအထိ ရောင်းချနိုင်ပြီး ငှားခ အပြီးအစီး ၅ သိန်းဝန်းကျင်လို့ သိရပါတယ်။
စစ်ကောင်စီဟာ တခြားနယ်မြို့တွေမှာလည်း သင်္ကြန်ပွဲတော်တွေကို စည်ကားအောင် ကျင်းပဖို့ စီစဉ်ညွှန်ကြားထားပြီး ပြီးခဲ့တဲ့ရက်အတွင်းကလည်း ပြည်နယ်အစိုးရ အဖွဲ့ဝင်အားလုံး သင်္ကြန်ပွဲမှာ ပါဝင်ရေကစားဖို့ လျှို့ဝှက်ညွှန်ကြားထားတဲ့ စာတစောင် လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပါတယ်။
တော်လှန်ရေးအင်အားစုတွေကတော့ စစ်ကောင်စီရဲ့ သင်္ကြန်ပွဲတော်တွေမှာ ပြည်သူတွေ မပါဝင်ကြဖို့၊ သင်္ကြန်မှာ ကိုယ့်မိသားစုနဲ့သာ အေးအေးချမ်းချမ်း ဆင်နွှဲကြဖို့ မေတ္တာရပ်ခံထားပါတယ်။
Dark Shadow မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင် ရဲဘော် စီဂျီက “ကျနော်တို့ပြည်သူတွေကို ကျနော်တို့ယုံတယ်။ စစ်ကောင်စီရဲ့သင်္ကြန်မှာ ဘယ်သူတွေပါမလဲဆိုတာတော့ အသိသာကြီးပဲ။ ထုံးစံအတိုင်း ၅,၀၀၀ စားတွေနဲ့ (--)အပေါင်းအသင်းတွေကပါ သူတို့ရဲ့ပွဲကို လာကြမှာပေါ့။ ဆိုတော့ Silent Strike တုန်းကလည်း ရန်ကုန်မှာ အောင်မြင်ခဲ့တယ်။ ဒီသင်္ကြန်မှာလည်း ပြည်သူတွေ ပါဝင်ကြပါ။ အောင်မြင်မှာပါ။ နောက်ပြီးတော့ ပြောချင်တာက သင်္ကြန်ပွဲတော်ဆိုတာ ဒီနှစ်မှ ပျော်ရွှင်ရမှာမဟုတ်ဘူး။ မိသားစုတွေနဲ့ ပြန်မဆုံနိုင်တဲ့ ကျနော်တို့ရဲ့ ရဲဘော်ရဲဘက်တွေ အများကြီးရှိတယ်။ ဒီရဲဘော်ရဲဘက်တွေနဲ့ အတူ အောင်ပွဲရပြီးတော့ တော်လှန်ရေးအောင်မြင်မှသာလျှင် ကျနော်တို့နိုင်ငံမှာရှိတဲ့ ပြည်သူတွေက တကယ်ပျော်ရမှာ ဖြစ်တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
စစ်ကောင်စီဟာ ရန်ကုန်မှာ မြို့တော်ခန်းမရှေ့ မဏ္ဍပ်ကြီးတခု တည်ဆောက်နေပြီး ပြည်သူ့ရင်ပြင်ထဲမှာ မဏ္ဍပ် ၂ ခုနဲ့ လမ်းလျှောက်သင်္ကြန် ကျင်းပဖို့ စီစဉ်ထားပါတယ်။ ဒါ့အပြင် မန္တလေးမှာလည်း မြို့တော်မဏ္ဍပ် ဆောက်လုပ်နေပြီး စီးပွားဖြစ်မဏ္ဍပ်တွေ ဆောက်လုပ်ခွင့် ပြုထားပေမဲ့ လက်ရှိအချိန်ထိတော့ မဏ္ဍပ်တွေဆောက်လုပ်တာ မတွေ့ရသေးပါဘူး။ ရခိုင်ပြည်နယ်မှာလည်း သင်္ကြန်ပွဲကျင်းပဖို့ စစ်ကောင်စီနဲ့ ရခိုင့်တပ်တော် (အေအေ) နဲ့ အပြိုင်အဆိုင် စီစဉ်နေတာတွေ ရှိပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေဟာ တဖက်မှာ တော်လှန်ရေးအားကောင်းတဲ့ ဒေသတွေက ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ သတ်ဖြတ်တာနဲ့ ဖမ်းဆီးနှိပ်စက်တာတွေ ပြုလုပ်နေပြီး တဖက်မှာလည်း တိုင်းပြည် အေးချမ်းနေတာကို ပြချင်တဲ့အတွက် ပျော်ပွဲရွှင်ပွဲတွေ အတင်းအကျပ် ဖန်တီးနေပါတယ်။