ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်မှာ ကုန်တင်ကားတွေပေါ် အုပ်စုဖွဲ့ လိုက်လံခိုးယူနေတဲ့အဖွဲ့ကို ဒီဇင်ဘာ ၈ ရက် ဒီကနေ့ မနက်ပိုင်းက ရဲတွေက ဖမ်းဆီးခဲ့ပါတယ်။
ရန်ကုန်-ညောင်တုန်းလမ်းမကြီးပေါ်မှာ ဒီကနေ့ မနက်ပိုင်းက ကုန်တင်ကားတွေပေါ်ရှိ ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန် စတဲ့ ကုန်ပစွည်းတွေကို လိုက်လံခိုးယူနေတဲ့ ကိုဖြိုး အပါအဝင် ခြောက်ဦးကို စစ်ကောင်စီတပ်နဲ့ ရဲတွေက လှည့်ကင်းလှည့်နေချိန်တွေ့ရှိ ဖမ်းဆီးခဲ့တာလို့ ၇ ရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။
‘ဒီလူတွေက အုပ်စုလိုက်တက်ခိုးတာ ဘယ်သူမှမပြောရဲဘူး။ အကုန်လုံးက ဓားတွေကိုယ်စီပါတာ။ တွေ့လည်း မသိချင်အောင်ဆောင်နေရတယ်။ ပြောရင် အသတ်ခံရမှာစိုးလို့ အခုမိသွားပြီဆိုပေမဲ့ ပြန်မလွှတ်ရင်ကောင်းတာပေါ့။ ပြန်လွှတ်ရင်တော့ နောက်ထပ်ဖြစ်နေမှာပဲ။”
ကုန်တင်ကားပေါ်မှာ ပါလာတဲ့ကုန်ပစ္စည်းတွေ လိုက်လံခိုးယူနေသူတွေကို ဒုစရိုက်လောကမှာ လေထီးလို့ခေါ်ပြီး ရန်ကုန်အဝေးပြေးလမ်းမတွေပေါ်မှာ အများဆုံးလှုပ်ရှားသူတွေ ဖြစ်တယ်လို့ အမည်မဖော်လိုသူတစ်ဦးက ပြောပါတယ်။
“သူတို့က သီရိမင်္ဂလာစျေး၊ ကြည့်မြင်တိုင်ငါးစျေးနဲ့ လှိုင်သာယာတွေမှာ လှုပ်ရှားနေကြတဲ့ လေထီးတွေ။ ပြောရရင်ကားပေါ်ကနေ ကုန်ပစ္စည်းတွေ တက်ခိုးပြီး ခုန်ချတဲ့သူတွေ အခုမိတာ။”
လှိုင်သာယာမြို့နယ်အတွင်း ဖြတ်သန်းသွားလာနေတဲ့ ကုန်ကားတွေပေါ်ကနေ ပစ္စည်းတွေ အုပ်စုဖွဲ့ကာ လိုက်လံခိုးယူနေတဲ့ အမျိုးသား ငါးဦးနဲ့ အမျိုးသမီး တဦးတို့ကို ဆိုင်ကယ် နှစ်စီး၊ ဘေးတွဲ တစ်စီးနဲ့ ငါးခြောက်ထုပ်တွေနဲ့အတူဖမ်းဆီးရမိခဲ့တာလို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။
လက်တလောမှာ ပြစ်မှုကျူးလွန်သူ အမျိုးသား ငါးယောက်နဲ့ အမျိုးသမီး တယောက်တို့ကို လှိုင်သာယာမြို့မရဲစခန်းမှာ အမှုဖွင့်လှစ်စစ်ဆေးနေပါတယ်။
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ရှိ၊ ကချင်စစ်ရှောင်တွေရဲ့ ကျေးရွာတွေမှာ အုပ်စုဖွဲ့ ခိုးယူမှုတွေ များပြားလာတယ်လို့ စစ်ရှောင်တွေထံက သိရပါတယ်။
လိုင်ဇာသွားလမ်းပေါ်မှာရှိတဲ့ ဂါးရားယာန်ကျေးရွာနဲ့ ဒဘတ်ကျေးရွာတွင်းရှိ စစ်ရှောင်တွေရဲ့ အိမ်ခြံတွေကနေ ရာသီပေါ်အသီးတွေဖြစ်တဲ့ တညင်းသီးအပါ ဟင်းသီးဟင်းရွက်တွေ အဆုံး သုံး လေးယောက် ပေါင်းပြီးတော့ အဖွဲ့လိုက် အုပ်စုဖွဲ့ပြီးတော့ ခိုးနေကြတာလို့ စစ်ရှောင်ကော်မတီ တာ၀န်ရှိသူတွေက ပြောပါတယ်။
“ခုရက်ပိုင်း ပိုများလာတယ်။ ပြည်သူတွေ စား၀တ်နေရေးကအစ ခက်ခဲလာတယ်ဆိုတဲ့သက်သေပဲ။ ဒါပေမဲ့ ဘယ်လောက်ပဲ ခက်ခဲနေပါစေ၊ ဆယ်စုနှစ် တခုလောက် စစ်ရှောင်နေတဲ့ ပြည်သူတွေရဲ့ဟာကို ပိုင်ရှင်တွေရဲ့ခွင့်ပြုချက်မရှိဘဲ ခိုးယူတာတော့ မကောင်းဘူး” လို့ စစ်ရှောင်တာ၀န်ရှိသူတဦးက ပြောပါတယ်။
ခိုးယူသူတွေဟာ တရုတ်တစ်သျှူးငှက်ပျောစိုက်ခင်းတွေမှာ အလုပ်လာရောက်လုပ်ကိုင်နေကြတဲ့သူတွေဖြစ်ပြီး နယ်စပ်ဂိတ်ပိတ်ကာ ငှက်ပျောကား အ၀င်အထွက်မရှိတော့လို့ အလုပ်အကိုင် ရှားပါးလာကြပြီး အုပ်စုဖွဲ့ကာ ခိုးလာကြတာဖြစ်ပါတယ်။
၂၀၁၁ ခုနှစ် နောက်ပိုင်းနေရပ်စွန့်ခွာခဲ့ကြတဲ့ ကချင်စစ်ရှောင်တွေရဲ့ နေအိမ်အဆောက်အအုံ၊ ကျွဲ နွား တိရစ္ဆာန်တွေ၊ လိမ္မော်ခြံက အသီးတွေက အစ နှစ်စဉ် ခိုးယူခံနေရကာ အခုရက်ပိုင်းမှာတော့ ဟင်းသီးဟင်းရွက်တွေအထိ အုပ်စုဖွဲ့ ခိုးလာကြတာဖြစ်ပါတယ်။