အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ဘေးဧရိယာက နော့ဒ်စထရောင်းမ်ကုန်တိုက်ထဲမှာ အုပ်စုဖွဲ့ လုယက်ခိုးယူပြီး ကုန်တိုက်အပြင်မှာ ရပ်ထားတဲ့ ကားတွေထဲ နိုင်သလောက် သယ်ပြေးတဲ့အမှုမှာ သံသယရှိသူ ၈၀ လောက်ကို ရဲတွေက ရှာဖွေနေပါတယ်။
နိုဝင်ဘာ ၂၀ ရက်က ဝေါလ်နပ်ခရိခ်မြို့စွန်မှာ ည ၉ နာရီမတိုင်ခင် အုပ်စုဖွဲ့ ခိုးမှုအတွင်း လူ ၃ ယောက်ကို အခင်းဖြစ်ရာ နေရာမှာတင် ဖမ်းမိထားပြီးပြီလို့ ရဲက ပြောပါတယ်။
ရာဇဝတ်သား လူအုပ်ဟာ အရှိန်မြှင့်မောင်းတဲ့ ကားတွေနဲ့ ဒေသထဲကနေ ထွက်ပြေးသွားခဲ့တယ်လို့ ဒေသခံရဲက မနေ့က ကြေညာချက် ထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၁၉ ရက် ညကလည်း ဆန်ဖရန်စစ္စကိုမြို့က ပြည်ထောင်စုရင်ပြင်မှာ တန်ဖိုးကြီး စတိုးဆိုင်တွေကို ရဲတင်းတဲ့ လူရမ်းကားတအုပ်က ဝင်ရောက် လုယက်ခဲ့တယ်လို့ ရိုက်တာက ဖော်ပြထားပါတယ်။