ကာတာအသင်းအနေနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲအုပ်စုအဆင့်ကနေ စောစီးစွာထွက်ခွာသွားနိုင်တဲ့အပေါ် ကြိုတင်ပြင်ဆင်ထားတယ်လို့ နည်းပြ ဆန်းချက်ဇ်က ပြောပါတယ်။
အိမ်ရှင်ကာတာအသင်းဟာ အဖွင့်ပွဲစဉ်မှာ အီကွေဒေါအသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ထားပြီး ဒီကနေ့ ည ၇ နာရီခွဲအချိန်မှာ ဆီနီဂေါအသင်းနဲ့ အဆုံးအဖြတ်ပွဲစဉ်ကစားသွားရမှာပါ။
“ကျနော်တို့က သေးငယ်တဲ့နိုင်ငံလေးပါ။ ကမ္ဘာ့ဖလားကို လက်ခံကျင်းပတဲ့ အသေးဆုံးနိုင်ငံဖြစ်တယ်။ အုပ်စုအဆင့်ကနေ စောစောစီးစီးထွက်ခွာရနိုင်တဲ့အပေါ်လည်း ကိုယ့်ကိုယ်ကိုသေချာပြင်ဆင်ထားပြီးဖြစ်တယ်။ အုပ်စုအဆင့်ကနေ ထွက်ခဲ့ရရင်လည်း ကာတာနိုင်ငံရဲ့ ဘောလုံးစီမံကိန်းတွေကအဆုံးသတ်သွားတယ်လို့ မဆိုနိုင်ပါဘူး” လို့ ကာတာနည်းပြ ဆန်းချက်ဇ်ကပြောပါတယ်။
ကာတာအသင်းအနေနဲ့ နောက်လာမယ့်ကမ္ဘာ့အဆင့် ပြိုင်ပွဲတွေမှာ ခြေစစ်ပွဲ အောင်မြင်အောင်စွမ်းဆောင်နိုင်တဲ့ အရည်အသွေးမြင့်အသင်းပေါ်ထွက်လာဖို့ ဆက်လက်ပြုစုပျိုးထောင်သွားမယ်လို့ ယုံကြည်ကြောင်းလည်း နည်းပြဆန်းချက်ဇ်က ပြောပါတယ်။
မန်ယူနိုက်တက်အသင်းအနေနဲ့ ဗီလာရီးယဲလ်ကို အနိုင်ယူခဲ့ပြီးနောက်မှာ အုပ်စုအဆင့်ကို ကျော် လွန်နိုင်ဖို့ အခွင့်အရေးကောင်းသွားခဲ့ပြီလို့ စီရော်နယ်ဒိုက ပြောပါတယ်။
ရော်နယ်ဒိုဟာ အသင်းအတွက် အနိုင်ဂိုးကို ပွဲပြီးခါနီးမှာ သွင်းယူပေးခဲ့ပြီး အဖွင့်ပွဲမှာ ယန်းဘွိုင်းကို ရှုံးနိမ့်ထားမှုကို ချေဖျက်နိုင်ခဲ့ပါတယ်။
လက်ရှိအချိန်မှာ ၂ ပွဲကစား ၁ ပွဲနိုင်ရလဒ်နဲ့ အုပ်စုတတိယနေရာမှာ ရပ်တည်နေပေမယ့် နောက်တစ်ဆင့်တက်ဖို့ ယုံကြည်ကြောင်း ရော်နယ်ဒိုက သုံးသပ်ခဲ့တာပါ။
“ဒီပွဲမှာ အနိုင်မရခဲ့ရင် နောက်တစ်ဆင့်တက်ဖို့က အတော်လေးခက်သွားမှာပါ။ ဒါပေမယ့် ခုတော့ အရာအားလုံးဖြစ်နိုင်သွားပြီ။ အရာအားလုံးလမ်းပွင့်သွားပြီး ကျနော်တို့ နောက်တစ်ဆင့်တက်မယ်လို့ ယုံကြည်ပါတယ်” လို့ ပွဲအပြီး BT Sport နဲ့ အင်တာဗျူးမှာ ရော်နယ်ဒိုက ပြောခဲ့တာဖြစ်ပါတယ်။
ဆက်လက်ပြီး ရော်နယ်ဒိုက “ဒီညလို အနိုင်ဂိုးတွေသွင်းပေးချင်လို့ ဒီကိုပြန်လာတာပါ။ အရင်က ယူနိုက်တက်အသင်းကိုလည်း သတိရတယ်။ ဒီကလပ်နဲ့ ကျနော့်အကြားမှာ သမိုင်းကြောင်းတွေရှိပြီး ထပ်လုပ်ပြချင်တယ်။ ကျနော့်အတွက်တင်မဟုတ်ဘဲ အသင်းကိုလည်း ဆွဲတင်ပေးချင်တယ်” လို့ ရော်နယ်ဒိုက ပြောပါတယ်။