ကမ္ဘာကျော် ပေါ့ပ်အဆိုတော် ဘရစ်နေးစပီးယားရဲ့ ရှေ့နေက အဆိုတော်ရဲ့ ဘဏ္ဍာရေးကို ကြီးကြပ်ဖို့ ထိန်းသိမ်းစောင့်ရှောက်သူ အသစ်ကို သတ်မှတ်ပေးရေး လော့စ်အိန်ဂျလိစ် တရားရုံးမှာ ဇူလိုင် ၂၆ ရက်က တောင်းဆိုလိုက်ပါတယ်။
ဘရစ်နေးစပီးယားက သူ့ဖခင်ကို အုပ်ထိန်းသူအဖြစ်ကနေ ဖယ်ရှားချင်တယ်လို့ လတ်တလော ထွက်ဆိုခဲ့အပြီး ခုလို လျှောက်ထားလိုက်တာပါ။
ရှေ့နေ မက်သယူးရိုဆန်ဂါ့တ်ဟာ ဘရစ်နေးစဖီးယားရဲ့ ကိုယ်ရေး တရားရေးကိုယ်စားလှယ်အဖြစ် အသစ် ခန့်အပ်ခံထားရပါတယ်။
ဘရစ်နေးစပီးယားရဲ့ ထိန်းသိမ်းစောင့်ရှောက်သူ နေရာမှာ စာရင်းကိုင် ဂျာဆွန်ရူဘင်ကို နာမည်သွင်းပေးဖို့ သူက မေတ္တာရပ်ခံခဲ့ပါတယ်။
အခုလောလောဆယ်တော့ ဘရစ်နေးစပီးယားရဲ့ ပိုင်ဆိုင်မှုတွေကို သူ့ဖခင် ဂျေမီစပီးယားက ထိန်းချုပ်ထားပါတယ်။
ဒီကိစ္စကို စက်တင်ဘာ ၂၉ ရက် ကြားနာပွဲမှာ ဆွေးနွေးမယ်လို့ သေတမ်းစာ အတည်ပြုမှုဆိုင်ရာ တရားရုံး တရားသူကြီး ဘရန်ဒါပန်နီက ပြောပါတယ်။
ဘရစ်နေးစပီးယားကတော့ သူ့ဖခင်ကို အုပ်ထိန်းသူအဖြစ်ကနေ ချက်ချင်း ဖယ်ရှားစေချင်ပြီး အုပ်ထိန်းခွင့် အလွဲသုံးစားပြုမှုနဲ့ သူ့ကို တရားစွဲချင်တယ်လို့ လတ်တလောမှာ တရားရုံးကို ပြောပါတယ်။