ချဲလ်ဆီးအသင်းကို ပေါင် ၂ ဒသမ ၅ ဘီလီယံနဲ့ ဝယ်ယူနိုင်ဖို့အတွက် ဆွေးနွေးနေပြီး နီးစပ်နေပြီလို့ တူရကီ ဘီလျံနာ ဘေရတ်ခ်က ပြောပါတယ်။
ချဲလ်ဆီးအသင်းပိုင်ရှင် ရုရှားလူမျိုး အေဗရာမိုဗစ်ဟာ အသင်းကို အပြီးသတ်ရောင်းချပြီး ယူကရိန်းစစ်ဘေးသင့် ပြည်သူတွေကို လှူဒါန်းမယ်လို့ တရားဝင် ကြေညာထားတာပါ။
အသင်းတန်ဖိုးကို ပေါင် ၄ ဘီလီယံ သတ်မှတ်ထားပေမယ့် တူရကီ ဘီလျံနာဘက်က ပေါင် ၂ ဒသမ ၅ သန်းနဲ့ ပေးမယ်လို့ ဆွေးနွေးညှိနှိုင်းထားပါတယ်။
ချဲလ်ဆီးကို ဝယ်ယူမယ့် အခြေအနေနဲ့ ပတ်သက်ပြီး ဘီလျံနာ ဘေရတ်ခ်ကိုယ်တိုင် တူရကီရုပ်သံ Oda TV ကို ပြောခဲ့ပြီး နောက်ဆုံးအဆင့် ဆွေးနွေးမှုတွေ လုပ်ဆောင်ပြီလို့ သိရပါတယ်။
“ကျနော်တို့ရဲ့ ဆွေးနွေးမှုက နောက်ဆုံးအဆင့်ကို ရောက်ရှိနေပြီ။ ကျနော်တို့ရဲ့ဥပေဒေနဲ့ ဘဏ္ဍာရေးဌာနက တာဝန်ရှိသူတွေဟာ လာမယ့်ကြာသပတေးနေ့မှာ လန်ဒန်ကိုသွားပြီး သူတို့နဲ့ ဆွေးနွေးကြမှာပါ။ ကနဦး ဆွေးနွေးမှုတွေမှာလည်း တိုးတက်မှုတချို့ ရှိပါတယ်။ ဝယ်ယူနိုင်ဖို့က ၉၀ ရာခိုင်နှုန်းလောက် ရှိတယ်လို့ ယုံကြည်မှုရှိပြီး အေဗရာမိုဗစ်ဘက်ကလည်း အဲဒီလိုပဲ ယုံကြည်ထားတယ်” လို့ တူရကီ စီးပွားရေးလုပ်ငန်းရှင် ဘီလျံနာ ဘေရတ်ခ်က ပြောပါတယ်။
ချဲလ်ဆီးအသင်းကို တူရကီလူမျိုးတွေ ပိုင်ဆိုင်တာကို မလိုချင်တဲ့ နိုင်ငံတွေလည်းရှိပြီး ကြာသပတေးနေ့မှာ တိကျတဲ့အဖြေ ရလိမ့်မယ်လို့လည်း ဘေရတ်ခ်က ပြောသွားပါတယ်။
ချဲလ်ဆီးအသင်းကို ရုရှားလူမျိုးပိုင်ရှင် အေဗရာမိုဗစ်က အရောင်းစာရင်းတင်လိုက်ပြီးနောက် ဘီလီယံနာ ၄ ဦးက ဝယ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။
အေဗရာမိုဗစ်ဟာ ယူကရိန်းအရေးကြောင့် သူ့ရဲ့ပိုင်ဆိုင်မှုတွေအားလုံးကို ဗြိတိန်က အရေးယူဖို့ရှိတာကြောင့် ချဲလ်ဆီးကို ရောင်းချမယ်လို့ တရားဝင်ကြေညာထားတာပါ။
ရောင်းချမှုကနေ ရရှိလာတဲ့ငွေကြေးတွေကို ယူကရိန်းက စစ်ဘေးသင့်ပြည်သူတွေအား လှူဒါန်းမယ်လို့လည်း မိုဗစ်က သတင်းထုတ်ပြန်ထားပါတယ်။
ချဲလ်ဆီးကို ဆွစ်ဇာလန်ပရဟိတသမား ဟန်ဂျော့ဘက်စ်က ဝယ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ဒါ့အပြင် အမေရိကန်စီးပွားရေးသမားတဦးလည်းဖြစ် လော့အိန်ဂျယ်လက်စ်ဒေါ့ဂါ ဘေ့စ်ဘောအသင်း ပူးတွဲပိုင်ရှင်လည်းဖြစ်တဲ့ တော့ဒ်ဘိုလီကလည်း ဝယ်ယူဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။
အလားတူ လန်ဒန်အခြေစိုက် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အကြီးအကဲဖြစ်သူ အီဂျစ်ဘီလျံနာ လော့ဖီမန်ဆောကလည်း ချဲလ်ဆီးအသင်းကို ဝယ်ယူဖို့ စီစဉ်နေပါတယ်။ သူက ချဲလ်ဆီးအသင်းရဲ့ တရာသီစာလက်မှတ်ဝယ်ယူထားတဲ့ ပရိသတ်တဦးလည်းဖြစ်ပါတယ်။
ဒါ့အပြင် ဗြိတိန်မှာ အချမ်းသာဆုံး စီးပွားရေးလုပ်ငန်းရှင်လို့ ဆိုကြတဲ့ ဆာဂျင်ရက်ကလစ်ဖ်ကလည်း ဝယ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
အေဗရာမိုဗစ်ဟာ ချဲလ်ဆီးအသင်းအတွက် ပေါင် ၃ ဘီလီယံ အလိုရှိနေပြီး ဘီလျံနာတွေထဲက ဘယ်သူနဲ့ အရောင်းအဝယ်ဖြစ်မလဲဆိုတာ ဆက်ပြီး နားစွင့်သွားရဖို့ရှိနေပါတယ်။