ရခိုင်ပြည်နယ် ၅ မြို့နယ်ရှိ စစ်ဘေးရှောင်တွေနဲ့ ပြည်သူလူထုတွေ စိုက်ပျိုးထားတဲ့ စပါးတွေ ရိတ်သိမ်းနိုင်ရေးအတွက် ရက္ခိုင့်တပ်တော်(အေအေ)တပ်ဖွဲ့ဝင်တွေကလည်း ပါဝင်ကူညီရိတ်သိမ်းပေးနေတယ်လို့ ဒီဇင်ဘာ ၁ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
အေအေတပ်ဖွဲ့ဝင်တွေဟာ ဘူးသီးတောင်မြို့နယ် ပြင်ရှည်ကျေးရွာ၊ ရသေ့တောင်မြို့နယ် မောင်ဖြူရွာ၊ မညင်းတောင်ရွာ၊ ကုန်တန်းရွာ၊ ခရုချောင်းရွာ၊ ရီကောင်းချောင်းရွာ၊ ပုဏ္ဏားကျွန်းမြို့နယ် ယာချောင်းရွာ၊ ဆင်အင်းကြီး၊ ငှက်ကြီးကျွန်း၊ ပဒေသာရွာဟောင်း၊၊ ရီပေါက်ချောင်းရွာ၊ ကျောက်တော်မြို့နယ် သလူချောင်းရွာ၊ ရုပ်သားရွာ၊ နဂရာရွာ၊၊ မြောက်ဦးမြို့နယ် ဂူတလုံးကျ (မြို) ရွာနဲ့ မင်းပြားမြို့နယ်ရာမောင်တံတားအနီး စပါးခင်းတွေ လယ်ပိုင်ရှင်တွေ စစ်ဘေးရှောင်နေရတာကြောင့် စပါးတွေကို မပျက်စီးစေဖို့ ကူညီရိတ်သိမ်းပေးနေတာလို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အခုလို ပြည်သူတွေရဲ့ စပါးတွေကို ဝိုင်းကူရိတ်သိမ်းပေးနေကြတာကြောင့် ပြည်သူတွေရဲ့ စားနပ်ရိက္ခာအတွက် တစ်ဖက်တစ်လမ်းက ကူညီပေးရာရောက်တယ်လို့ ပုဏ္ဏားကျွန်းမြို့နယ် ဆင်အင်းကြီးကျေးရွာသားတစ်ဦးက ပြောပါတယ်။
"ကျနော်တို့ ရွာမှာ လယ်တွေ စိုက်ပျိုးပြီး မရိတ်သိမ်းခဲ့ ရတဲ့သူတွေက အများကြီးပဲ။ စပါးဆိုတာက ရိတ်သိမ်းတန်တဲ့အချိန်မှာ မရိတ်သိမ်းလိုက်ရင် အပင်တွေကျိုးပြီးတော့ ဆုံးရှုံးသွားဖို့ပဲရှိသေးတယ်။ အခု အေအေတပ်တော်က တပ်ဖွဲ့ဝင်တွေက ကူရိတ်သိမ်းပေးနေတော့ ကျနောတို့ ရွာသားတွေမှာ ရွာပြန်တဲ့အခါ ဆန်ရိက္ခာအတွက် ဖုံလှုံမှုတွေ ရှိကြတာပေါ့။ အခုလို ပြည်သူ အကျိုးကိုကြည့်ပြီး ကူညီပေးကြတဲ့အတွက် ဝမ်းသာမိတယ်။”
စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော်တို့ဟာ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ယာယီအပစ်ရပ်တန့်မှုကို နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌလည်းဖြစ် မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်နိုင်ငံအစိုးရ အထူးကိုယ်စားလှယ်လည်းဖြစ်တဲ့ မစ္စတာဆာဆာကာဝါမှ ကြားဝင် စေ့စပ်ဆောင်ရွက်ပေးလို့ နိုဝင်ဘာ ၂၆ ရက်နေ့မှာ နှစ်ဖက်တိုက်ပွဲတွေ ခေတ္တယာယီရပ်ထားခဲ့ပါတယ်။
ရခိုင်ပြည်နယ်ရှိ ပြည်သူလူထုတွေရဲ့ လတ်တလော စားဝတ်နေရေး၊ သွားလာရေး၊ ဆေးဝါး အကျပ်အတည်း၊ အခက်အခဲတွေနဲ့ ပြည်သူလူထု အကျိုးစီးပွားကို မဏ္ဍိုင်ပြုပြီးတော့ အခုလို ယာယီအပစ်ရပ်တန့်ရတာဖြစ်လို့ အေအေက ဆိုပါတယ်။
ရက္ခိုင်ပြည်သူ့အစိုးရအနေနဲ့ အခုလိုယာယီအပစ်အခတ်ရပ်တန့်နေတဲ့ ကာလတွေမှာ ပြည်သူလူထုတွေရဲ့ ဝန်ဆောင်မှုတွေကို အရင်ကာလတွေနည်းတူ အကောင်းဆုံးသော နည်းလမ်းတွေနဲ့ ပြည်သူ့အကျိုး ဆက်လက်သယ်ပိုး ဆောင်ရွက်သွာမယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားဖော်ပြထားပါတယ်။
ရခိုင်ပြည်နယ်မှာ တစ်ကျော့ပြန် တိုက်ပွဲဖြစ်ပွားပြီးနောက် အရပ်သားပြည်သူ သောင်းချီ စစ်ဘေးရှာင်နေကြရပါတယ်။
ရခိုင်ပြည်နယ်မှာ သြဂုတ်လ ကတည်းက ၄ လ ကြာစစ်ကောင်စီနဲ့ အေအေ တို့တကျော့ပြန် တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြပြီး နိုဝင်ဘာ ၂၆ ရက်မှာ နှစ်ဖက် ယာယီအပစ်အခတ် ရပ်ထားတာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် စေတီတောင်ကျေးရွာရှိ ရက္ခိုင်တပ်တော် "အေအေ" တပ်ဖွဲ့ ဝင်တွေနဲ့ ဒေသခံတွေကို စစ်ကောင်စီလက်အောက်ခံ ဘူးသီးတောင်မြို့နယ် ကျန်းမာရေးဌာနက ကိုဗစ်ကာကွယ်ဆေးတွေကို ဇန်နဝါရီ ၂၄ ရက်မှာ ထိုးနှံပေးခဲ့တယ်လို့ တာဝန်ရှိသူထံက သိရပါတယ်။
စစ်ကောင်စီလက်အောက်ခံ ဘူးသီးတောင်မြို့နယ်အုပ်ချုပ်ရေးတာဝန်ရှိသူက "ဆေးထိုးတာက တော့ စေတီတောင်စုရပ်ပေါ့နော်။ ပြည်သူတွေလည်းပါတယ်။ အေအေဘက်က ခွင်ပြုချက် တောင်းထားတဲ့အတွက် တရားဝင်ခွင့်ပြုချက်အရ ဒီနေ့ကစပြီး ကိုဗစ်ကာကွယ်ဆေးထိုးနှံ ပေးတာရှိတယ်။" လို့ ပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီရဲ့ ဘူးသီးတောင်မြို့နယ်ကျန်းမာရေးဌာန တာဝန်ရှိတစ်ဦးကလည်း ကိုဗစ်ကာကွယ်ဆေးထိုးပေးတာ ဟုတ်မှန်ကြောင်းနဲ့ စေတီတောင်ကျေးရွာစုရပ်မှာ ထိုးတာ ဘယ်လောက်အရေအတွက် ထိုးလဲဆိုတာ စာရင်းတက်မလာ သေးဘူးလို့ ပြောတယ်။
အေအေဟာ ၂၀၁၉-၂၀၂၀ ခုနှစ်တွေအတွင်း ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားခဲ့ကြတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တဖွဲ့ဖြစ်ပြီး လတ်တလောမှာတော့ နှစ်ဖက်တပ်တွေ ယာယီ အပစ်အခတ်ရပ်စဲထားကြပါတယ်။
ဘူးသီးတောင်မြို့နယ်ရှိ ပြည်သူတွေအနေနဲ့ ကိုဗစ်ကာကွယ်ဆေးထိုးတာ ၆ ကြိမ်မြောက်ရှိသွားပြီဖြစ်ပါတယ်။
ရခိုင်ပြည်နယ်အတွက် ကိုဗစ်ကာကွယ်ဆေးအလုံးရေ ၂ သိန်း ၃ သောင်းခွဲတမ်း ရရှိပြီး ဆေးထိုးပိုင်ခွင့်ရရှိတဲ့ လူအုပ်စု ၁၆ အုပ်စုကို ရွေးချယ် ထိုးပေးသွားမှာဖြစ်သလို အဲဒီဦးစားပေးအုပ်စု တွေထဲမှာ မသန်စွမ်းသူတွေနဲ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ EAOs တွေလည်း ပါဝင်ပါတယ်။
ဓာတ်ပုံ- AA