close

အေအေအကျဉ်းထောင်

close

September 29, 2022

အေအေအကျဉ်းထောင် ဗုံးကြဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ သေဆုံး၊ ဒဏ်ရာရ

စစ်ကောင်စီလေတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားတွေနဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေ အပါအဝင် အကျဉ်းသားတချို့ သေဆုံးဒဏ်ရာရရှိခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (အေအေ)က စက်တင်ဘာ ၂၈  ရက်မှာ ထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၂၃ ရက်ညက  ဂျက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ  မောင်တောမြို့နယ် လက်ပံ​တောင်ကြောပေါ်ရှိ အေအေရဲ့ အကျဉ်းထောင် နှစ်ခုကိုထိမှန်သွားခဲ့ပြီး ဖမ်းဆီးခံထားရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးခဲ့တာ ဖြစ်ပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လူသားချင်စာနာတဲ့အနေနဲ့  ဆေးကုသပေးထားပေမဲ့ ဆေးဝါးအားနည်းချက်ကြောင့် တချို့ သေဆုံးခဲ့ရပြီး တချို့ကတော့ ဒဏ်ရာပြင်းထန်တာကြောင့် အသက်ရှင်ဖို့ အခွင့်အလမ်း နည်းနေတယ်လို့ အေအေကဆိုပါတယ်။

သူတို့အသက်ဆက်ရှင်ဖို့အတွက် လာရောက်ခေါ်ဆောင်ဖို့  သူတို့ရဲ့မိခင်အဖွဲ့အစည်းဖြစ်တဲ့ စစ်ကောင်စီတပ်တာဝန်ရှိသူတွေကို ဆက်သွယ်ခဲ့ပေမဲ့ ၅ ရက်ကြာတဲ့အထိ ဆက်သွယ်လာခြင်းမရှိလို့ စစ်ကောင်စီတပ်ဖွဲ့ဝင် တယောက် သေဆုံးခဲ့ရတယ်လို့ အေအေ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့မှာ ရက္ခိုင့်တပ်တော်(အေအေ)နဲ့ စစ်ကောင်စီတို့အကြား တိုက်ပွဲတွေ ပြင်းထန်လာတာကြောင့် စစ်ကောင်စီတပ်က ထွက်ပြေးလာသူ(တပ်ပြေး) တွေ တနေ့ထက်တနေ့  ပိုမိုများပြားလာတယ်လို့ သိရပါတယ်။ 

ရက္ခိုင့်တပ်တော်(အေအေ)ထံ နီးစပ်ရာကတဆင့် လက်နက်၊ သို့မဟုတ်် လက်နက်မဲ့ ဝင်ရောက်လာကြသူတွေနဲ့  ဖမ်းဆီးရမိထားရတဲ့  စစ်ကောင်စီတပ်ဖွဲ့ဝင် အရေအတွက်  ၁၅၀ ရှိလာပြီး သူတို့သွားလိုတဲ့နေရာတွေကို   အန္တရာယ်ကင်းစွာပို့ထားတယ်လို့  အေအေတပ်ဖွဲ့က ဆိုပါတယ်။

တာဝန်ယူမှု၊ တာဝန်ခံမှုမရှိတဲ့ စစ်ကောင်စီတပ်ထဲမှာ ဆက်လက်တာဝန်ထမ်းဆောင်လိုစိတ်မရှိတဲ့  စစ်ကောင်စီတပ်သားတွေအနေနဲ့ ရက္ခိုင့်တပ်တော်နဲ့ အနီးစပ်ဆုံးနေရာတွေကို ဆက်သွယ်ကြဖို့လည်း အေအေက ဖိတ်ခေါ်ကမ်းလှမ်းထားပါတယ်။

11 mins Ago
Up