close

အေအေ ပြောခွင့်ရ ခိုင်သုခ

close

November 18, 2022

“ရခိုင်တပြည်နယ်လုံး လွတ်မြောက်ဖို့ တိုက်ပွဲဝင်နေတာဖြစ်တယ်” အေအေ ပြောခွင့်ရ ခိုင်သုခနှင့် မေးမြန်းချက်

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်တွေဟာ လက်နက်ကိုင်အချင်းချင်း မတိုက်ရဲဘဲ အပြစ်မဲ့အရပ်သားတွေကို ဦးတည်တိုက်ခိုက်နေတာဟာ သူရဲဘောကြောင်တဲ့လုပ်ရပ်ဖြစ်ပြီး ဒါဟာ ဆင်ခြင်တုံတရားကင်းမဲ့တဲ့ စစ်ရာဇဝတ်ကောင်တွေရဲ့လုပ်ရပ်လည်း ဖြစ်တယ်လို့ ရက္ခိုင့်တပ်တော်(အေအေ) ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ဒီဗွီဘီကို ပြောပါတယ်။

ရခိုင်တပြည်နယ်လုံး လွတ်မြောက်ဖို့ တိုက်ပွဲဝင်နေတာဖြစ်ပြီး ရခိုင်တွေအနေနဲ့ ကွန်ဖက်ဒရိတ် အဆင့်အတန်းထက်မနိမ့်တဲ့ နိုင်ငံရေးအဆင့်အတန်းကို ရရှိဖို့နဲ့  ရခိုင့်ကံကြမ္မာကို ရခိုင်တွေ ဖန်တီးနိုင်အောင် ကြိုးစားလုပ်ဆောင်သွားမယ်လို့လည်း ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာမှာ ပြောကြားထားပါတယ်။

မေးမြန်းချက် အပြည့်အစုံ— 

မေး။ ရခိုင်ပြည်နယ်အတွင်းက စစ်ရေးအခြေအနေနဲ့ပတ်သက်ပြီး ပထမဆုံးအနေနဲ့ ပြောပြပေးပါလားခင်ဗျ။

ဖြေ။ “ဟုတ်ကဲ့ပါခင်ဗျ။ လက်ရှိ ရခိုင်ပြည်နယ်ရဲ့ စစ်ရေးအခြေအနေကတော့ တိုက်ပွဲတွေနေ့တိုင်းနီးပါး ဆက်ဖြစ်နေပါတယ်။ တိုက်ပွဲမရှိတဲ့ကြားရက်မှာလည်းပဲ မြန်မာစစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ အရပ်သားပြည်သူတွေနေတဲ့ကျေးရွာတွေကို ရည်ရွယ်ချက်ရှိရှိ လူမျိုးရေးအရ အငြှိုးအတေးတွေနဲ့ ပစ်ခတ်နေတာတွေရှိပါတယ်။ စစ်ကောင်စီတပ်တွေရဲ့ ဒီလိုပစ်ခတ်မှုတွေကြောင့် အပြစ်မဲ့အရပ်သားပြည်သူတွေ နေ့တိုင်းနီးပါး သေဆုံးဒဏ်ရာရမှုတွေရှိနေပါတယ်။ တဖက်မှာလည်းပဲ စစ်ကောင်စီတပ်တွေဟာ လက်နက်အင်အား လူအင်အား ရိက္ခာတွေကို နည်းမျိုးစုံနဲ့ ထပ်ပြီးတော့ ဖြည့်တင်းနေတာတွေကို တွေ့နေရပါတယ်။”

မေး။ သက်ကြီးရွယ်အိုတွေနဲ့ အပြစ်မရှိတဲ့သူတွေကို စစ်တပ်က သတ်ဖြတ်သွားတဲ့အပေါ်မှာ လက်တုံ့ပြန်မယ်ဆိုပြီးတော့ ထုတ်ပြန်ထားတာရှိပါတယ်။ ဘယ်လိုမျိုး လက်တုံ့ပြန်မှာလဲခင်ဗျ။

ဖြေ။ “ကျနော်တို့ရဲ့ အပြစ်မဲ့ ရခိုင်ပြည်သူတွေကို သက်ကြီးရွယ်အိုတွေ ကလေးငယ်တွေကို ရက်ရက်စက်စက် အစုလိုက်အပြုံလိုက် သတ်ဖြတ်ပြီးတော့မှ လူသားစိတ်ကင်းမဲ့နေတဲ့ စစ်ရာဇဝတ်ကောင် စစ်ကောင်စီတပ်တွေကို ဖြစ်နိုင်တဲ့ နည်းလမ်းတွေအားလုံး အသုံးပြုပြီးတော့မှ ကျနော်တို့ ပြန်လည်လက်တုံ့ပြန် တိုက်ခိုက်သွားမှာဖြစ်တယ်ဗျ။”

မေး။ ဟုတ်ကဲ့။ လက်တုံ့ပြန်မယ်ဆိုတာက ဘယ်လောက်အတိုင်းအတာအထိကို လက်တုံ့ပြန်မှာလဲခင်ဗျ။ 

ဖြေ။ “စစ်ရေးအရ ဘယ်လောက်အထိ လက်တုံ့ပြန်မလဲဆိုတဲ့ကိစ္စကတော့ စစ်ဘက်ဆိုင်ရာ လုံခြုံရေးကိစ္စဖြစ်တဲ့အတွက်ကြောင့်မို့လို့ ထုတ်ပြောဖို့တော့ မရှိဘူးဗျ။”

မေး။ အရင်က တိုက်ပွဲတွေမရှိတဲ့ ရခိုင်ပြည်နယ်တောင်ပိုင်းမှာဆိုရင် အခုဆိုရင် စစ်ပွဲတွေဖြစ်လာတယ်ပေါ့နော်။ ဒါတွေဟာ ဘာကြောင့်ဖြစ်လာခဲ့တာလဲခင်ဗျ။

ဖြေ။ “အခုကတော့ စစ်ကောင်စီတပ်တွေဟာ ရခိုင်ပြည်တောင်ပိုင်းမှာလည်း ကျနော်တို့ရဲ့ အပြစ်မဲ့ရခိုင်ပြည်သူတွေကို မတရားဖမ်းဆီး နှိပ်စက် သတ်ဖြတ် အနိုင်ကျင့်မှုတွေကို တောက်လျှောက်လုပ်နေပါတယ်။ အခုဆိုရင် စစ်ကောင်စီတပ်တွေဟာ ရခိုင်ပြည်တောင်ပိုင်းဘက်မှာ နယ်လှည့်သောင်းကျန်းမှုတွေ အရင်ပိုများလာတာ တွေ့ရပါတယ်။ ဒါကြောင့် နယ်လှည့်သောင်းကျန်းပြီး ပြည်သူကို အနိုင်ကျင့်နေတဲ့ စစ်ရာဇဝတ်ကောင် စစ်ကောင်စီတပ်တွေကို တုံ့ပြန်တိုက်ခိုက်ဖို့ လိုအပ်လာတဲ့အတွက်ကြောင့်မို့လို့ စစ်ပွဲက ပိုပြီးတော့ ကျယ်ပြန့်လာတဲ့သဘော ဖြစ်ပါတယ်။ ဆိုလိုတာက ဖိနှိပ်မှုပြင်းထန်လို့ တော်လှန်ခုခံမှုလည်း ပြင်းထန်တယ်လို့ ပြောလို့ရတာပေါ့။” 

မေး။ စစ်တပ်က ရခိုင်ပြည်နယ်အတွင်း ထိုးစစ်ဆင်လှုပ်ရှားမှု အခြေအနေကရော လက်ရှိမှာ ဘယ်လိုရှိပါသလဲ။

ဖြေ။ “စစ်ကောင်စီရဲ့မြေပြင်တပ်တွေကတော့ ရှေ့မတိုးနိုင်တဲ့အနေအထားမှာ စစ်ကောင်စီဘက်က မြေပြင်တိုက်ပွဲတွေမှာ အကျအဆုံးလည်းများနေပါတယ်။ ဒါကြောင့်မို့လို့ လက်နက်ကြီးနဲ့ လေကြောင်းပစ်ကူကို အဓိကထား တိုက်ခိုက်လာတာကို တွေ့ရပါတယ်။ အခုရက်ပိုင်းတွေမှာ ဆိုလို့ရှိရင် တိုက်ခိုက်ရေး ဒရုန်းတွေကို အသုံးပြုပြီးတော့ တိုက်ခိုက်လာတာတွေလည်းရှိပါတယ်။ ဒါပေမဲ့ စစ်ကောင်စီတပ်တွေဟာ လက်နက်ကိုင်အချင်းချင်းတိုက်တာထက် အပြစ်မဲ့အရပ်သားတွေကို ဦးတည်တိုက်ခိုက်လာတာက ပိုများလာတာကို တွေ့ရပါတယ်။ ဒါကတော့ ပြောမယ်ဆိုလို့ရှိရင် သူတို့ရဲ့ ရှုံးနိမ့်မှုအတွက် ပြည်သူကို ဦးတည်ပြီးတော့မှ အငြှိုးအတေးတွေနဲ့ လက်စားချေနေတာဖြစ်တယ်လို့ ကျနော်တို့က အဲလိုပဲမြင်ပါတယ်။ တဖက်ကပြောရမယ်ဆိုရင်တော့ သူတို့ရဲ့ စစ်သားမပီသမှု၊ အရည်အချင်းညံ့ဖျင်းမှု၊ စိတ်ဓာတ်ရေးရာချွတ်ခြုံကျမှု၊ သူရဲဘောကြောင်မှု၊ လူသားမဆန်မှုတွေကို ရှင်းရှင်းလင်းလင်း ဖော်ပြနေတာဖြစ်တယ်လို့လည်း ပြောလို့ရတာပါ။ ဒါဟာ ဆင်ခြင်တုံတရားကင်းမဲ့တဲ့ စစ်ရာဇဝတ်ကောင်တွေရဲ့လုပ်ရပ်လည်း ဖြစ်တယ်လို့ အဲလိုပဲ ပြောလိုပါတယ်ဗျ။” 

မေး။ ဆိုတော့ အေအေက လက်ရှိ တိုက်ပွဲတွေအနေအထားအရ မောင်တောမြောက်ပိုင်းကနေပြီးတော့ ဘော်ဒါလိုင်းမှာ ခြေကုပ်စခန်းလုပ်နိုင်ဖို့အတွက် တိုက်ပွဲဖော်ဆောင်ဖို့အတွက် လုပ်နေတယ်ဆိုတဲ့ စစ်ရေးအရသုံးသပ်မှုတွေရှိလာပါတယ်။ အဲဒီအပေါ်မှာရော ဘယ်လိုမျိုးမှတ်ချက်ပေးချင်ပါသလဲ ခင်ဗျ၊

ဖြေ။ “ကျနော်တို့က နေရာလေးတကွက်ရဖို့ တိုက်ပွဲဝင်နေတာမဟုတ်ပါဘူး။ ရခိုင်တပြည်နယ်လုံး လွတ်မြောက်ဖို့အတွက်တိုက်ပွဲဝင်နေတာဖြစ်ပါတယ်လို့ပဲ ကျနော့်အနေနဲ့ ဖြေကြားလိုပါတယ်။”

မေး။ ရခိုင်ပြည်နယ်ထဲက ပြည်သူတွေကို အေအေက ဘယ်လောက်အထိ ကာကွယ်ပေးထားနိုင်ပြီလဲခင်ဗျ။ 

ဖြေ။ “ပြည်သူကို ဘယ်လောက်အထိ အကာအကွယ်ပေးထားနိုင်ပြီလဲ ဆိုတာထက် ရခိုင်ပြည်မှာ စစ်ကောင်စီရဲ့ ထိန်းချုပ်မှု ဘယ်လောက်အထိလျော့ကျသွားပြီလဲလို့ ပြောရင်တော့ ပိုပြီးတော့ မှန်မယ်လို့ထင်ပါတယ်။ အခု စစ်ပွဲကာလမှာတော့ အပြည့်အဝလုံခြုံတယ်ဆိုတဲ့နေရာကတော့ မရှိပါဘူး။ အခုဆိုရင် မြန်မာတပြည်လုံးလည်း ဘယ်နေရာမှ အပြည့်အဝ မလုံခြုံပါဘူး။ ကျနော်တို့လည်း မလုံခြုံသလို စစ်ကောင်စီလည်း မလုံခြုံပါဘူး။ ဒါကြောင့်မို့လို့ ကျနော်တို့ရဲ့ လုံခြုံရေးရာ ကျနော်တို့ရဲ့ပြည်သူလူထုတရပ်လုံးရဲ့ စုစည်းညီညွတ်မှုနဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်မှုတွေအပေါ်မှာပဲ မူတည်ပါလိမ့်မယ်လို့ ကျနော့်အနေနဲ့ ပြောလိုပါတယ်။” 

မေး။ ရခိုင်ပြည်သူ့အစိုးရဖော်ဆောင်ရေးက ဘယ်လောက်အထိအောင်မြင်နေပြီလို့ ပြောလို့ရပါသလဲခင်ဗျ။

ဖြေ။ “ရခိုင်ပြည်သူ့အစိုးရကို အခုထက်ပိုပြီးတော့ ခိုင်မာအောင် စနစ်တကျဖြစ်အောင် ကျနော်တို့ အကောင်းဆုံးကြိုးစားလုပ်ကိုင်နေပါတယ်လို့ပဲ ပြောလိုပါတယ်။” 

မေး။ လက်ရှိမှာ စစ်တပ်နဲ့ဆွေးနွေးအဖြေရှာမယ့်လမ်းကြောင်းကို ဆက်လက်ကိုင်စွဲထားသေးလားခင်ဗျ။ 

ဖြေ။ “ဒါကတော့ ယတိပြတ်ပြောလို့တော့မရဘူးဗျ။ ဖြစ်ပေါ်လာမယ့်အခြေအနေတွေပေါ်မှာပဲ မူတည်ပါလိမ့်မယ်။”

မေး။ အန်ယူဂျီနဲ့ဆွေးနွေးမှု အခြေအနေကရော ဘယ်လိုအခြေအနေရှိပါသလဲခင်ဗျ။

ဖြေ။ “အန်ယူဂျီနဲ့ပဲဖြစ်ဖြစ်၊ တခြားနွေဦးတော်လှန်ရေးက ပေါက်ဖွားလာတဲ့ အဖွဲ့အစည်းတွေနဲ့ပဲဖြစ်ဖြစ်ပေါ့နော်၊ ကျနော်တို့ကတော့ မိတ်ဖက်ဆက်ဆံရေးရှိပါတယ်။” 

မေး။ မိတ်ဖက်အနေနဲ့ ဆက်ဆံမှုရှိနေသေးတယ်ဆို‌တော့ အန်ယူဂျီအပါအဝင် တခြားသော နိုင်ငံရေးအင်အားစုတွေနဲ့ ပူးပေါင်းဆွေးနွေးပြီးတော့ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုကို တည်ထောင်သွားမယ်ဆိုတဲ့ လမ်းကြောင်းပေါ်ကပဲ ဆက်သွားမယ်လို့ ဆိုလိုချင်တာလားခင်ဗျ။

ဖြေ။ “အဲလိုမျိုး အဓိပ္ပာယ်တော့ မသက်ရောက်ဘူးဗျ။ ကျနော်တို့က အန်ယူဂျီပဲဖြစ်ဖြစ်၊  တခြားနွေဦးတော်လှန်ရေးက ပေါက်ဖွားလာတဲ့ တခြားအဖွဲ့အစည်းတွေကိုပဲဖြစ်ဖြစ် ဆက်ဆံရေးမှာတော့ ကျနော်တို့က မိတ်ဖက်အနေနဲပဲဆက်ဆံသွားမယ်။ ဒါပေမဲ့လို့ ကျနော်တို့ကတော့ ကျနော်တို့ဖြစ်ချင်တဲ့ နိုင်ငံရေးရည်မှန်းချက်အတွက် ကျနော်တို့ချမှတ်ထားတဲ့ ရက္ခိတ လမ်းစဉ်အတိုင်း ကျနော်တို့ကတော့ တသဝေမတိမ်း ဆက်လက်ပြီးတော့ ချီတက်သွားမှာဖြစ်ပါတယ်။”

မေး။ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုဖော်ဆောင်ရေးမှာ အေအေက ပူးပေါင်းပါဝင်မှာလား၊ ဒါမှမဟုတ်ဘူးဆိုရင် သီးခြားရခိုင်နိုင်ငံတော်ဖြစ် ထူထောင်သွားမှာလားခင်ဗျ။ 

ဖြေ။ “ကျနော်တို့ရဲ့ နိုင်ငံရေးလိုလားချက်ကို ကျနော်တို့အကြိမ်ကြိမ်လည်း ထုတ်ပြောပြီးသား ဖြစ်ပါတယ်။ ရခိုင်တွေအနေနဲ့ ကွန်ဖက်ဒရိတ်အဆင့်အတန်းထက် မနိမ့်တဲ့ နိုင်ငံရေးအဆင့်အတန်းကို ရကိုရရမယ်ဆိုတာ ပြောထားပြီးသားဖြစ်ပါတယ်။ ဒါကြောင့် ဘယ်အခြေအနေမှာပဲဖြစ်ဖြစ် ရခိုင့်ကံကြမ္မာကို ရခိုင်တွေ ဖန်တီးနိုင်အောင် ကျနော်တို့ ကြိုးစားလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဆိုလိုတာကတော့ ကျနော်တို့လိုလားတဲ့ နိုင်ငံရေးအဆင့်အတန်းကို ဘယ်သူ့ဆီကမှ ကျနော်တို့ တောင်းယူနေမှာ မဟုတ်ပါဘူး။ ကျနော်တို့ ရခိုင်တွေရဲ့ စုစည်းညီညွတ်မှုနဲ့ ရအောင်တည်ဆောက်သွားမှာဖြစ်ပါတယ် လို့ပဲ ကျနော့်အနေနဲ့ ဖြေကြားလိုပါတယ်ဗျ။”

5 mins Ago

May 20, 2022

“ကျနော်တို့ရဲ့ ပြည်သူတွေကို တိုက်ရိုက်ခြိမ်းခြောက်တာ ဖြစ်တယ်” အေအေ ပြောခွင့်ရ ခိုင်သုခ

ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်လို့ စစ်ကောင်စီပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့  ပြောဆိုချက်တွေဟာ ပြည်သူတွေကို တိုက်ရိုက်ခြိမ်းခြောက်တာ ဖြစ်တယ်လို့  ရက္ခိုင့်တပ်တော် အေအေ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ဒီဗွီဘီကို ပြောပါတယ်။

နေပြည်တော်မှာ မေလ ၁၉ ရက်က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်ချုပ်ဇော်မင်းထွန်းက “ရခိုင်မှာ အခုဖြစ်နေတဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး ပြဿနာတက်လာရင် တပ်မတော်ကို အဆိုးမဆိုပါနဲ့လို့ ပြောချင်ပါတယ်”လို့ ပြောကြားခဲ့တာပါ။

ဒီသတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီဘက်က ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး ရက္ခိုင့်တပ်တော် အေအေ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ဒီဗွီဘီကို ကြားထားပါတယ်။

အပြည့်အစုံ—

ပြည်သူအပေါ်ခြိမ်းခြောက်မှု 

“မနေ့က သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ ပြောဆိုချက်တွေကို ခြုံပြီးသုံးသပ်ကြည့်မယ်ဆိုရင် ကျနော်တို့ရဲ့ ပြည်သူတွေကို တိုက်ရိုက်ခြိမ်းခြောက်တာ ဖြစ်တယ်။ တခုခုဖြစ်လာပြီဆိုရင် မြန်မာစစ်တပ်ကို အဆိုးမဆိုနဲ့ဆိုတဲ့စကားကို ကျနော်တို့ တွေ့တယ်။ ဒါက ပြည်သူတွေကို တိုက်ရိုက်ခြိမ်းခြောက်တာဖြစ်သလို တခုခုဖြစ်လာရင် ပြည်သူတွေကို လူမျိုးတုံး သတ်ဖြတ်ပစ်မယ်ဆိုတဲ့ သူတို့ မြန်မာစစ်တပ်ရဲ့ အစီအစဉ်ကို တိုက်ရိုက်ရည်ညွှန်းပြီး ဖော်ပြနေတယ်လို့ ကျနော်ကတော့ အဲဒီလိုပဲ သုံးသပ်တယ်။”  

အယုံအကြည်မရှိ 

“နောက်တခု ရှိတာက မနေ့က သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ ပြောဆိုချက်တွေမှာ ပြည်သူတွေကို နစ်နာမှာစိုးလို့ သူတို့ စစ်မတိုက်ဘူးဆိုတာကတော့ ဒါဟာ ဘယ်ပြည်သူမှလည်း အယုံအကြည်ရှိမှာ မဟုတ်ဘူး။ ဘာကြောင့်လဲဆိုတာ မြန်မာစစ်တပ်က ဘယ်တုန်းကမှ ပြည်သူတွေကို ထည့်တွက်ခဲ့တာ မဟုတ်ဘူး။ ပြည်သူတွေ နစ်နာမှာစိုးလို့ သူတို့ စစ်မတိုက်ဘူးဆိုတာက ဒါဟာ လုံးဝယုတ္တိမရှိတဲ့ အကြောင်းပြချက်တခုပဲ ဖြစ်တယ်။ မြန်မာစစ်တပ် လုပ်ခဲ့တဲ့ သမိုင်းတလျှောက်ကို ပြန်ကြည့်ရင် သူတို့ စစ်မတိုက်ချင်ရင်လည်း အကြောင်းအမျိုးမျိုး ပြမှာပဲ။ စစ်တိုက်ချင်ရင်လည်း အကြောင်းအမျိုးမျိုးပြပြီး သူတို့ ဖြစ်အောင် တိုက်မှာပဲ။ အခုလည်း သူတို့ အကြောင်းအမျိုးမျိုးပြပြီး အာဏာသိမ်းထားတာပဲ။ ဒါတွေကို သုံးသပ်ကြည့်ရင် မြန်မာစစ်တပ်က ပြည်သူတွေ နစ်နာမှာစိုးလို့ သူတို့ စစ်မတိုက်ဘူးဆိုတာကတော့ ဒါဟာ ယုတ္တိမတန်တဲ့ စကားလုံးပဲ ဖြစ်တယ်။ မြန်မာစစ်တပ်အနေနဲ့ ဘယ်ခေတ်နဲ့မှ မတူအောင် အကျပ်အတည်းတွေကို ရင်ဆိုင်နေရတာဖြစ်လို့ ဒီလို စကားမျိုး သူတို့ ပြောနေတာလို့ ကျနော်ကတော့ သုံးသပ်တယ်။”

စစ်ပွဲထက်ဆိုးသည့် အကျပ်အတည်း 

“စစ်ပွဲဖြစ်ရင် ပြည်သူတွေ နစ်နာမယ်ဆိုတာကတော့ ထမင်းစားတဲ့သူတိုင်း သိတဲ့ကိစ္စဖြစ်တယ်။ အခုက စစ်မဖြစ်ဘဲနဲ့ ကျနော်တို့ ရခိုင်ပြည်သူတွေကို ငတ်ပြတ်အောင် လုပ်နေတာက ပိုပြီးခံရခက်တယ်။ အခုက ကျနော်တို့ ရခိုင်ပြည်ထဲမှာ စစ်ဖြစ်နေတာထက် ပိုပြီးဆိုးဝါးတဲ့ ငတ်ပြတ်မှုတွေ၊ စီးပွားရေးအကျပ်အတည်းတွေ၊ ရခိုင်ပြည်ကလူတွေ အလုပ်အကိုင်မရှိတာတွေ၊ ကုန်ပစ္စည်းတွေ အဆမတန် ဈေးတက်တာတွေကြားမှာ အမျိုးမျိုး ခံနေရတာတွေဟာ အများကြီး အခက်အခဲ ဖြစ်လာနေတယ်။ ဒီဟာတွေကို ပြေလည်အောင် ဖြေရှင်းဖို့ မကြိုးစားဘဲ လုံခြုံရေးတွေ ပိုပြီးတင်းကျပ်လာတာက မြန်မာစစ်တပ်ဟာ ဘယ်ဘက်ကို ဦးတည်ပြီးသွားနေသလဲဆိုတာ အားလုံးသိတဲ့ကိစ္စ ဖြစ်တယ်။”

အပြောနဲ့အလုပ်လွဲမှားနေ

“နောက်တခုကတော့ နေပြည်တော်မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တို့ ပြောတာကတော့ ငြိမ်းချမ်းရေးပေါ့။ အောက်ခြေမှာတော့ ထိပ်တိုက်တွေ့ရေး၊ ပြည်သူတွေကို အကျပ်အတည်းတွေ့ရေး တောက်လျှောက် ဦးတည်ပြီးလုပ်နေတာတွေ တွေ့ရတယ်။ အထက်က ပြောတာနဲ့ အောက်ခြေက လုပ်နေတာတွေဟာ တလွဲစီ ဖြစ်နေတာ ကျနော်တို့ တွေ့ရတယ်။ ဒါတွေဟာ ပိုပြီးသံသယဖြစ်စရာကိစ္စတွေ ဖြစ်တယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ကတော့ မြန်မာစစ်တပ်ဘက်က ဘယ်လိုစကားလုံးမျိုးတွေ ပြောနေတယ်ဆိုတာထက် မြန်မာစစ်တပ်ဘက်က ဘာတွေ လုပ်နေသလဲဆိုတာ ကျနော်တို့ မြင်အောင်ကြည့်ပြီး လက်တွေ့ကျကျ အလုပ်လုပ်သွားမှာ ဖြစ်တယ်။ လက်ရှိအခြေအနေကတော့ အကောင်းဘက်ကို ဦးတည်နေတာထက် အဆိုးဘက်ကို ရွေးနေတယ်လို့ ကျနော်တို့က သုံးသပ်တယ်။”

6 months Ago
Up