close

အောက်စီဂျင်ပြတ် သေဆုံး

close

November 14, 2022

မြိတ်မြို့နယ်ရှိ ငါးအမှုန့်ကြိတ်စက်ရုံတွင် ဝန်ထမ်း ၃ ဦး အောက်စီဂျင်ပြတ်ပြီး သေဆုံး

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်ရှိ Vantage ကုမ္ပဏီပိုင် ငါးအမှုန့်ကြိတ်စက် ပါကေးကန်ထဲမှာ စက်ပြင်ဖို့ ဆင်းသွားတဲ့  ၃ ယောက် အောက်ဆီဂျင် ပြတ်လပ်ပြီး သေဆုံးခဲ့ကာ ၂ ယောက်ကိုတော့ အရေးပေါ်လူနာအဖြစ် မြိတ်ဆေးရုံကြီးကို ပို့ထားရတယ်လို့ သွားရောက်ကူညီခဲ့တဲ့ လူမှုကူညီရေးအသင်းဝင်က ပြောပါတယ်။ 

နိုဝင်ဘာလ ၁၃ ရက် ည ၈ နာရီလောက်က မြိတ်မြို့ အင်းလေးမြိုင် စက်မှုဇုန်ဝင်းအတွင်းမှာရှိတဲ့ Vantage ကုမ္ပဏီက ဝန်ထမ်းတယောက်က  ပါကေးငါးတွေ ကြိတ်ရာမှာ အသုံးပြုတဲ့ကန်ထဲက စက်ချိန်းကြိုးတခု ပြုတ်သွားလို့ ကန်ထဲဆင်းပြီး ပြင်ရာကနေ တက်မလာတဲ့အတွက် နောက်ထပ် ဝန်ထမ်းတွေကထပ်ပြီး ဆင်းတဲ့အချိန်မှာတော့ အခုလို အောက်ဆီဂျင်ပြတ်လပ်ပြီး သေဆုံးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ 

အဲဒီစက်က ပါကေးငါးတွေကို အမှုန့်ကြိတ်ရာမှာအသုံးပြုတဲ့ တွင်းပုံစံမျိုးဖြစ်ပြီး သံဘောင် လှေကားနဲ့ဆင်းရတာဖြစ်ကာ တွင်းထဲဆင်းခဲ့တဲ့ ဝန်ထမ်း ၅ ယောက်ထဲမှာ  အပေါ်ဆုံးက ၂ ယောက်ကိုပဲ အချိန်မီကယ်တင်နိုင်ခဲ့တယ်လို့ ကယ်ဆယ်ရေးသမားက ပြောပါတယ်။

ငါးအမှုန့်ကြိတ်စက်ရုံမှာ ငါးကြိတ်ကန်အတွင်း မော်တာချိန်းကြိုးပြုတ်ထွက်လို့ ပြန်လည်ဆယ်ယူဖို့ ကန်အတွင်းသို့ဆင်းရာမှာ အောက်ဆီဂျင်ပြတ်လပ်လို့ အမျိုးသား ၃ ယောက် သေဆုံးသွားပြီး ၃ ယောက်ကိုတော့  အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်ခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့ကလည်း သတင်းထုတ်ပြန်ထားပါတယ်။ 

ပြီးခဲ့တဲ့ နှစ်တွေတုန်းကလည်း မြိတ်မြို့က ငါးမှုန့်ကြိတ်စက်ရုံဆိပ်ကမ်းမှာရပ်နားထားတဲ့ ငါးဖမ်းသင်္ဘောဝမ်းထဲမှာ အခုလို အောက်ဆီဂျင်ပြတ်လပ်ပြီး သေဆုံးခဲ့တာ ရှိပါတယ်။ 

အခုလို ဝန်ထမ်းတွေသေဆုံးမှုနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ ကုမ္ပဏီနဲ့ တာဝန်ရှိသူတွေက ဘယ်လို ဆောင်ရွက်နေတယ်ဆိုတာကိုတော့  မသိရသေးပါဘူး။

14 mins Ago

June 12, 2020

လုံးခင်းဒေသ၌ ရေတွင်းထဲ အမှိုက်ဆင်းဆယ်သူ ၃ ဦး အောက်စီဂျင်ပြတ် သေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းဒေသ ဆိုင်းရာရွာနေ အိမ်ခြံဝင်းအတွင်း ဇွန် ၁၁ ရက် ည ၇ နာရီကျော်က ရေတွင်းထဲ အမှိုက်ဆင်းဆယ်သူ အမျိုးသား ၃ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ အခင်းဖြစ်ရာကို လုံးခင်းရဲစခန်းမှတာဝန်ရှိသူတွေ ကျေးရွာတာဝန်ခံ သက်သေတွေနဲ့အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ ပဲခူးတိုင်းရေတာရှည်မြို့နေ မောင်ဆန်းအေး (၂၇ နှစ်)၊ ပလက်ဝချင်းပြည်နယ်နေ ဦးကျော်အောင် (၃၄ နှစ်)၊ ပလက်ဝ ချင်းပြည်နယ်နေ ဦးနေဝင်း (၃၅ နှစ်) တို့ ၃ ဦး သေဆုံးနေတာကို တွေ့ရတာပါ။ ဖြစ်ပွားပုံမှာ မောင်ဆန်းအေး ရေတွင်းအတွင်းအမှိုက်ဆင်းဆယ်စဉ် အသက်ရှူကြပ် ရေနစ်နေတဲ့အတွက် ဦးကျော်အောင်နဲ့ ဦးနေဝင်းက ဆင်းကယ်စဉ် ၃ ဦးစလုံး အောက်စီဂျင်ပြတ် သေဆုံးခဲ့တာလို့ သိရပါတယ်။ ၃ ဦး သေဆုံးတာ ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်မဟုတ် စုံစမ်းဖို့ သေမှုသေခင်းအမှတ် ၁၀/၂၀၂၀ နဲ့ လုံးခင်းတိုက်နယ်ဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။ သတင်း - မုန်းမုန်းမင်း
2 years Ago
Up