close

အောက်ဆီဂျင်စက်

close

September 1, 2021

ရှမ်းပြည်နယ်ရှိ ဆေးရုံများအတွက် SSPP/SSA က အောက်ဆီဂျင်စက်များ လှူဒါန်း

ရှမ်းပြည်နယ်ရှိ ဆေးရုံတွေနဲ့ ကျေးရွာတွေအတွက် ရှမ်းပြည်တိုးတက်ရေးပါတီ-ရှမ်းပြည်တပ်မတော် SSPP/SSA လက်နက်ကိုင်အဖွဲ့ကနေပြီး အောက်ဆီဂျင်ပေးစက် အလုံးပေါင်း ၁၅၀ လှူဒါန်းခဲ့ပါတယ်။

ပြည်နယ်တွင်းရှိ ကိုဗစ်- ၁၉ လူနာတွေ အောက်ဆီဂျင်ပြတ်လို့ သေဆုံးရတာကနေ  ကင်းဝေးစေဖို့အတွက် ရည်ရွယ်လှူဒါန်းတာလို့ SSPP/SSA လက်နက်ကိုင်အဖွဲ့ရဲ့ လူမှုကွန်ရက်မှာ ရေးသား‌ဖော်ပြပါတယ်။ 

အဆိုပါအောက်ဆီဂျင်စက်တွေကို ဩဂုတ်လ ၂၆ ရက်မှ ၂၉ ရက်နေ့တွေ အတွင်း မိုင်းရှူး၊ မိုင်းနောင်၊ ကျေးသီး၊ နမ့်လန်၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ နောင်မွန်၊ မံစံမိုင်းမု၊ သိန္နီ၊ ပြင်ဦးလွင်၊ ပင်လုံ၊ လွိုင်လင်၊ မိုင်းရယ်၊ မိုင်းကိုင်၊ လဲချား အစရှိတဲ့ ပြည်သူ့ဆေးရုံတွေမှာ တစ်နေရာကို ၅ လုံးစီလှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် မိုင်းကောင်၊ မိုင်းအွတ်၊ မံစံမိုင်းမု၊ မိုင်းရင် အစရှိတဲ့ ကျေးရွာအုပ်စုတွေကိုလည်း တရွာလျှင် ၂ လုံးမှ ၃ လုံးထိ  လှူဒါန်းခဲ့ပါတယ်။ 

SSPP/SSA ထိန်းချုပ်နယ်မြေနဲ့ လက်လှမ်းမီရာဒေသမှ ပြည်သူတွေအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးနိုင်ဖို့ တရုတ်နိုင်ငံမှ Cansinobio အမျိုးအစား ကို့စ်ပေါင်း ၅ သိန်း မှာယူခဲ့တယ်လို့ ဒီဗွီဘီကို ပြောခဲ့ဖူးပါတယ်။

SSPP/SSA အဖွဲ့အစည်းဟာ အစိုးရနဲ့ တနိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေးစာချုပ် (အန်စီအေ) လက်မှတ်မထိုးသေးတဲ့အဖွဲ့ဖြစ်ပါတယ်။

UWSA ဝ တပ်ဖွဲ့ ဦးဆောင်တဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်ဖြစ်ပြီး လတ်တလော ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင်ထဲမှာ TNLA ပလောင်တပ်ဖွဲ့နဲ့ ပေါင်းပြီး RCSS/SSA အဖွဲ့နဲ့တိုက်ပွဲတွေဖြစ်နေပါတယ်။

1 hour Ago

August 9, 2021

ပုသိမ်မြို့ အောက်ဆီဂျင်စက်အတွက် စစ်တပ်ကို ကျေးဇူးတင်ကြောင်းပြောသူ ၂ ဦး သတိပေးခံရ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ ကိုဗစ်တတိယလှိုင်းကာလ အရေးပေါ် အောက်ဆီဂျင် လိုအပ်တာကြောင့် မြို့သူမြို့သားတွေဆီက အလှူငွေကောက်ခံပြီး ဝယ်ထားတဲ့ အောက်ဆီဂျင်စက်နဲ့ပတ်သက်ပြီး စစ်တပ်အပေါ် ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့တဲ့ We Love Pathein အဖွဲ့က တာဝန်ရှိသူ ၂ ဦး သတိပေးခံခဲ့ရတယ်လို့ သိရပါတယ်။

ပုသိမ်သူ ပုသိမ်သားတွေရဲ့ စုပေါင်းအလှူငွေတွေကို We Love Pathein အသင်းကနေ ဦးဆောင်ပြီး အောက်ဆီဂျင်စက်ကို မှာယူခဲ့တာဖြစ်ပါတယ်။

စက်ရောက်ရှိလာတဲ့အချိန် အာဏာသိမ်းစစ်ကောင်စီက ခန့်အပ်ထားတဲ့ တိုင်းဝန်ကြီးချုပ်နဲ့ စစ်တိုင်းမှူးတို့ လာရောက်ကြည့်ရှုခဲ့တာနဲ့ပတ်သက်ပြီး လိုအပ်တာထက်ပိုကျေးဇူးတင်ကြောင်း ပြောဆိုခဲ့တဲ့အပေါ် လိုင်းပေါ်ကနေ ကျည်ဆန် ၂ တောင့်နဲ့အတူ သတိပေးခဲ့တာလို့ မြို့ခံတစ်ဦးက ပြောပါတယ်။

“စက်စသယ်တဲ့ညထဲက live လွှင့်ပြီး သူတို့ပေ့ချ်ကနေ ကျေးဇူးတင်ကြောင်း ပြောတာမှာ လိုအပ်တာထက်ပိုပြီး အဘတို့ကောင်းလို့ ဒီစက်ရောက်လာတာဆိုတော့ မြို့သားတွေက နာတာ အားလုံးထည့်ဝင်ထားတဲ့ အလှူငွေနဲ့ မျက်နှာလုပ်ပြီး တရားဝင်ဘောမနေတာ။”

စစ်တပ်ကျေးဇူးက ဘယ်တုန်းကမှ တိုင်းပြည်မှာ မရှိခဲ့သလို ခုလို အချိန်မှာ မချစ်သော်လည်း အောင့်ကာနမ်းရမယ်ဆိုတယ် စကားကို အားလုံး နားလည်ကြပြီး ခုလို လိုအပ်တာထက် ပိုဘောမနေတဲ့အပေါ် တခြားမြို့တွေက လှောင်ပြစရာဖြစ်မှာ စိတ်ပူမိတယ်လို့ ဆိုပါတယ်။

ခုလိုမျိုး အများပြောစရာဖြစ်အောင် စစ်တပ်ကျေးဇူးအများကြီးရှိကြောင်းပြောဆိုခဲ့တဲ့ We Love Pathein အသင်းက တာဝန်ရှိသူ ၂ ဦးကို ပုသိမ်မြို့ခံ PDF တွေက လိုင်းပေါ်ကနေ နာမည်ရေးထားတဲ့ စာရွက်တွေပေါ် ကျည်ဆန်တင်ထားတဲ့ ဓာတ်ပုံနဲ့ သတိပေးခဲ့တာလည်း ဖြစ်ပါတယ်။

အောက်ဆီဂျင်စက် ရောက်လာတာနဲ့ပတ်သက်ပြီး ကျေးဇူးတင်စကား ပြောရတာနဲ့ပတ်သက်ပြီး ခုလိုအချိန်မှာ အောက်ဆီဂျင် အရေးတကြီး လိုအပ်နေတာကြောင့် ဌာနဆိုင်ရာအကူအညီ အဆင့်ဆင့်ရယူခဲ့ရတဲ့အပေါ် ကျေးဇူးတင်စကားပြောဆိုတာသာ ဖြစ်တယ်လို့ We love Pathein အသင်းရဲ့ တာဝန်ရှိသူတစ်ဦးက ပြန်လည် ပြောဆိုပါတယ်။

“ခုစက်က ပြည်သူတွေအားလုံး ပိုက်ဆံနဲ့ဝယ်ထားတာပါ၊ ဒါလည်း ထည့်ရေးပါတယ်။ ဒါပေမဲ့ ဒီစက် ခုလိုမြန်မြန်နဲ့ရောက်လာဖို့ကတော့ ဌာနဆိုင်ရာအဆင့်ဆင့်ရဲ့ အကူအညီလိုပါတယ်။ အဲဒါကြောင့် ရောက်လာချိန်မှာ ကျေးဇူးတင်စကားပြောတာပါ၊ နားလည်မှုလွဲသွားစေတဲ့အပေါ်မှာ တောင်းပန်စကားလည်း ပြန်တင်ထားပါတယ်” လို့ ပြောပါတယ်။

ပုသိမ်မြို့ကို သြဂုတ်လ ပထမပတ်အတွင်းရောက်ရှိလာတဲ့ အောက်ဆီဂျင်စက်ဟာ ဧရာဝတီတိုင်းမှာ ပထမဆုံး ကိုယ်ထူကိုယ်ထ အလှူငွေကောက်ခံပြီး ဝယ်ယူတဲ့စက်လည်း ဖြစ်တယ်လို့ သိရပါတယ်။

3 weeks Ago
Up