အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီ ပေလိုစီဟာ ထိုင်ဝမ်မှာ ထင်ရှားတဲ့ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ အများအပြားကို သြဂုတ် ၃ ရက်မှာ တွေ့ဆုံခဲ့ပါတယ်။
နယူးထိုင်ပေမြို့က ရှင်းဒီယံမှာရှိတဲ့ အမျိုးသားလူ့အခွင့်အရေးပြတိုက်မှာ ပေလိုစီ တွေ့ဆုံခဲ့သူတွေထဲမှာ ၂၀၁၉ ခုနှစ်က ထိုင်ဝမ်ကို ထွက်ပြေးခဲ့တဲ့ ဟောင်ကောင်စာအုပ်ရောင်းသူ လမ်ဝင်းခီ၊ တီယန်နန်မင်ရင်ပြင် အရေးအခင်း အတိုက်အခံဟောင်း ဝုအော် ခိုက်ရှီနဲ့ မလွတ်မြောက်မီ တရုတ်နိုင်ငံမှာ ထောင်ဒဏ်ငါးနှစ် ချမှတ်ခံခဲ့ရတဲ့ ထိုင်ဝမ်တက်ကြွလှုပ်ရှားသူ လီမင်ဂ်ချယ်တို့ ပါပါတယ်။
တရုတ်နိုင်ငံက ပေလိုစီရဲ့ ထိုင်ဝမ် ဒီမိုကရက်တစ်ကျွန်းစုဆီ လာရောက်လည်ပတ်တဲ့ ခရီးစဉ်ကို ရှုတ်ချခဲ့ပါတယ်။
တရုတ်ပြည်မကြီးအစိုးရကလည်း ထိုင်ဝမ်ကျွန်းနားမှာ ဗုဒ္ဓဟူးနေ့က စစ်ရေးလေ့ကျင့် တုံ့ပြန်ခဲ့ပြီး တရုတ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးကို ဆင့်ခေါ်ခဲ့ပါတယ်။
၁၉၈၉ ခုနှစ်က တီယန်နန်မင်ရင်ပြင်နဲ့ အနီးတဝိုက်မှာ ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြသူတွေအပေါ် နှိမ်နင်းမှုနဲ့ တရုတ်နိုင်ငံ ရှင်းကျန်းပြည်နယ်က ဝီဂါ မွတ်စလင်တွေအပေါ် ဆက်ဆံမှုတွေနဲ့ ပတ်သက်ပြီး အသက် ၈၂ နှစ်အရွယ် ပေလိုစီက ဝေဖန်ပြစ်တင်ခဲ့လို့ တရုတ်ပြည်မကြီးအစိုးရက ဒေါသထွက်ခဲ့ပါတယ်။