ရေစကြိုမြို့နယ် အောင်ပန်းကျေးရွာနေ ပျူစောထီးအဖွဲ့ဝင် ဒလန်တစ်ဦးအား ဇွန်လ ၂၇ ရက်နေ့ ညပိုင်းမှာ သုတ်သင်ရှင်းလင်းခဲ့ကြောင်း ဇွန်လ ၂၈ ရက်နေ့ရက်စွဲနဲ့ PDF (ရေစကြို) အဖွဲ့က ထုတ်ပြန်ထားပါတယ်။
ပြည်သူကာကွယ်ရေးတပ်ဖွဲ့(ရေစကြို) ကို စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းရေး၊ ပြည်သူလူထု အသက်အိုးအိမ်ကာကွယ်ရေးအတွက် ဖွဲ့စည်းထားတာဖြစ်ပြီး အကြိမ်ကြိမ် သတိပေးခဲ့ပေမယ့် မလိုက်နာဘဲ စစ်ကောင်စီကိုသတင်းပေးကာ ပြည်သူလူထုကို အန္တရာယ်ပြုပြီး ပျူစောထီးအဖြစ် ဆက်လက်လုပ်နေတာကြောင့် ရှင်းလင်းခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။
PDF (ရေစကြို) ရဲ့ သတိပေးမှုတွေကို အလေးမထားဘဲ ဒလန်ပြုလုပ်ခြင်းနဲ့ ပျူစောထီးအဖွဲ့ဝင်အဖြစ် လုပ်ဆောင်နေသူတွေကိုလည်း ဆက်လက်ရှင်းလင်းသုတ်သင်သွားမယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ အောင်ပန်းကျေးရွာမှာ မေလ ၃ ရက် မနေ့ ညက ဒေသခံ သပိတ်ခေါင်းဆောင်တစ်ဦးရဲ့ နေအိမ်ကို အကြမ်းဖက်စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေက ဝင်ရောက်မွှေနှောက်ပြီး ငွေကျပ် ၅ သိန်း ယူဆောင်သွားတယ်လို့ ရွာသားတွေထံက သိရပါတယ်။
ရွာမှာ စစ်အာဏာရှင်ဆန့်ကျင်ညသပိတ် ပြုလုပ်တာကို ဒလန်တွေက သတင်းပေးလို့ အကြမ်းဖက်စစ်ကောင်စီရဲ့ ရဲကားနဲ့စစ်ကား ၄ စီးလောက် ရောက်လာပြီးတော့ ည ၁၁ နာရီလောက်မှာ သပိတ်ခေါင်းဆောင်ရဲ့နေအိမ်ကို မွှေနှောက်ကာ ဆိုင်ကယ်တစ်စီးကို ရှို့ဖျက်ဆီးခဲ့သလို ငွေတွေလည်း ယူသွားတာလို့ ရွာသားတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။
ရေစကြိုမြို့နယ်ထဲမှာ မြို့ပေါ်ရပ်ကွက်တွေအပါအဝင် ကျေးရွာဘက်တွေမှာ အကြမ်းဖက်စစ်အာဏာရှင်ပြုတ်ကျရေးအတွက် ပြည်သူတွေက နေ့စဉ် နေ့သပိတ်နဲ့ ညသပိတ်တွေ ပြုလုပ်ပြီး နည်းမျိုးစုံနဲ့ တော်လှန်ဆန္ဒပြနေကြတာလည်း ဖြစ်ပါတယ်။