close

အောင်လအန်ဆန်း

close

May 6, 2023

အောင်လအန်ဆန်းက တရုတ်ဖိုက်တာ ဖန်ရောင်းကို ချုပ်ကွက်ဖြင့်အနိုင်ရ

အမေရိကန်နိုင်ငံ၊ ကော်လိုရာဒိုပြည်နယ်၊ ဒန်ဗာမြို့မှာ မြန်မာစံတော်ချိန် မေလ ၆ ရက် မနက်က One Championship ရဲ့ MMA မစ်ဒယ်ဝိတ်တန်းပွဲစဉ်ယှဉ်ပြိုင်ထိုးသတ်ရာမှာ မြန်မာကိုယ်စားပြု  အောင်လအန်ဆန်းက တရုတ်ဖိုက်တာ ဖန်ရောင်းကို ဒုတိယအချီမှာ ချုပ်ကွက်နဲ့ အနိုင်ရသွားပါတယ်။ 

၅ မိနစ်ပွဲ ၃ ချီအထိ ထိုးသတ်ရမယ့် ပွဲစတင်ချိန် ပထမအချီ ၂ မိနစ်လောက်အထိ အောင်လနဲ့ ဖန်ရောင်းတို့ MMA ဝိုင်းထဲမှာ ထိုးသတ်ချက်တွေ မထိသေးလို့ ဒိုင်က သတိပေးခဲ့ရပြီး ၃ မိနစ်အကျော်မှာ အောင်လရဲ့ လက် သီးချက်ကြောင့် ဖန်ရောင်း ဘယ်မျက်ခုံးကွဲသွားခဲ့ကာ အပြန်အလှန် ထိုးသတ်ချက်တွေနဲ့ ပထမအချီ ပြီးဆုံးခဲ့ပါတယ်။ 

ဒုတိယအချီအစမှာ ဖန်ရောင်းက ပိုမို ဖိအားပေးထိုးသတ်လာပြီး သူရဲ့ လက်သီးချက်ကြောင့် အောင်လ ယိုင်သွားတဲ့အချိန် ဝင်လုံးခဲ့ရာမှ အောင်လက လည်ပင်းချုပ်ကွက် ရသွားပြီး ဒုတိယအချီ ၄၇ စက္ကန့်မှာ ဖန်ရောင်က လက်ပုတ်ပြကာ အရှုံးပေးခဲ့ရပါတယ်။ 

အောင်လနဲ့ ယှဉ်ပြိုင်ထိုးသတ်ခဲ့တဲ့ တရုတ်နိုင်ငံသား MMA ဖိုက်တာ ဖန်ရောင်းဟာ အသက် ၂၉ နှစ်၊ အရပ် ၆ ပေ ၁ လက်မ၊ ၂၀၅ ပေါင်၊ ထိရောက်အကွာအဝေး ၆၉  လက်မနဲ့ နပန်းကစားသမားတစ်ဦး ဖြစ်တဲ့အပြင် Stand Fight ရော၊ Ground Game အားကောင်းသူတစ်ဦး ဖြစ်ပါတယ်။ 

အောင်လကတော့ အသက် ၃၇ နှစ်၊ အရပ် ၆ ပေ ၁ လက်မ၊ ၂၀၃ ဒသမ ၂၅ ပေါင်၊ ထိရောက်အကွာအဝေး ၇၃ လက် မ နဲ့  Stand Fight ပိုင်း ပိုအားသာသူပါ။ 

ပွဲစဉ်အပြီးမှာ အောင်လက မြန်မာနိုင်ငံအတွက် ဆုတောင်းပေးကြဖို့နဲ့ မစ်ဒယ်ဝိတ်ချန်ပီယံခါးပတ်ကို စိန်ခေါ်ပွဲ ထိုးချင်ပါတယ်လို့ ပြောသွားခဲ့ပါတယ်။

မြန်မာ့စပါးအုံး အောင်လအန်ဆန်းဟာ အခုပွဲစဉ်မှာ One Championship နဲ့ စာချုပ်သက်တမ်းပြည့်သွားတဲ့ ပွဲဖြစ်ပြီး အနိုင်ရရှိပါက စာချုပ်သက်တမ်းတိုးကာ မစ်ဒယ်ဝိတ်ချန်ပီယံခါးပတ်ကို စိန်ခေါ်ခွင့် ရမယ်လို့ သိရပါတယ်။

မစ်ဒယ်ဝိတ်ချန်ပီယံ ရိုင်နီယာဒီရိုင်ဒါကတော့ ပွဲစဉ် ၄ ပွဲမြောက်မှာ BBJ ကမ္ဘာချန်ပီယံဟောင်း ဂါဘောင်အိုရဲ့ တပည့် Tye Ruotolo နဲ့ Grappling သီးသန့် ၁၀ မိနစ်ပွဲ ယှဉ်ပြိုင်တာမှာ ဒိုင်အဆုံးအဖြတ်နဲ့ ရှုံးနိမ့်သွားပါတယ်။ 

7 hours Ago

April 22, 2021

မြန်မာပြည်သူများ အကြမ်းဖက်ခံနေရသည့်ကိစ္စ တားဆီးပေးရန် အောင်လအန်ဆန်း တောင်းဆို

မြန်မာပြည်သူတွေ အကြမ်းဖက်တိုက်ခိုက်ခံနေရတဲ့ အခြေအနေကို ဝင်ရောက်တားဆီးပေးဖို့ One Championship လိုက်ဟဲဗီးဝိတ်ချန်ပီယံ အောင်လအန်ဆန်းက အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ထံ တောင်းဆိုလိုက်ပါတယ်။

သမ္မတဘိုင်ဒင်အနေနဲ့ မြန်မာစစ်အစိုးရကို ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် စကားပြောနိုင်ရင် နေ့တိုင်းဒုက္ခခံစားနေရတဲ့ မြန်မာနိုင်ငံသားတွေအတွက် အကူအညီဖြစ်စေနိုင်လိမ့်မယ်လို့ ပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ သတင်းမီဒီယာတွေ ကန့်သတ်ပိတ်ဆို့ခံနေရတဲ့အကြောင်း လူမှုကွန်ယက်တွေမှာလည်း စစ်အစိုးရကို ဆန့်ကျင်ပြောဆိုလို့မရဘဲ အိမ်တွေထဲအထိ လာရောက်ဖမ်းဆီးခံနေရတဲ့ကြောင်းနဲ့ သမ္မတဘိုင်ဒင်အနေနဲ့သာ  စစ်ဗိုလ်ချုပ်တွေနဲ့ မြန်မာစစ်တပ်ကို ဆက်သွယ်ပြောဆိုနိုင်မယ်ဆိုရင် မြန်မာနိုင်ငံသားတွေ အားလုံးက ကျေးဇူးတင်ကြပါလိမ့်မယ်လို့ တိုက်တွန်းပြောဆိုလိုက်ပါတယ်။ 

အောင်လအန်ဆန်းက သူ့အနေနဲ့ မြန်မာနိုင်ငံတွင်းက အကြမ်းဖက်မှုတွေကို အရေးတကြီး ရပ်ဆိုင်းစေချင်တဲ့အကြောင်း ပြည်တွင်းမှာ လူငယ်တွေ ကလေးငယ်တွေ ရက်ရက်စက်စက်အသတ်ဖြတ်‌ခံနေရတဲ့ ဗီဒီယိုတွေ အများကြီးလက်ခံရရှိခဲ့ပြီး ပြန်လည်ဖြန့်ဝေခဲ့တယ်လို့လည်း ပြောပါတယ်။

Photo Credit-AungLaNsang

2 years Ago
Up