close

"အောင်လံလွှင့်ချီနွေဦးထီ"

close

August 16, 2021

"အောင်လံလွှင့်ချီနွေဦးထီ"ကို ဒုတိယမြောက်နေ့အဖြစ် အစောင်ရေ ၅၀,၀၀၀ ထပ်ရောင်းချပေးမည်

"အောင်လံလွှင့်ချီနွေဦးထီ"ကို ဒီကနေ့ ဩဂုတ် ၁၆ ရက် ညနေ ၄  နာရီ တိတိမှာ  ဒုတိယမြောက်နေ့အဖြစ်  အစောင်ရေ  ၅၀,၀၀၀ ထပ်မံ ရောင်းချပေးသွားမယ်လို့  ကြေညာထားပါတယ်။ 

အောင်လံလွှင့်ချီ နွေဦးထီရဲ့ https://web.facebook.com/nuglottery လူမှုကွန်ရက်စာမျက်နှာဟာလည်း  Blue Mark အပြာရောင် အမှတ်အသားရရှိသွားပြီးဖြစ်ပြီး  အတုအပ ဆင်တူယိုးမှား ပေ့ချ်တွေနဲ့ အလွယ်တကူခွဲခြားလို့ ရသွားပြီလို့လည်း ထုတ်ပြန်ထားပါတယ်။

ထီထိုးသူ နွေဦးတော်လှန်ရေး သူရဲကောင်းတွေအတွက် ပိုမိုစိတ်ချရစေရဖို့ နည်းပညာလုံခြုံရေးကွန်ယက်အား မွမ်းမံပြင်ဆင်နေရလို့ ပုံမှန်သတ်မှတ်ချိန် မနက် ၁၀ နာရီမှာ စတင်ရောင်းချခြင်းမပြုနိုင်တဲ့ အတွက်လည်း အနူးအညွှတ် တောင်းပန်တယ်လို့ဆိုပါတယ်။ 

နွေဦးထီကို အသံတိတ်ပါဝင် ဆင်နွှဲပေးကြဖို့နဲ့ မိမိတို့ရဲ့ ငွေပေးချေမှုစနစ်အား အကြမ်းဖက်စစ်ကောင်စီ ခြေရာခံဖို့ မလွယ်အပ်တဲ့ နည်းလမ်းနဲ့ စိတ်ရှည်စွာ စီစဉ်ဆောင်ရွက်ပေးကြဖို့လည်း အကြံပြုထားပါတယ်။

ထီထိုးမယ့်သူတွေအနေနဲ့ ထီဝယ်ယူတဲ့ လုပ်ငန်းစဉ် မြန်ဆန်ချောမွေ့စေဖို့ မိမိတို့အမှန်တကယ်အသုံးပြုလိုတဲ့ Signal သို့မဟုတ် Telegram ဖုံးနံပါတ် တစ်ခုအား ကြိုတင်ဖန်တီးထားကြဖို့လည်း  မေတ္တာရပ်ခံတိုက်တွန်းထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ရောင်းချတဲ့ အောင်လံလွှင့်ချီ နွေဦးထီဟာ အာဏာသိမ်းစစ်ကောင်စီရဲ့  ခြိမ်းခြောက်မှုရှိနေတဲ့ကြားထဲက ပထမဆုံးအကြိမ် စတင်ရောင်းချခဲ့တဲ့  မနေ့ ညနေခင်းအချိန်မှာပဲ ထီထိုးတဲ့သူ တအားများခဲ့လို့ နာရီပိုင်းအတွင်းမှာ တစ်ရက်စာရောင်းဖို့သတ်မှတ်ထားတဲ့ လက်မှတ်အရေအတွက် ၅၀,၀၀၀ စလုံး ကုန်သွားခဲ့ပါတယ်။

NUGစီမံကိန်း၊ ဘဏ္ဍာနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ဒုဝန်ကြီ ဦးမင်းဇေယျာဦးက "ကျနော်တို့ သက်မှတ်ထားတဲ့ အစောင်ရေပြည့်သွားတာပေါ့။ ထီအစောင်ရေပြည့်သွားတယ်ဆိုတာ အော်ဒါမှာတင်ပြည့်သွားတာပါ။ ညနေ ၄ နာရီကနေ စရောင်းတယ်။ တစ်နာရီအတွင်း အော်ဒါပြည့်သွားတယ်ပေါ့လေ။ အစောင်ရေပြည့်သွားပေမယ့် အလုပ်ကတော့ ဆက်လုပ်နေတဲ့ သဘောရှိပါတယ်။ ထီက တရက်ထဲရောင်းတာမဟုတ်ပါဘူး။ နောက်နေ့တွေလည်း ဆက်ရောင်းမှာပါ။ အခုဟာက Pilot Project ဖြစ်တဲ့အတွက်ကြောင့်မို့ အရောင်းရပ်လိုက်တာပါ" လို့ ဒီဗွီဘီကို ပြောပါတယ်။

ထီရောင်းရငွေရဲ့ ၇၀ ရာခိုင်းနှုန်းကို CDM ဝန်ထမ်းတွေအတွက် ကူညီပေးရာမှာ အသုံးပြုမှာဖြစ်ပြီး  ၃၀ ရာခိုင်နှုန်းကိုတော့ ဆုကြေးအဖြစ် သတ်မှတ်ထားတာပါတယ်။ ထီပေါက်တဲ့သူကို မှတ်တမ်းတင်ထားမှာဖြစ်ပြီး ပေါက်တဲ့သူရဲ့ wallet account  ထဲကို ထီပေါက်စဉ်ထွက်ပြီးသွားရင် ပြန်ထည့်ပေးသွားမှာပါလို့  NUG အစိုးရမှ ဒုဝန်ကြီး ဦးမင်းဇေယျာဦးက ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်ကတော့  NUG ကဖွင့်လှစ်မယ့် ထီကို ရောင်းချသူတွေကိုရော ထီထိုးသူတွေကို  တရားစွဲ၊ ဖမ်းဆီး၊ ထောင်ချ အရေးယူမယ်လို့ ခြိမ်းခြောက်ထားပါတယ်။

7 mins Ago
Up