ရုရှားတရားရေး ဝန်ကြီးဌာနဟာ နာမည်အကြီးဆုံး ရက်ပါအနုပညာရှင်တယောက်ဖြစ်တဲ့ အော့ခ်စီ မီရွန်ကို နိုင်ငံခြားသူလျှို အေးဂျင့်ဖြစ်တယ်လို့ အောက်တိုဘာ ၇ ရက်မှာ ကြေညာလိုက်ပါတယ်။
အော့ခ်စီ မီရွန်အား သတင်းထောက် ၄ ယောက်၊ နာမည်ကြီး စာရေးဆရာ ဒီမီထရီဂလူကော့ဗ်စကီး နဲ့အတူ နိုင်ငံခြားသူလျှိုအေးဂျင့် စာရင်းထဲ ထည့်ထားပါတယ်။
နာမည်ကျော် ရက်ပ်ပါ အော့ခ်စီမီရွန်ဟာ ယူကရိန်းကျူးကျော်စစ်ကို ကန့်ကွက်တဲ့အနေနဲ့ စီစဉ်ထားတဲ့ ရုရှားဖျော်ဖြေရေးခရီးစဉ်ကို ဖျက်သိမ်းခဲ့ပြီး နောက်ပိုင်းမှာ ရုရှားကနေ ထွက်ခွာခဲ့ ပြီးတော့ “စစ်ပွဲကိုဆန့်ကျင်တဲ့ ရုရှားတွေ” ဆိုတဲ့ ခေါင်းစဉ်နဲ့ တူရကီ၊ ဗြိတိန်နဲ့ ဂျာမနီတို့မှာ ဖျော်ဖြေပွဲတွေ ဆက်တိုက်လုပ်ခဲ့ပါတယ်။
ဩဂုတ်လနှောင်းပိုင်းမှာ ရုရှားအာဏာပိုင်တွေက သူတို့ဟာ နိုင်ငံရဲ့ အစွန်းရောက်ဝါဒ ဆန့်ကျင်ရေး ဥပဒေတွေအောက်မှာ အော့ခ်စီ မီရွန်ရဲ့ လုပ်ငန်းကို စုံစမ်းစစ်ဆေးနေကြောင်း ပြောကြားခဲ့ပါတယ်။
အော့ခ်စီမီရွန်ဟာ ထောင်ချခံထားရတဲ့ ကရင်မလင် ဝေဖန်ရေးဆရာ အလက်ခ်ဇီ နာဗလ်ညီအား အားပေးထောက်ခံတဲ့ ချီတက်ပွဲတွေကို တက်ရောက်ခဲ့ပြီး သူ့ရဲ့ သီချင်းစာသားတွေဟာ နိုင်ငံရေးပိုင်း ပြင်းထန်ပါတယ်။
ဟစ်ဟော့ပ်ကို ကျယ်ကျယ်ပြန့်ပြန့် လူကြိုက်များတဲ့ ရုရှားနိုင်ငံမှာ စစ်မဖြစ်ခင်က ရုရှားရဲ့ ထင်ရှားတဲ့ ရက်ပ်ပါတွေထဲမှာ အော့ခ်စီမီရွန်လည်း တဦး အပါအဝင် ဖြစ်ပါတယ်။
ဇန်နဝါရီလတုန်းက ရုရှားရဲ့ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Sergei Ryabkov က အင်တာဗျူး တခုမှာ အော့ခ်စီ မီရွန် ရဲ့ အနုပညာစွမ်းရည်ကို “အံ့ဩစရာ” အဖြစ် ချီးကျူးခဲ့ဖူးပါတယ်။