close

အော်စလို

close

December 11, 2022

၂၀၂၂ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်များကို အော်စလိုမြို့တွင် ဆုတံဆိပ်ပေးအပ်ချီးမြှင့်

၂၀၂၂ ခုနှစ်အတွက် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် သုံးဦးကို  နော်ဝေနိုင်ငံရဲ့ မြို့တော် အော်စလိုရှိ မြို့တော်ခမ်းမမှာ  ဒီဇင်ဘာ ၁၀ ရက်က ဆုတံဆိပ်တွေနဲ့ လက်မှတ်တွေကို အခမ်းအနားနဲ့ ပေးအပ်ချီးမြှင့်လိုက်ပါတယ်။

၂၀၂၂ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆုကို  ဘယ်လာရုစ်နိုင်ငံက လူ့အခွင့်အရေးလှုပ်ရှားသူ အဲလက်စ်ဘီရာလီအတ်စကီ၊ ရုရှားနိုင်ငံက Memorial လူ့အခွင့်အရေးအဖွဲ့နဲ့ ယူကရိန်းနိုင်ငံက Center for Civil Liberties လူ့အခွင့်အရေးအဖွဲ့တို့က ရရှိခဲ့ကြတာပါ။ 

အခုနှစ် အတွက် ဆုရရှိသူတွေထဲက ဖမ်းဆီးခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား  အဲလက်စ်ဘီရာလီအတ်စကီအတွက် ဆုကိုတော့သူ့ရဲ့ ဇနီး နာတာလီယာ ပင်ချော့ခ်က ကိုယ်စား  လက်ခံရယူခဲ့ပါတယ်။

အဲလက်စ်ဘီရာလီအတ်စကီဟာ ဘယ်လာရုစ်နိုင်ငံမှာ လူ့အခွင့်အရေးလှုပ်ရှားမှုတွေကြောင့် ဖမ်းဆီးခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားတဦးဖြစ်ပြီး ၂၀၂၁ ခုနှစ် ဇူလိုင်လ ၁၄ ရက်မှာ  သူ့ကို အခွန်ရှောင်မှုနဲ့ ဘီလာရုစ်အစိုးရက ထောင်ဒဏ်ချမှတ်ထားပါတယ်။

အသက် ၆၀ အရွယ် ဘီရာလီအတ်စကီဟာ ၁၉၈၀ ခုနှစ်တွေက ဘယ်လာရုစ်နိုင်ငံမှာ စတင်ခဲ့တဲ့ ဒီမိုကရေစီလှုပ်ရှားမှုကို လှုံ့ဆော်ပေးခဲ့သူ ဖြစ်ပြီး သူ့ရဲ့မွေးရပ်မြေမှာ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းတဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေအတွက် သူ့အသက်ကို မြှုပ်နှံထားသူဖြစ်တယ်လို့ နိုဘယ်ကော်မတီက ပြောကြားခဲ့ပါတယ်။

နိုဘယ်ဆုချီးမြှင့်ခံရတဲ့ ရုရှားနိုင်ငံက Memorial အဖွဲ့ကတော့  ဆိုဗီယက်ယူနီယံဟောင်းတုန်းက ကွန်မြူနစ်အစိုးရရဲ့ဖိနှိပ်မှုတွေ ခံစားခဲ့ရတဲ့ နိုဘယ်ဆုရှင် အန်ဒီရီဆာခါရော့ဗ်အပါအဝင် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေက ၁၉၈၇ မှာ စတင်တည်ထောင်ခဲ့တာပါ။ ဆိုဗီယက်ယူနီယံပြိုကွဲသွားပြီးနောက် ဒီအဖွဲ့ဟာ ရုရှားမှာ အကြီးဆုံး လူ့အခွင့်အရေးအဖွဲ့ဖြစ်လာပါတယ်။

Center for Civil Liberties အဖွဲ့ကိုတော့ ယူကရိန်းနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီပိုမိုရရှိဖို့ရည်ရွယ်ပြီး ၂၀၀၇ ခုနှစ်ကစတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ စင်တာအနေနဲ့ ယူကရိန်း အရပ်ဘက်အဖွဲ့အစည်း အားကောင်းလာအောင်နဲ့ ယူကရိန်းနိုင်ငံကို ဒီမိုကရေစီအပြည့်အဝရရှိတဲ့နိုင်ငံဖြစ်အောင်လုပ်ဖို့ အာဏာပိုင်တွေကို ဖိအားပေးနိုင်ခဲ့ပါတယ်။

43 seconds Ago

July 2, 2022

နွေဦးတော်လှန်ရေးရန်ပုံငွေ မြန်မာ့အနုပညာနှင့် ယဉ်ကျေးမှုပြပွဲ အော်စလိုမြို့တွင်ကျင်းပ (ဓာတ်ပုံ)

နွေဦးတော်လှန်ရေးရန်ပုံငွေအတွက် မြန်မာ့အနုပညာနဲ့ ယဉ်ကျေးမှုပြပွဲကို နော်ဝေနိုင်ငံ အော်စလိုမြို့တော်မှာ  ဇူလိုင် ၂ ရက်က ဒေသစံတော်ချိန် နေ့လယ် ၁ နာရီကနေ ညနေ ၄ နာရီအထိ ကျင်းပပါတယ်။

ဒီပြပွဲမှာ ပြည်တွင်းပြည်ပက မြန်မာပန်းချီဆရာတွေရဲ့ ရေဆေးပန်းချီ၊ ဆီဆေးပန်းချီနဲ့ ရိုးရာကျောက်ပန်းချီတွေကို ခင်းကျင်းပြသရောင်းချထားပါတယ်။

မြန်မာ့ရိုးရာ အစားအသောက်တွေလည်း ရောင်းချပေးထားသလို အကတွေ၊ တော်လှန်ရေးတေးသီချင်းတွေနဲ့လည်း သီဆို ဖျော်ဖြေခဲ့ကြပါတယ်။

ပန်းချီကားတွေကိုတော့ အခုပြပွဲမှာသာမက အွန်လိုင်းကနေလည်း ရောင်းချပေးသွားမယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။

5 months Ago
Up