close

အော်ရီဒူး

close

August 1, 2022

အော်ရီဒူးလုပ်ငန်းရောင်းချပါက သုံးစွဲသူအခွင့်အရေး ကာကွယ်ပေးရန် FEM တောင်းဆို

အော်ရီဒူးကုမ္ပဏီအနေနဲ့ မြန်မာပြည်တွင်းကလုပ်ငန်းကို ရောင်းချချိန်မှာ ဝန်ထမ်းတွေနဲ့ သုံးစွဲသူတွေရဲ့ အခွင့်အရေးတွေကို အကောင်းဆုံး အကာအကွယ်ပေးဖို့ လွတ်လပ်သော ထုတ်ဖော်ပြောဆိုခြင်း မြန်မာ (FEM) အဖွဲ့က ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

မြန်မာပြည်မှာ နောက်ဆုံးကျန်နေတဲ့ လွတ်လပ်တဲ့ မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာ အော်ရီဒူးဟာ သူရဲ့ လုပ်ငန်းတွေကို ရောင်းချတော့မယ့်အကြောင်း အာဏာသိမ်းစစ်တပ်လက်အောက်ခံ ဆက်သွယ်ရေးဦးစီးဌာနဆီကို အကြောင်းကြားပြီးနောက် အခုလို ထုတ်ပြန်တောင်းဆိုလိုက်တာပါ။

ဆက်သွယ်ရေးအော်ပရေတာတွေဟာ သုံးစွဲသူတွေရဲ့ အချက်အလက်တွေကို ပိုင်ဆိုင်ထားကြသလို စစ်တပ်ရဲ့ဆိုးရွားတဲ့ ဒစ်ဂျစ်တယ်အခွင့်အရေးချိုးဖောက်တာတွေကို အတိုင်းအတာတခုအထိ ခုခံထားနိုင်ကြတယ်လို့ ဆိုပါတယ်။

စစ်တပ်က သက်ဆိုင်ရာဌာနတွေကတဆင့် အမိန့်ပေးပေမယ့် လွတ်လပ်တဲ့ အော်ပရေတာတွေက အကောင်အထည်ဖော်ရာမှာ ကိုယ်ပိုင်တွေးခေါ်မြော်မြင်ပြီး ဆိုးကျိုးသက်ရောက်မှုနည်းတဲ့ နည်းပညာဖြေရှင်းနည်းတွေကို ရွေးချယ်နိုင်ကြတယ်လို့ FEM က ထောက်ပြထားပါတယ်။

အော်ရီဒူးအနေနဲ့ မြန်မာပြည်ကနေ ထွက်ခွာမယ်ဆိုရင်လည်း နိုင်ငံတကာ လူ့အခွင့်အရေးစံနှုန်းတွေနဲ့ လိုက်လျောညီထွေ ဆောင်ရွက်ပေးဖို့ FEM က တောင်းဆိုထားပြီး ကုလသမဂ္ဂရဲ့လမ်းညွှန်ချက်တွေအရ အော်ရီဒူးဟာ တကယ်ဖြစ်ပွားနိုင်တဲ့ ဒါမှမဟုတ် ဖြစ်နိုင်ခြေရှိတဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေးသက်ရောက်မှုတွေကို သတ်မှတ်ဖော်ထုတ်တာ၊ ကာကွယ်တားဆီးတာ၊ လျော့ပါးစေတာနဲ့ ထည့်သွင်းစဉ်းစားတာ ဆိုတဲ့ ဆန်းစစ်ချက်တွေကို လုပ်ငန်းမရောင်းခင် လုပ်သင့်တယ်လို့ ဆိုပါတယ်။

ဒီနှစ်အစောပိုင်းမှာ မြန်မာပြည်တွင်းကနေ ထွက်ခွာသွားတဲ့ နော်ဝေပိုင် တယ်လီနော မိုဘိုင်းဆက်သွယ်ရေးကုမ္ပဏီဟာ သူ့လုပ်ငန်းတွေရောင်းချရာမှာ အငြင်းပွားစရာတွေ ဖြစ်ခဲ့ပြီး သူ့ရဲ့ ဝန်ထမ်းတွေ၊ သတင်းသမားတွေ၊ လူ့အခွင့်အရေးကာကွယ်သူတွေ၊ နိုင်ငံရေးအတိုက်အခံတွေအပါအဝင် သန်းချီတဲ့ သုံးစွဲသူတွေရဲ့ အချက်အလက်တွေကို စစ်တပ်နဲ့ နီးကပ်တဲ့ဆက်ဆံရေးရှိတဲ့ ရွှေဗျိုင်းဖြူကုမ္ပဏီဆီကို လွှဲပြောင်းမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကြောင့် နိုင်ငံတကာအစိုးရတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ စီးပွားရေးအဖွဲ့အစည်းတွေကြား သူ့ရဲ့ ဂုဏ်သိက္ခာလည်း ဆုံးရှုံးခဲ့ရတယ်လို့ FEM က ဆိုပါတယ်။

ဒါ့အပြင် ဒါနဲ့ပဲ အဆုံးသတ်မှာမဟုတ်ဘဲ နောင်တချိန်ဖြစ်ပေါ်လာနိုင်တဲ့ လူ့အခွင့်အရေးချိုးဖောက်တာတွေမှာ ကြံရာပါအနေနဲ့လည်း ဥပဒေဆိုင်ရာ တောင်းဆိုမှုတွေကို တာဝန်ယူ ရင်ဆိုင်ရနိုင်တယ်လို့လည်း ထုတ်ပြန်ပြောဆိုထားပါတယ်။

2 hours Ago

July 20, 2022

အော်ရီဒူးကုမ္ပဏီ မြန်မာနိုင်ငံမှထွက်ခွာမည်၊ ပြန်ဝယ်ယူမည့် ကုမ္ပဏီများတွင် Skynet ပါဝင်နေ

ကာတာနိုင်ငံအခြေစိုက် ဆက်သွယ်ရေးကုမ္ပဏီတခုဖြစ်တဲ့ အော်ရီဒူးမြန်မာ ဆက်သွယ်ရေးကုမ္ပဏီဟာ မကြာခင်မှာပဲ မြန်မာနိုင်ငံနေ ထွက်ခွာတော့မယ်လို့  သတင်းရင်းမြစ် နှစ်ယောက်ကို ကိုးကားပြီး ရိုက်တာသတင်း တပုဒ်မှာ ဖော်ပြပါတယ်။

အော်ရီဒူးဆက်သွယ်ရေးကုမ္ပဏီဟာ ၂၀၂၀ ပြည့်နှစ် ကိန်းဂဏန်းတွေအရ မြန်မာနိုင်ငံမှာ သုံးစွဲသူ ၁၅ သန်းနီးပါးရှိတဲ့ တတိယအကြီးဆုံး ဆက်သွယ်ရေးအော်ပရေတာတခုဖြစ်ပြီး လတ်တလော သူတို့ရဲ့ ရှယ်ယာတွေအားလုံးကို ရောင်းချနိုင်ဖို့ အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကို အကြောင်းကြားထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ဒီကုမ္ပဏီကို လက်လွှဲပြောင်းဝယ်ယူဖို့ အလားအလာရှိနေတဲ့ ကုမ္ပဏီတွေထဲမှာ ရွှေသံလွင်ကုမ္ပဏီက ပိုင်ဆိုင်တဲ့ စကိုင်းနက် (Skynet) အပါအဝင် Young Investment Group နဲ့ စင်ကာပူ နိုင်ငံအခြေစိုက် အော်ပရေတာလုပ်ငန်း Campana Group တို့လည်း ပါဝင်နေတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ဒီအကြောင်းနဲ့ ပတ်သက်ပြီး အော်ရီဒူးဘက်က မှတ်ချက်တစုံတရာ ပေးထားတာမျိုး မရှိသေးသလို အာဏာသိမ်းစစ်ကောင်စီနဲ့ ရှယ်ယာလွှဲပြောင်းဝယ်ယူဖို့ အလားအလာရှိတဲ့ ကုမ္ပဏီတွေဘက်ကရော တုံ့ပြန်ပြောဆိုတာတွေ မရှိသေးဘူးလို့ ရိုက်တာသတင်းက ပြောပါတယ်။

ဒါ့အပြင် ရိုက်တာက ဆက်သွယ်ခဲ့တဲ့ သတင်းရင်းမြစ်တွေက အော်ရီဒူးကုမ္ပဏီရဲ့ ရောင်းချမယ့် တန်ဖိုးတစုံတရာကို ပုဂ္ဂလိကလုံခြုံမှုအရ ပြောဆိုထားခြင်း မရှိခဲ့ဘူးလို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာတော့ ဆက်သွယ်ရေးကဏ္ဍဟာ အရင်က အာရှဒေသတွင်း အလျင်မြန်ဆုံး ကြီးထွားလာနေတဲ့ ဈေးကွက်တွေထဲက တခုဖြစ်ပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ဖိအားတွေနဲ့ ရင်ဆိုင် နေရတာဖြစ်ကာ အင်တာနက်ကို တနိုင်ငံလုံးအတိုင်းအတာနဲ့ ကန့်သတ်ပြီး မိုဘိုင်းဒေတာတွေကို ပိတ်ပင်တာတွေနဲ့ ချိုးဖောက်မှုတွေလည်း ရှိလာနေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လတုန်းကတော့ နော်ဝေနိုင်ငံအခြေစိုက် တယ်လီနောဆက်သွယ်ရေးကုမ္ပဏီက နုတ်ထွက်ခဲ့ပြီးနောက် အော်ရီဒူးဟာ ကျန်ရှိနေခဲ့တဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဆက်သွယ်ရေးကုမ္ပဏီတခု ဖြစ်ပါတယ်။

PHOTO-Ooredoo

2 weeks Ago
Up