close

အေးဂျင့်

close

September 12, 2022

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်က အေးဂျင့်တချို့ ထိန်းသိမ်းခံရ

မြန်မာနိုင်ငံရဲ့ အရှေ့မြောက် စီးပွားရေးတံခါးပေါက်ရဲ့ အဓိကကုန်သွယ်ရာဇုန် တခုဖြစ်တဲ့ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်က အေးဂျင့်တချို့ကို လက်နက်ကိုင်တွေကို အခွန်ဆောင်လို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီ ဗျူဟာမှူးက စက်တင်ဘာလ ၁၀ ရက်နေ့က အစည်းအဝေးခေါ်ပြီး ဖမ်းဆီး ထိန်းသိမ်းထားခံရကြောင်း နယ်စပ်ကုန်သွယ်ရေး အသိုင်းအဝိုင်းက သိရပါတယ်။ 

“၂၃ ယောက်ထဲမှာ ၁၉ ယောက် လွတ်လာပြီ။ ၄ ယောက် ထပ်ဖမ်းထားသေးတယ်။ ၁ ယောက်က ၁၀၅ မိုင်က။ ၃ ယောက်က မူဆယ်က” လို့ အမည်မဖော်လိုသူ ပို့ကုန်လုပ်ငန်းရှင်တဦးက ပြောပါတယ်။ 

တရုတ် မုန့်စားပွဲနေ့မို့လို့ လုပ်ငန်းရှင်အများစုက နယ်စပ် အဝင်အထွက်ကို နားကြပေမယ့် ၁၀၅ မိုင်နဲ့ ကျင်းစန်းကျော့လမ်းနဲ့ပတ်သက်ပြီး အစည်းအဝေးလို့ခေါ်ပြီး ပေးမပြန်တာလို့ ကုန်သွယ်ရေးနဲ့ နီးစပ်သူတွေက ဆိုပါတယ်။ 

“အယောက် ၂၀ ကျော် ခေါ်သွားတယ်။ လက်နက်ကိုင်အဖွဲ့တွေကို အခွန်‌‌ဆောင်လို့ ဆိုပြီးတော့။ အခွန်မဆောင်တော့လည်း ဒီကားတွေရဲ့ လုံခြုံရေးကို တာဝန်ယူတာမှ မဟုတ်တာ။ အခွန်ဆောင်တော့လည်း ဆောင်လို့ ဆိုပြီးတော့ အဖမ်းခံရတယ်။ မဆောင်တော့လည်း ဒီလမ်းကြောရဲ့ လုံခြုံရေးကို သူတို့တောင် ကြောက်နေတာ ဘာတာဝန်ယူ‌ပေးနိုင်လို့လဲ” လို့ သွင်းကုန် လုပ်ငန်းရှင်တဦးက ပြောပါတယ်။

စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း ကိုဗစ်ကြောင့် ကုန်သွယ်ရေး အကျပ်အတည်း ဖြစ်ရတဲ့အပြင် အရှေ့မြောက်ကုန်သွယ်ရေးလမ်းကြောမှာ တရားဝင်ရော တရားမဝင်ရော အခွန်အခ ကောက်ခံမှုတွေ ပိုမိုများပြားလာပြီး ကောက်ခံမှုနှုန်းထားလည်း မြင့်မားလာ‌တာကြောင့် ပိုမိုခက်ခဲလာပြီး ကုန်သည် လုပ်ငန်းရှင် ထက်ဝက်ကျော်ခန့် လုပ်ငန်းပါ ရပ်နားထားလာရတယ်လို့ ဆိုပါတယ်။

4 mins Ago

August 13, 2022

အေးဂျင့်လိမ်လည်ခေါ်ဆောင်ခံရသည့် မြန်မာအမျိုးသမီးများ ဒူဘိုင်းတွင် အခက်အခဲကြုံနေ

ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့မှာ အလုပ်သမားဥပဒေနဲ့အညီ လုပ်ခလစာခံ စားခွင့်ရမယ်လို့ မက်လုံးပေးပြီး မြန်မာနိုင်ငံက တရားမဝင်အေးဂျင့်တချို့က လိမ်လည်ခေါ်ဆောင်တာကြောင့် မြန်မာအမျိုးသမီးငယ်အများအပြား အိမ်အကူအလုပ်နဲ့ တခြားအခြေခံအလုပ်တွေကို လုပ်ကိုင်ဖို့ ဒူဘိုင်းကို ရောက်ရှိနေကြတယ်လို့  အလုပ်သမားအခွင့်အရေးလှုပ်ရှားတဲ့ LABOUR Rights Promoter  ဒုဥက္ကဋ္ဌ  စိုင်းယုမောင်က ပြောပါတယ်။ 

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စားဝတ်နေရေးကျပ်တည်းလာတဲ့အတွက် မြန်မာလူငယ်တွေဟာ နည်းလမ်းပေါင်းစုံနဲ့ ပြည်ပထွက်ပြီး အလုပ်အကိုင်ရှာဖွေဖို့ကြိုးစားနေကြရာမှာ မြန်မာနဲ့ ဒူဘိုင်းက  တရားမဝင်အေဂျင်စီတွေဟာ မြန်မာအမျိုးသမီးတွေကို ကုန်ကျစရိတ် ငွေကျပ် ၁၂ သိန်းတောင်းခံပြီး ဒူဘိုင်းကိုခေါ်ဆောင်ခဲ့တာပါ။

အမျိုးသမီးတွေ အိမ်အကူအဖြစ်အလုပ်လုပ်ဖို့အတွက် မြန်မာတရားမဝင်အေးဂျင့်တွေက အလည်အပတ်ဗီဇာနဲ့ ဒူဘိုင်းကိုခေါ်ဆောင်ခဲ့ပြီး ဒူဘိုင်းက အေးဂျင့်တွေဆီ လက်လွှဲပေးခဲ့တယ်လို့ ဒူဘိုင်းရောက် မြန်မာအမျိုးသမီးငယ်တစ်ယောက်က ပြောပါတယ်။

ဒူဘိုင်းအေးဂျင့်တွေက သူတို့နိုင်ငံမှာ အလုပ်ရှာပေးလို့မရရင် အိုမန်နိုင်ငံကို ထပ်မံလွှဲပြောင်းပို့ဆောင်နေတာတွေလည်းရှိနေတယ်လို့ ဆိုပါတယ်။ 

ဒူဘိုင်းရောက်မြန်မာအမျိုးသမီးငယ်တစ်ယောက်က "ကုန်ပစ္စည်းတစ်ခုရောင်းစားသလိုမျိုးပေါ့နော်။ ဟိုကကြိုက်ရင် ခေါ်သွားတယ်ဝယ်သွားတယ်။ ခေါ်သွားရင်လိုက်သွားရတယ်။ ဟိုမှာကောင်းသည်ဆိုးသည် ညီမတို့ဘာမှမသိရဘူးပေါ့နော်။ ညီမကိုခေါ်သွားတုန်းကဆိုရင် အိမ်ရှင်မှာကလေး နှစ်ယောက်ရှိတယ် အဲ့လိုပဲပြောတာ။ ဟိုရောက်တော့မှ မိသားစုက ၆ ယောက် ကလေး ၂ ယောက်နဲ့ဆို ၈ ယောက် အိမ်က ၃ ထပ်၊ ပြီးတော့ Wifiကိုလည်း တနေ့ကို တစ်နာရီပဲပေးသုံးတာ။" လို့ ပြောပါတယ်။ 

အိမ်အကူအလုပ်လုပ်ကိုင်နေတဲ့ မြန်မာအမျိုးသမီးငယ်တွေကို လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားမှု တချို့ရှိနေပြီး လုပ်ခလစာ ၅ လစာအထိမပေးဘဲ ခိုင်းစေခံနေရသူတွေရှိနေတယ်လို့ LABOUR Rights Promoter ဒုဥက္ကဋ္ဌ  စိုင်းယုမောင်က ပြောပါတယ်။ 

တချို့အလုပ်ရှင်တွေက လုပ်အားခပေးချေပေမယ့် အေးဂျင့်တွေက ကြားကနေဖြတ်ယူပြီး အလုပ်သမားတွေကို လုပ်အားခမပေးတာတွေလည်းရှိနေပါတယ်။ တရားမဝင်အေဂျင်စီတွေက ဥပဒေနဲ့အညီ အလုပ်ရှင်၊ အလုပ်သမားသဘောတူစာချုပ် EC စာချုပ်လည်း ချုပ်ဆိုပေးထားတာမျိုး မရှိဘူးလို့ ဆိုပါတယ်။

ဒူဘိုင်းရောက် မြန်မာအမျိုးသမီးငယ်တစ်ယောက်က "မြန်မာပြည်ကိုပြန်ဖို့အတွက် အဖွဲ့အစည်းတွေကို အကူအညီတောင်းထားဖူးတယ်။ လေယာဉ်လက်မှတ်က အစခက်ခဲတယ်လေ။ ဒါပေမဲ့ သူတို့လည်းမကူညီနိုင်ကြဘူး။" လို့ ပြောပါတယ်။

မြန်မာအမျိုးသမီးတွေဟာ အလည်အပတ်ဗီဇာနဲ့နေထိုင်နေရတာဖြစ်တဲ့အတွက် ပြည်ပမှာ ရေရှည်နေထိုင်ဖို့ အခွင့်အရေးမရှိပါဘူး။

မြန်မာနိုင်ငံကိုပြန်ဖို့ကြိုးစားတဲ့အမျိုးသမီးတွေကို အေးဂျင့်တွေကလျော်ကြေး ငွေကျပ်သိန်း ၈၀ တောင်းခံနေပြီး တချို့အမျိုးသမီးငယ်တွေဟာ ငွေကျပ်သိန်း ၁၂၀ အထိပေးပြီးမှ ပြန်ခွင့်ရခဲ့တယ်လို့ LABOUR Rights Promoter  ဒုဥက္ကဋ္ဌ  စိုင်းယုမောင်က ပြောပါတယ်။

သူတို့တောင်းတဲ့ ငွေကြေးကိုမပေးနိုင်ရင် မြန်မာအမျိုးသမီးတွေဟာ ဒူဘိုင်းမှာ သက်တမ်းလွန်နေထိုင်သူ (Over Stay) တွေဖြစ်သွားမှာဖြစ်ပြီး သက်တမ်းတိုးပေးနိုင်တာ သူတို့ပဲရှိတယ်ဆိုတဲ့အချက်နဲ့ အမျိုးသမီးတွေကို အေးဂျင့်တွေက ထိန်းချုပ်ထားပါတယ်။

ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာမလုံခြုံမှုတွေကြောင့် ထွက်ပြေးကြတဲ့အမျိုးသမီးတွေလည်းရှိနေပြီး စားဝတ်နေရေးခက်ခဲနေပါတယ်။

အမျိုးသမီးငယ်တစ်ယောက်က"ကြုံတွေ့ရတဲ့အခက်အခဲက နေစရာလည်းမရှိ စားစရာလည်းမရှိဘူးပေါ့။ ပြီးတော့ ပိုက်ဆံလည်းမရှိဘူး။ ရသမျှလစာလည်းသူတို့ကသိမ်းထားတာ။ Passport ၊ ဖုန်း၊ Luggage ၊ အဝတ်အစားတွေကအစ သူတို့သိမ်းထားတာ။ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ထွက်ပြေးတာ။" လို့ ပြောပါတယ်။ 

ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး  LABOUR Rights Promoter အဖွဲ့က International Organization for Migration(IOM) ၊ မြန်မာနိုင်ငံလူကုန်ကူးမှုနှိမ်နင်းရေးရဲတပ်ဖွဲ့၊ အလုပ်သမားညွန်ကြားရေးဦးစီးဌာန၊ UNICEF ၊ ILO တို့ကို အသိပေးတိုင်ကြားထားပေမယ့် တုံ့ပြန်မှုမရှိသေးဘူးလို့ဆိုပါတယ်။

Photo- VisitDubai

1 month Ago
Up