close

အွန်လိုင်းဂိမ်း

close

March 1, 2023

ရန်ကုန်တွင် အွန်လိုင်းဂိမ်းနှင့် တရားမဝင်ငွေချေးလုပ်ငန်းလုပ်ကိုင်သူ ၇၁ ဦး ဖမ်းဆီးခံရ

အွန်လိုင်းပေါ်မှာ နှစ်လုံးထီလောင်းကစားဂိမ်း လုပ်ကိုင်နေသူတွေနဲ့ တရားမဝင် ချေးငွေလုပ်ငန်း လုပ်ကိုင်နေတဲ့ အမျိုးသား ၂၄ ဦး၊ အမျိုးသမီး ၄၇ ဦး၊ စုစုပေါင်း ၇၁ ဦးကို ရန်ကုန်၊ လှိုင်သာယာအ‌ရှေ့ပိုင်းမြို့နယ်၊ FMI စီးတီးအိမ်ရာ၊ ပန်းလှိုင်အိမ်ရာနဲ့ လှိုင်မြို့နယ် MICT park တို့မှာ ဖမ်းဆီးရမိထားပြီလို့ မတ်လ ၁ ရက် ဒီနေ့ထုတ် စစ်ကောင်စီအာဘော် သတင်းစာတွေမှာ ဖော်ပြပါတယ်။

ဇန်နဝါရီ ၂၉ ရက် ည ၇ နာရီလောက်က လှိုင်သာယာအရှေ့ပိုင်းမြို့နယ်၊ FMI CITY၊ ငွေနှင်းဖြူသစ်ခွလမ်းက လူနေအိမ်တခုမှာ TTbet Online Game လောင်းကစားလုပ်ငန်း လုပ်ကိုင်သူ မို့မို့စံနဲ့ တရားခံ ၉ ဦးကို လက်ကိုင်ဖုန်း အလုံး ၅၀ ၊ လက်ပ်တော့ ၂၂ လုံး၊ မော်နီတာ ၄ လုံး၊ ဆင်းကတ် ၇၄၁ ကတ်နဲ့ ဖမ်းမိခဲ့တယ်လို့ဆိုပါတယ်။

FMI CITY၊ ချင်းတွင်းလမ်းရှိ နေအိမ်နှစ်လုံးမှာလည်း Golden Gift ( အွန်လိုင်းကံစမ်းမဲဖောက် လောင်းကစားလုပ်ငန်း) လုပ်ကိုင်သူ အောင်ဖုန်းကျော်နဲ့ ထင်အောင်ကျော်ပါ တရားခံ ၁၉ ဦးကို လက်ကိုင်ဖုန်း ၃၇ လုံး၊ လက်ပ်တော့ ၂၅ လုံး၊ မော်နီတာ ၃ လုံး၊ System Box ၁ လုံး၊ UPS ၁ လုံး၊ ကာလာပရင်တာ ၁ လုံး၊ TTbet Online Game စာရင်းကိုင် အေးငြိမ်းသူ၊ ကြီးကြပ်သူ စိုင်းသီဟဇော်ပါ တရားခံ ၁၉ ဦးတို့ကို လက်ပ်တော့ ၁၁ လုံး၊ လက်ကိုင်ဖုန်း ၂၂ လုံးနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဖမ်းမိသူတွေရဲ့ ထွက်ဆိုချက်အရ TTbet Online Game လောင်းကစားလုပ်ငန်း၊ Golden Gift (အွန်လိုင်းကံစမ်းမဲဖောက် လောင်းကစားလုပ်ငန်း)၊ Sky Pay Mobile Financial Services Co.,Ltd. အမည်ခံ Money Bag Application၊ Cash Now Application၊ Cola Kyat နဲ့ U Loan Application တို့ကို ရန်နိုင်ကျော် (ခ) အားဖုက ပိုင်ရှင်အဖြစ် စီမံခန့်ခွဲလုပ်ကိုင်ခဲ့ပြီး TTbet Online Game လောင်းကစားလုပ်ငန်းကို တယ်လီဂရန်က သိရှိသူ Yang Song (ဖမ်းမမိသေး) နဲ့အတူ လုပ်ကိုင်ခဲ့တယ်လို့ သိရပါတယ်။

အွန်လိုင်းလောင်းကစား ဦးစီးလုပ်ကိုင်သူ ရန်နိုင်ကျော် (ခ) အားဖုကို ဇန်နဝါရီ ၃၀ ရက် မနက် ၂ နာရီခွဲလောက်မှာ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ပန်းလှိုင်အိမ်ရာ၊ ပန်းလှိုင်ကွန်ဒို(D)၊ အမှတ် ၁၀၂ မှာ လက်ကိုင်ဖုန်း ၁ လုံး၊ Macbook Pro လက်ပ်တော့ ၁ လုံး၊ Macbook Air လက်ပ်တော့ ၁ လုံး၊ YGN 6S-8888 Mercedes–Benz အမျိုးအစား အနက်ရောင်ယာဉ် ၁ စီး၊ YGN 9B-6667 Lexus အနက်ရောင်ယာဉ် ၁ စီးတို့နဲ့ ဖမ်းဆီးရမိခဲ့တယ်။

လှိုင်မြို့နယ်၊ MICT Park၊ တိုက်အမှတ် ၉၊ ၄ လွှာရှိ Sky Pay Mobile Financial Services Co.,Ltd. ရုံးခန်းမှာ Money Bag Application၊ Cash Now Application၊ Cola Kyat Application စတဲ့ တရားမဝင်အွန်လိုင်းချေးငွေလုပ်ငန်းလုပ်ကိုင်နေသူ မန်နေဂျာ ကျော်ဆန်းလင်း ပါ ၂၂ ဦးတို့ကို လက်ကိုင်ဖုန်း ၃၀ လုံး၊ လက်ပ်တော့ ၅၅ လုံး၊ Desktop ၁ လုံးနဲ့ ဖမ်းမိခဲ့ကာ MICT Park၊ တိုက်အမှတ် ၁၇၊ ၄ လွှာရှိ Sky Pay Mobile Financial Services Co.,Ltd. ရုံးခန်းမှာ Money Bag Application၊ Cash Now Application၊ Cola Kyat Application၊ U Loan Application စတဲ့ တရားမဝင် Online ချေးငွေလုပ်ငန်း လုပ်ကိုင်နေတဲ့ စာရင်းကိုင် ကျော်မျိုးအောင်ကို လက်ပ်တော့ ၄၉ လုံး၊ ပရင်တာ ၁ လုံးနဲ့အတူ ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။

ဖမ်းမိသူတွေနဲ့အတူ လက်ပ်တော့ ၁၆၄ လုံး၊ လက်ကိုင်ဖုန်း ၁၄၀ လုံး၊ မော်နီတာ ၇ လုံး၊ ပရင်တာ ၂ လုံး၊ System Box ၁ လုံး၊ UPS ၁ လုံး၊ Desktop ၁ လုံး၊ ဆင်းကတ် ၇၄၁ ကတ်၊ ယာဉ်အမှတ် YGN 6S-8888 Mercedes Benz အနက်ရောင်ယာဉ် ၁ စီးနဲ့ ယာဉ်အမှတ် YGN 9B-6667 Lexus အနက်ရောင် ယာဉ် ၁ စီး၊ KBZ Pay၊ Wave Pay အကောင့်တို့က ငွေကျပ်သိန်း ၄,၈၀၅ ခန့်နဲ့ KBZ Pay အကောင့် ၁၄ ခုတို့ကို သိမ်းဆည်းရမိခဲ့ပြီး လှိုင်သာယာ(အ‌ရှေ့ပိုင်း)မြို့နယ် ရဲစခန်းနဲ့ လှိုင်မြို့မရဲစခန်းတို့မှာ သက်ဆိုင်ရာ ဥပဒေပုဒ်မတွေနဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံတဝန်းမှာ စစ်တပ်အာဏာသိမ်းပြီးနောက် တရားမဝင် လောင်းကစားတွေ ပိုမိုများပြားလာတာဖြစ်ပြီး နယ်တွေမှာလည်း ရဲနဲ့ စစ်ကောင်စီတပ်တွေကို ဆက်ကြေးပေးပြီး လောင်းကစားတွေ ပေါ်ပေါ်တင်တင်လုပ်နေကြတာဖြစ်ပါတယ်။

2 mins Ago

August 5, 2022

ထိုင်းကလေးငယ် အွန်လိုင်းဂိမ်းကစားရာက ဖခင်၏ဘဏ်စာရင်းမှ ဘတ်ငွေ ၁၂ သိန်းကုန်သွား

ထိုင်းတောင်ပိုင်း၊ နခွန်းဆီထမရတ်ခရိုင်ထဲမှာ ၁၀ နှစ်သား ကလေးငယ် တယောက်  လက်ကိုင်ဖုံးနဲ့ အွန်လိုင်းထဲမှာ ဂိမ်းကစားရင်း ဖုံးထဲထည့်ထားတဲ့ ဖခင်ရဲ့ ဘဏ်အပလီကေးရှင်းထဲက ငွေပေါင်း ဘတ် ၁ သန်း ၂ သိန်းကျော် ကုန်သွားခဲ့ပါတယ်။ 

ကိုဗစ်-၁၉ ကာလ ကျောင်းတွေမဖွင့်ဘဲ အွန်လိုင်းကနေသာ သင်ခန်းစာတွေ သင်ယူရလို့ ဖခင်က မိမိဖုံး နှစ်လုံးထဲက တလုံးကို သားဖြစ်သူ ပညာသင်ဖို့ ပေးထားတာလို့ ဆိုပါတယ်။ 

ဖခင်ဖြစ်သူ နိုင်းနရုန်းရစ် ခုန်းထောင်းမှာ ဓာတ်မြေဩဇာရောင်းဝယ်ရေးလုပ်ကိုင်ပြီး အလုပ်များ နေလို့ သားဖြစ်သူကို အချိန်ပြည့်စောင့်မကြည့်နိုင်ကြောင်း ၊  ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းကတော့ ဘဏ်မှာသွားပြီး ငွေစာရင်းအပ်ဒိတ်လုပ်ရာမှာ  ဇူလိုင် ၇ ရက်မှ ၂၅ ရက်အတွင်း မိမိဘဏ်စာရင်းထဲမှာ အကြိမ်ပေါင်း ၆၅ ကြိမ် ငွေလွှဲထားပြီး ငွေပမာဏာ ဘတ် ၁၂ သိန်း ကုန်သွားတယ်လို့ ဆိုပါတယ် ။ 

သားဖြစ်သူကတော့ “ ဂိမ်းကစားနေရင်းနဲ့ ဖုံးဝင်လာကြောင်း ၊ ပိုပြီးပျော်စရာကောင်းတဲ့ ဂိမ်းတွေ လိုချင်ရင် ငွေနဲ့ဝယ်ရမယ် ၊ အဲဒီနောက် ဖခင်ရဲ့ ဘဏ်နံပါတ် ၊ မှတ်ပုံတင်နံပါတ်တွေ တောင်းတယ်လို့ ဆိုပါတယ်။ ကလေးက အဖေနဲ့ တိုက်ရိုက်ပြောပါလို့ ဆိုပေမယ့် အသံရှင်က မလိုအပ်ကြောင်း ၊ အဖေ့မျက်နှာပါတဲ့ ဗွီဒီယိုဖိုင် တခုပို့ပေးရင်ရပြီလို့ပြောတာကြောင့် ပို့ပေးပြီး ဖုံးထဲက ညွှန်ကြားတဲ့အတိုင်း လိုက်နှိပ်ခဲ့တာလို့ ဆိုပါတယ် ။ 

ဖခင်ဖြစ်သူကတော့ သားဖြစ်သူဟာ ကော်လ်စင်တာရဲ့ အလိမ်အညာကိုခံလိုက်ရတယ်ဆိုပြီး ရဲစ ခန်းမှာ တိုင်ချက်ဖွင့်ထားလိုက်ပါတယ်။ 

ဆိုင်ဘာရဲတပ်ဖွဲ့တွေက စုံစမ်းစစ်ဆေးရေးတွေလုပ်ပြီးတဲ့အခါမှာ ကော်လ်စင်တာက လိမ်တာ မဟုတ်ဘဲ ကလေးက ဈေးကြီးတဲ့  Items Games ကို မှာယူကစားလို့ ငွေတွေကုန်သွားတာလို့ ဩဂုတ် ၁ ရက် ကပြောပါတယ်။ 

ဒီဖြစ်စဉ်ကြောင့် သူတို့မိသားစုမှာ ငွေလည်းဆုံး ၊ ပတ်ဝန်းကျင်ရဲ့ ပြစ်တင်ဝေဖန်မှု တွေလည်း ခံခဲ့ရကြောင်း၊ သူ့ရဲ့ ဖုန်းထဲက ဘဏ်အပလီကေးရှင်းဟာ ဘဏ်ဝန်ထမ်းကထည့်ပေးထားတာဖြစ်ပြီး မှားယွင်းမှုတွေရှိမှာစိုးလို့ ဘယ်တော့မှ ဖုန်းထဲကငွေလွှဲ/ငွေရှင်းမလုပ်ခဲ့ဘဲ ဘဏ်တိုက်ကို ကိုယ်တိုင်သွားလုပ်မြဲဖြစ်ကြောင်း ၊ သက်သေအဖြစ်လည်း စက္ကူစလစ်ကိုသာ ရယူခဲ့ကြောင်း ၊ ပြဿနာဖြစ်ပြီး ဘဏ်မှာပြန်စစ်တော့ မိမိအမည်နဲ့ ငွေစာရင်းဖွင့်ထားတာ ၄ ခုတောင်ရှိနေတာကို အံ့ဩစွာတွေ့ရကြောင်း ၊ သားလေးကလည်း အဲဒီလောက်လုပ်နိုင်မယ်လို့ မယုံကြည်ကြောင်း ကလေးရဲ့ဖခင်က သတင်းထောက်တွေကို ပြောပါတယ် ။

ဒီကိစ္စနဲ့ပတ်သက်ပြီး အမှတ် ၈ တိုင်းဒေသရှေ့နေများအသင်းဥက္ကဋ္ဌ  နိုင်းလိချား ပျိန့်ဆုဝမ်းကလည်း ၁၀ နှစ်ရွယ်ကလေးဆိုတာ အရွယ်မရောက်သေးကြောင်း ၊ အရွယ်မရောက်သေးတဲ့ ကလေး ဆီကနေ သူ့ဖခင်ရဲ့ ဘဏ်နံပါတ် ၊ အမျိုးသားမှတ်ပုံတင်အမှတ် ၊ ဗွီဒီယိုဖိုင် စတဲ့ ကိုယ်ရေးအချက်အလက်တွေ တောင်းယူကာ ကာယကံရှင် ( ဖခင် ) ကိုလည်း ပြန်မပြောဖို့ ကလေး ကိုမှာထားတာတွေဟာ ရိုးသားမှုမရှိကြောင်း ၊ ဒါကြောင့် လိုအပ်သလို ကူညီနိုင်ဖို့ ကလေးဖခင်ကို ရှေ့နေနဲ့ လာတွေ့ဖို့ လူမှုကွန်ရက်ကနေ ဖိတ်ခေါ်လိုက်ပါတယ်။

ကလေးဖခင်ကလည်း ဩဂုတ် ၃ ရက်နေ့မှာ အထောက်အထားအားလုံးယူပြီး‌ ရှေ့နေအသင်းထံသွား ရောက်တိုင်ကြားထားတယ်လို့  ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

ကိုးကား- Kapook

7 months Ago
Up