close

အ.ထ.က(၄)

close

February 12, 2022

စစ်တပ်ပိုင် မြစ်ကြီးနား အ.ထ.က(၄)တွင် ကိုဗစ်-၁၉ ကူးစက်မှုကြောင့် ယာယီကျောင်းပိတ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အ.ထ.က (၄) ကျောင်းမှာ  ကျောင်းသားတွေ ကိုဗစ်-၁၉ ရောဂါကူးစက်မှုတိုးလာတာကြောင့် ဖေဖော်ဝါရီ ၈ ရက်မှ ၂၁ ရက်အထိ ယာယီ ကျောင်းပိတ်လိုက်ရတယ်လို့ ဆရာမတယောက်က  ဒီဗွီဘီကို ပြောပါတယ်။

အဆိုပါကျောင်းမှာ လွန်ခဲ့တဲ့ သီတင်း နှစ်ပတ်လောက်ကတည်းက ကျောင်းသားတွေ စဖျားနာကြပြီး တနေ့ထက်တနေ့ ဖျားနာသူများလာပေမဲ့ ကျောင်းမပိတ်ဘဲ ရောဂါကူးစက်ခံရသူ အယောက်  ၁၄၀ လောက်ထိ ရှိလာချိန်မှ မထိန်းနိုင်တော့လို့ ပိတ်လိုက်ရတာဖြစ်ပါတယ်။

“ဘယ်ကနေစပြီးကူးမှန်း အတိအကျတော့ ကျမတို့လည်းမသိ အတန်းထဲမှာတွေ့တာက ကျောင်းသား ကျောင်းသူတွေ စဖျားလာတာ။ ပြီးမှ ဆရာမတွေ ​ဖျားလာတယ်။ ကိုဗစ် ပိုးစစ်ကြတော့ ဆရာ၊ ဆရာမ ၁၄ ဦး၊ ကျောင်းသား ကျောင်းသူ ၁၁ ဦး၊ စုစုပေါင်း ၁၅ ဦး တွေ့ရှိပါတယ်။ အ.ထ.က (၄) အထက်တန်းကျောင်းမှာ ကျောင်းသားဦးရေက ၄၀၀ ကျော်ရှိပါတယ်”လို့ ကျောင်းမှာတာဝန်ကျတဲ့ ဆရာမက ပြောပါတယ်။

ကျောင်းက ဆရာ/မ တွေက ကျောင်းပိတ်ချင်ပေမဲ့ တပ်ရဲ့အထက်အမိန့်ကြောင့် မပိတ်ရဲဘဲ ကျောင်းဖွင့်ထားပြီး  ကျောင်းတက်ရောက်သူဦးရေကတော့ အနည်းငယ်ပဲရှိတယ်လို့ သိရပါတယ်။ 

အ.ထ.(၄) ကျောင်းအုပ်ဟာ စစ်ဗိုလ်ကြီးတယောက်ဖြစ်ပြီး ကျောင်းသား ကျောင်းသူတွေကတော့ စစ်သားသားသမီးတွေအဓိက တက်ရောက်နေကာ  အပြင်မှ တက်ရောက်သူ ၁၀ ရာခိုင်နှုန်းလောက်ပဲရှိတယ်လို့ သိရပါတယ်။

မြစ်ကြီးနားမြို့ အ.လ.က (၃)ကျောင်းမှာလည်း လေးတန်းကျောင်းသား တယောက် ကိုဗစ်-၁၉ ပိုးတွေ့လို့  ဖေဖော်ရီ ၁၀ ရက်က တကျောင်းလုံးကို စစ်ဆေးရာမှ ဆရာမအပါ ပိုးတွေ့လူနာ ၆ ယောက် တွေ့ရှိခဲ့ပါတယ်။ 

ကျောင်းဆရာမတယောက်က "ကျမတို့ကျောင်းမှာ မနေ့က ပိုးတွေ့လူနာ ၁၅ ယောက်တွေ့တော့ ကျောင်း ၃ ရက်ပိတ်လိုက်ပြီး တနင်္လာနေ့ ပြန်ဖွင့်မယ်။ ပိုးတွေ့လူနာအားလုံးကို ပြည်သူ့ဆေးရုံးကြီးကို ခေါ်သွားပြီး ကုသပေးနေတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနရဲ့ ဖေဖော်ရီ ၁၁ ရက် ည ၈ နာရီထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၆၀၇ ဦးထပ်တွေ့ပြီး ပိုးတွေ့ရာခိုင်နှုန်း ၆ ဒသမ ၅ ရာခိုင်နှုန်းရှိတယ်လို့သိရတယ်။

မြစ်ကြီးနားမြို့ အ.ထ.က (၄) ကျောင်းက မြစ်ကြီးနား​လေယာဉ်ကွင်း၊ ၀န်ထမ်းအိမ်ရာနဲ့ တဆက်တည်းဖြစ်ပြီး ဖေဖော်ရီလအတွင်း  လေယာဥ်ကွင်းအနီး စစ်ကောင်စီတပ်နဲ့ PDF တို့  တနာရီလောက် ပစ်ခတ်မှု ဖြစ်ခဲ့ပါတယ်။

မြစ်ကြီးနားမှာ ညတိုင်းလိုလို ပစ်ခတ်မှုတွေရှိပြီး  ဖေဖော်ရီ ၁၁ ရက်ကလည်း   ရဲစခန်း အမှတ် (၁)၊ ရဲစခန်း (၂)၊  ရဲစခန်း (၃ )တို့အနီး ဗုံးပေါက်ကွဲမှုတွေဖြစ်ခဲ့သလို  စစ်တပ်နဲ့ PDF တွေ ပစ်ခတ်မှု လည်းရှိပါတယ်။

13 mins Ago
Up