ပဲခူးတိုင်း၊ ပြည်မြို့နယ်၊ မှော်ဇာ အ.ထ.ကကျောင်းမှာ အစောင့်ချထားတဲ့ စစ်ကောင်စီတပ်သား တယောက်ကို ၇ တန်းကျောင်းသားတယောက်က ဩဂုတ် ၃ ရက်နေ့မှာ ဓားနဲ့ထိုးလိုက်တာကြောင့် ဝမ်းဗိုက်ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဓားနဲ့အထိုးခံရသူဟာ တပ်သား အောင်မြင့်မြတ်ဖြစ်ပြီး ပြည်တဖက်ကမ်း၊ ပန်းတောင်းမြို့နယ်ထဲက ထုံးဘို ကပစ (၅) က စစ်သားတယောက်ဖြစ်ပါတယ်။
ဓားနဲ့ထိုးခံရပြီးနောက် စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့ဝင် တယောက်က အဆိုပါ ကျောင်းသားကို သေနတ်နဲ့ ပြန်လည်ပစ်ခတ်ခဲ့လို့ ကျည်ဆန်ထိမှန်သွားတယ်လို့ မှော်ဇာကျေးရွာ ဒေသခံတယောက်က ပြောပါတယ်။
“ကလေးက စစ်သားကို မုန်းနေတာ။ အိမ်ကနေ ဓားပါယူသွားတာ။ အဲဒီနေ့မနက် ကျောင်းကျတော့ အပေါက်ဝမှာစောင့်နေတဲ့ စစ်ကောင်စီတပ်သား ၂ ယောက်ထဲက တယောက်ကို ဓားနဲ့ပြေးထိုးတာ ဝမ်းဗိုက်ကို ထိသွားတာ။ ကလေးက ထိုးပြီး ဘေးကလယ်ကွင်းထဲကို ထွက်ပြေးတာ၊ အဲဒီအချိန်မှာ ကျန်တဲ့ စစ်ကောင်စီတပ်သား နောက်တယောက်က သေနတ်နဲ့လိုက်ပစ်တာ။ ကလေးကိုတော့ နောက်ကျောကနေ ကျည်ဆန်ထိသွားတာ။ အပေါက်ကတော့ အကြီးကြီးပဲ၊ သေ မသေတော့ မသိရသေးဘူး။”
ဓားထိုးခံရတဲ့ စစ်ကောင်စီတပ်သားရော၊ ဓားနဲ့ ထိုးတဲ့ ကျောင်းသားကိုပါ စစ်ကောင်စီတပ်က သယ်သွားကြပြီး စစ်သားကိုတော့ ပြည်ခုတင် ၅၀၀ ဆေးရုံမှာ တင်ထားပါတယ်။
ကလေးရဲ့ မိခင်ဖြစ်သူကို စစ်ကောင်စီက ဖမ်းသွားပြီး ကလေးကတော့ ပျောက်ဆုံးနေကာ သေနတ်ဒဏ်ရာ အခြေအနေကို မိသားစုတွေကတော့ အရမ်းစိုးရိမ်နေကြပါတယ်။
မှော်ဇာရွာခံတယောက်က “ကလေးနာမည်က အာကျစ်တဲ့၊ နာမည်အရင်းတော့ မသိဘူး။ သူ့မှာ အဖေမရှိတော့ဘူး။ အမေနာမည်က အန်တီဆန်းလို့ ခေါ်ကြတယ်။ စီးပွားရေးလည်း မယ်မယ်ရရ မရှိကြပါဘူး။ သူတို့က မှော်ဇာဈေးနားပဲ နေကြတာ။ အခုတော့ သူ့အမေကိုပါ ဖမ်းသွားပြီ။ ကလေးကတော့ သေတယ်လို့ ကြားနေတယ်။ စစ်ကောင်စီတပ်က ကောင်တွေက ရမ်းပစ်တာ ဆရာမတယောက်လည်း ထိတယ်လို့ကြားတယ်။” လို့ ပြောပါတယ်။
အဆိုပါ ဖြစ်စဉ်ဖြစ်ပွားပြီးနောက်မှာ ဘယ်သူမှ ကျောင်းနားသွားလို့မရဘူးသလို ကျောင်းဝင်းကိုလည်း စစ်ကောင်စီက ပိတ်ထားလိုက်ပါတယ်။
ကပစတပ်က စစ်သားတွေကို မှော်ဇာ အ.ထ.က ကျောင်းမှာ လုံခြုံရေးအကြောင်းပြပြီး အစောင့်ချထားခဲ့တာ တနှစ်လောက်ရှိပြီလို့ ဒေသခံတွေဆီက သိရပါတယ်။
ပဲခူးတိုင်း ပြည်မြို့နယ်၊ ဝက်ထီးကန်မြို့၊ ရဲသင်တန်းကျောင်း ရှေ့မျက်စောင်းထိုးက အ.ထ.က ကျောင်းဝင်းထဲမှာ ဇန်နဝါရီက ၃၁ ရက်နေ့ မနက် ၈ နာရီ ၂၀ လောက်က ဗုံးတစ်လုံးကွဲခဲ့ပြီး ရဲတယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတယောက်ဆီက သိရပါတယ်။
ဒေသခံတယောက်က “ဗုံးက စာသင်ကျောင်းစည်းရိုး အုတ်တံတိုင်းအတွင်းဘက် ကျောင်းရဲ့မြောက်ဘက်ထွက်ပေါက်နားက သူတို့ သဲအိတ်ဘန်ကာလုပ်ထားတဲ့ အဲဒီနေရာမှာကို ပေါက်တာ၊ အသံကအကျယ်ကြီးပဲ။ ဆွဲမိုင်းတော့မဟုတ်ဘူး၊ အချိန်ကိုက်လုပ်ထားပြီး ဖုန်းနဲ့ခေါ်ပြီးခွဲတဲ့ ချိန်ကိုက်ဗုံးဖြစ်တယ်လို့ စစ်ကောင်စီဘက်ကပြောနေတာကိုတော့ ကြားတယ်” လို့ ပြောပါတယ်။ ပေါက်တဲ့အချိန်က လူရှုပ်ချိန်ကြီး၊ တော်သေးတယ် အထဲမှာပေါက်တာ။ သူတို့ကိုပဲ ရည်ရွယ်ပြီး သေချာလုပ်ထားတာ၊ အဲ့ဒီဘေးမှာက ဈေးလည်းရှိတော့ လူတော့များတယ်၊ လူတွေတော့နည်းနည်း ထိတ်လန့်သွားကြတာပေါ့” လို့ ပြောပါတယ်။
ဝက်ထီးကန်မြို့မှာ စစ်အာဏာသိမ်းပြီးကတည်းက စစ်တပ်က ရဲစခန်းမှာ အမြဲတပ်စွဲထားပြီး ရဲတွေကတော့ ဌာနဆိုင်ရာနေရာတွေမှာ လုံခြုံရေးစောင့်ကြတယ်လို့ ဆိုပါတယ်။
အခု ဗုံးပေါက်ကွဲတဲ့ စာသင်ကျောင်းတော့ ဒေသရဲတွေက လုံခြုံရေးယူထားပြီး ပေါက်ကွဲမှုကြောင့် ရဲတပ်ကြပ်ကြီး ညွန့်ဝင်း (ဝက်ထီးကန် ရဲသင်တန်းကျောင်းစခန်း) သေဆုံးသွားတာဖြစ်ပြီး ဒဏ်ရာရသူ ရှိ၊ မရှိကိုတော့ DVB က ဆက်လက်စုံစမ်းနေပါတယ်။