close

ဥတ္တရသီရိမြို့

close

May 4, 2023

နေပြည်တော်တွင် လုံခြုံရေးကင်း ပစ်ခတ်တိုက်ခိုက်ခံရပြီး ရဲ ၂ ဦး ဒဏ်ရာရ

နေပြည်တော်၊ ဥတ္တရသီရိမြို့၊ ဇဝနသိဒ္ဓိရပ်ကွက်၊ ဘူတာမီးပွိုင့်မှာ မေလ ၃ ရက် ည ၇ နာရီက လုံခြုံရေးကင်း ပစ်ခတ်ခံရပြီး ရဲနှစ်ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

မနေ့ည ၇ နာရီကျော်က စစ်ကောင်စီတပ်နဲ့ ရဲတွေ စစ်ဆေးရေးလုပ်နေတဲ့ ဇဝနသိဒ္ဓိရပ်ကွက် ဘူတာမီးပွိုင့် လုံခြုံရေးကင်းကို ဗုံး၊ သေနတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ မြို့ခံတဦးက ပြောပါတယ်။

“ဗုံးနဲ့အရင်ပစ်တာ၊ ဗုံးပေါက်ပြီးတော့ သေနတ်သံတွေကြားရတယ်။ အပြန်အလှန်ပစ်တဲ့ ပုံစံမျိုး။ နောက်တော့ ဆေးရုံကားတွေ ရောက်လာတယ်။”

ဝဏ္ဏသိဒ္ဓိရပ်ကွက်ရှိ လုံခြုံရေးကင်း ပစ်ခတ်ခံရမှုကြောင့် ရဲတပ်ကြပ် ကြည်နိုင်နဲ့ ရဲတပ်သား အောင်ထိုက်တို့မှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“ရဲတပ်သားအောင်ထိုက်က ဒဏ်ရာရတာ များတယ်။ အခြေအနေမကောင်းဘူး။ စိုးရိမ်ရတယ်။ ရဲတပ်ကြပ် ကြည်နိုင်ကတော့ သိပ်မစိုးရိမ်ရဘူး။ နှစ်ယောက်စလုံး နေပြည်တော် ခုတင်တထောင်မှာ ဆေးကုသနေတယ်။”

ဥတ္တရသီရိမြို့နယ် လုံခြုံရေးကင်း ပစ်ခတ်ခံရပြီးနောက် ဒီနေ့မနက်မှာ သီရိမဏ္ဍိုင်လမ်းမကြီးပေါ်မှာ စစ်ကောင်စီတပ်နဲ့ ရဲတွေကို ပိုမိုချထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာ ၁၀ ရက် ညကလည်း ဥတ္တရသီရိမြို့နယ် မောင်ရမ်းကျေးရွာမှာ ပစ်ခတ်မှုဖြစ်ပြီး စစ်တပ်ထောက်ခံသူနှစ်ဦး သေဆုံးခဲ့ပါတယ်။

3 mins Ago
Up