close

ဥပဒေမူကြမ်း

close

March 5, 2023

ဆန်စပါး ဥပဒေမူကြမ်းကို ဆွေးနွေးမည်

ဆန်စပါးဥပဒေမူကြမ်းကို စစ်ကောင်စီက ရေးဆွဲထားပြီး အဲ့ဒီမူကြမ်းကို မနက်ဖြန် မတ် ၆ ရက်နေ့ကနေစပြီး ရန်ကုန်နဲ့ ပုသိမ်မြို့တွေမှာ တပြိုင်တည် ဆွေးနွေးသွားဖို့ ပြင်ဆင်ထားပါတယ်။

မတ်လကနေ ဧပြီလဆန်းအထိ စပါးအဓိကစိုက်တဲ့ဒေသတွေမှာ ဆွေးနွေးပွဲတွေကို တောက်လျှောက်ပြုလုပ်သွားမှာဖြစ်ပြီး မန္တလေး၊ နေပြည်တော်၊ ပြည်၊ ဟင်္သာတ၊ ပဲခူး၊ မော်လမြိုင်၊ စစ်တွေ စတဲ့ဒေသတွေမှာ ဆက်လက် ကျင်းပသွားဖို့ ရှိပါတယ်။

ဆန်စပါးဥပဒေကြမ်းမှာ အဓိကအချက်နှစ်ချက်ကို အတိပြုပြဋ္ဌာန်းဖို့ ထည့်သွင်းရေးဆွဲထားပြီး အဲ့ဒါတွေကတော့ ဆန်စပါးလုပ်ငန်းဖွံ့ဖြိုးလာဖို့ရည်ရွယ်ပြီး ရန်ပုံငွေသီးသန့်ထူထောင်ဖို့နဲ့ စပါးဈေးတွေကျလာရင် အရန်ဆန် ဝယ်ယူရတဲ့အခြေအနေမှာ ငွေကြေး ထည့်ဝင်ရမယ့်အပိုင်းကို  မြန်မြန်ဆန်ဆန် ဆောင်ရွက်နိုင်ဖို့ ဖြစ်ပါတယ်။

မြန်မာ့ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုမှာ မျိုးကွဲများတဲ့ပြဿနာ၊ တနိုင်ငံလုံးမျိုးကောင်း၊ မျိုးသန့်စိုက်ပျိုးနိုင်မှု နည်းပါးတဲ့ပြဿနာ၊ စနစ်ကျလယ်ယာမြေများ ပြုပြင်သုံးစွဲနိုင်တဲ့ အခြေအနေနည်းပါးတဲ့ပြဿနာ၊ စိုက်ပျိုးရေမရရှိနိုင်တဲ့ပြဿနာ၊ စပါးဈေးမတည်ငြိမ်နိုင်တဲ့ စတဲ့ ဖြေရှင်းရမယ့် အခက်အခဲပြဿနာတွေနဲ့ ရင်ဆိုင်နေရပါတယ်။

၂၀၂၂ ခုနှစ် အောက်တိုဘာမှာ နှစ်ရက်တာကျင်းပခဲ့တဲ့ မြန်မာ့ဆန်စပါးညီလာခံမှာ ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ် ၄၄ ချက်ကိုထုတ်ပြန်ခဲ့ပြီး အဲ့ဒီထဲက ၄၁ ချက်မြောက်မှာ ဆန်စပါးဥပဒေကိုရေးဆွဲဖို့ ပြဋ္ဌာန်းထားပါတယ်။

ဆန်စပါးအသင်းအဖွဲ့တွေက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် ဆန်တန်ချိန်နှစ်သန်းခွဲ တင်ပို့နိုင်ဖို့ နှစ်စမှာ ရည်ရွယ်ထားပေမယ့် နိုင်ငံရေးမတည်ငြိမ်နိုင်တာတွေက ဆန်စပါး ထုတ်လုပ်မှုကို ထိခိုက်စေပြီး ပြည်တွင်းစားသုံးမှုကို ထိခိုက်လာမှာစိုးရိမ်တာကြောင့် ၂.၂ သန်းလောက်သာ တင်ပို့နိုင်တော့မယ်လို့ ဆန်စပါးအသင်းအဖွဲ့တွေက ခန့်မှန်းပြောဆိုကြပါတယ်။ 

အိမ်နီးချင်းထိုင်းနိုင်ငံမှာတော့ စပါးစိုက်ဧကချင်းပြောရလောက်အောင် မပိုပေမယ့် အခုနှစ်အတွင်း ဆန်တန်ချိန် ခုနှစ်သန်းခွဲတင်ပို့နိုင်ဖို့ မျှော်မှန်းထားပါတယ်။ ဒီပမာဏက မြန်မာ့ဆန်တင်ပို့မှုထက် နှစ်ဆလောက်ပိုများနေတာဖြစ်ပါတယ်။ 

12 hours Ago

December 11, 2019

အိမ်နီးချင်း ၃ နိုင်ငံက တိုင်းရင်းသားများအား နိုင်ငံသားပေးမည့် ဥပဒေမူကြမ်းကို အိန္ဒိယတွင် ဆန္ဒပြ

အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းက အာသံပြည်နယ်မှာ ဒါဇင်ချီတဲ့ ဆန္ဒပြပွဲတွေ ဒီဇင်ဘာ ၁၀ ရက်က ဖြစ်ပွားခဲ့ပါတယ်။ အိမ်နီးချင်းနိုင်ငံ ၃ နိုင်ငံက မွတ်စလင် မဟုတ်တဲ့ တိုင်းရင်းသားတွေကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုမယ့် ဥပဒေမူကြမ်းကို အိန္ဒိယ အောက်လွှတ်တော်က အတည်ပြုအပြီး ခုလို ဆန္ဒပြတာပါ။ အာသံပြည်နယ်ဟာ ဒီဥပဒေမူကြမ်းကို အရင်ကလည်း ဆန့်ကျင်ဖူးတဲ့ ဝေးလံသီခေါင်တဲ့ ပြည်နယ်တခုပါ။ ဆန္ဒပြသူတွေက လမ်းတွေကို ပိတ်ဆို့ပြီး တာယာတွေကို မီးရှို့ရင်း နံရံတွေမှာ ဆောင်ပုဒ်တွေကို ဂရပ်ဖစ်တီ ပန်းချီနဲ့ ရေးခြစ်ကြပါတယ်။ ကျောင်းသားအုပ်စုတွေက ပြည်နယ်အတွင်း ခရိုင်လေးခုကို နေဝင် နေထွက် ပိတ်ထားဖို့ ကြွေးကြော်နေပါတယ်။ ဆိုင်တွေ၊ စီးပွားရေးလုပ်ငန်းတွေ၊ ပညာရေးနဲ့ ဘဏ္ဍာရေးအဖွဲ့အစည်းတွေက ပိတ်ထားဆဲပါ။ အများပြည်သူ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေလည်း ရပ်နေပါတယ်။ အိန္ဒိယမှာ ဘယ်ဥပဒေမူကြမ်းမဆို ဥပဒေဖြစ်လာဖို့က အောက်လွှတ်တော်၊ အထက်လွှတ်တော် နှစ်ရပ်စလုံးက အတည်ပြု ပြဋ္ဌာန်းဖို့ လိုအပ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်နိုင်ငံတွေကနေ အိန္ဒိယနိုင်ငံဆီကို ၂၀၁၅ ခုနှစ်မတိုင်ခင်က လာခဲ့တဲ့ မွတ်စလင် မဟုတ်သူတွေကို အိန္ဒိယနိုင်ငံသား ဖြစ်ခွင့်ပေးဖို့ ဒီဥပဒေမူကြမ်းက အဆိုပြုထားပါတယ်။
3 years Ago
Up