တနင်္သာရီတိုင်း၊ မြိတ်ခရိုင် ပုလောမြို့နယ်မှာ စစ်ကောင်စီတပ်က ကေအန်ယူ ထိန်းချုပ်နယ်မြေအတွင်းကို စစ်ကြောင်းထိုးဝင်ရောက်လာပြီး ရွာခံ ဥယျာဉ်ခြံအလုပ်သမားတွေကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပုလောမြိုနယ် နန်းတောင်ကျေးရွာအုပ်စုနဲ့ ပုလောကုန်းကျေးရွာအုပ်စု အစပ်မှာရှိတဲ့ ဂျင့်ဂါကျေးရွာကို ဇန်နဝါရီ ၃၀ ရက်နေ့က စစ်ကြောင်းထိုးလာပြီး လမ်းကြောင်းတလျောက်မှာရှိတဲ့ ရာဘာခြံတွေက ခြံရှင်အပါအဝင် ရာဘာအစေးလှီးအလုပ်သမား အမျိုးသား ၁၀ ဦးနဲ့ အမျိုးသမီး ၃ ဦးတို့ကို ဖမ်းဆီးခေါ်ဆောင်သွားတာပါ။
အဲဒီလိုဖမ်းဆီးခေါ်ဆောင်သွားတဲ့သူတွေနဲ့ပတ်သက်လို့ ဒီနေ့အချိန်ထိ ဘာသတင်းမှ မရသေးတဲ့အတွက် မိသားစုဝင်တွေအနေနဲ့ စိုးရိမ်နေကြပါတယ်။
စစ်ကောင်စီတပ်တွေဟာ အခုလို စစ်ကြောင်းထိုးလာတိုင်း ဒေသခံတွေကိုဖမ်းဆီးပြီး လူသားဒိုင်းပုံမျိုးအသုံးချလေ့ရှိသလို ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းကလည်း ကျေးရွာသားတချို့ကို အခုလို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ရွာသားတွေက ပြောပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဒီဇင်ဘာလကလည်း ဂျင့်ဂါကျေးရွာက ရာဘာခြံအလုပ်သမား အမျိုးသမီးငယ်တယောက်ကိုစစ်ကောင်စီတပ်ဖွဲ့တွေက အကြောင်းမဲ့ သတ်ဖြတ်ခဲ့ပြီး အလောင်းဖျောက်ဖို့ လုပ်ဆောင်ခဲ့ပါတယ်။