ဥရောပသမဂ္ဂအနေနဲ့ ရုရှားအပေါ် အရေးယူဒဏ်ခတ်ပိတ်ဆို့မယ့် ၁၀ ခု မြောက် အစီအစဉ်ကို သဘောတူညီခဲ့ကြကြောင်း ဥရောပကောင်စီရဲ့ အလှည့်ကျဥက္ကဋ္ဌ ဆွီဒင်က ဖေဖော်ဝါရီလ ၂၄ ရက် ညမှာ ပြောဆိုပါတယ်။
"ဥပမာအားဖြင့် အရပ်ဘက် စစ်ဘက် ၂ မျိုးသုံး ကုန်ပစ္စည်းတွေ၊ နည်းပညာတွေနဲ့ ပက်သက်ပြီး ပိုတင်းကျပ်တဲ့ ပို့ကုန်ကန့်သတ်ချက်တွေဟာ ဒီအစီအစဉ်ထဲမှာ ပါဝင်တယ်”လို့ ဆွီဒင်အလှည့်ကျ ဥက္က္ကဋ္ဌက ပြောသွားတာပါ။
ယူကရိန်းမှာ ရုရှားရဲ့အထူးစစ်ဆင်ရေးကို အထောက်အပံ့ပေးမှုအပြင် ဒီစစ်ဆင်ရေးမှာ အသုံးပြုဖို့ ရုရှားဆီ ဒရုန်းတွေပို့ဆောင်မှုမှာ ပါဝင်ပတ်သက်ခဲ့တဲ့ လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေကို ပစ်မှတ်ထားကန့်သတ်မယ့် အရေးယူဆောင်ရွက်မှုတွေ ဒီအစီအစဉ်ထဲမှာ ပါဝင်တယ်လို့လည်း ဆိုပါတယ်။
တစ်ရက်တည်းမှာပဲ မော်စကိုအပေါ် အရေးယူပိတ်ဆို့မှုအသစ်တွေ ချမှတ်ရာမှာ (G7)အဖွဲ့ဝင်နိုင်ငံ တွေနဲ့အတူ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ အမေရိကန်နိုင်ငံက ကြေညာခဲ့ကြောင်း အိမ်ဖြူတော်ရဲ့ ထုတ်ပြန်ချက် တစ်ခုမှာ ပါဝင်ပါတယ်။
ရုရှားသမ္မတ ဗလာဒီမာပူတင်ကတော့ နိုင်ငံ့စီးပွားရေးဟာ အနောက်နိုင်ငံတွေရဲ့ အရေးယူ ပိတ်ဆို့မှုကို ခံနိုင်ရည်ရှိသလို အနောက်နိုင်ငံတွေ ယုံကြည်ထားတာထက် ရုရှားစီးပွားရေးကို ပိုတောင့်တင်းအောင် စွမ်းဆောင်ထားနိုင်တယ်လို့ ပြီးခဲ့တဲ့အင်္ဂါနေ့က မှတ်ချက်ပေး ပြောဆိုပါတယ်။
နောက်ဆုံး အချက်အလက်တွေအရ ၂၀၂၂ ခုနှစ်မှာ ရုရှားနိုင်ငံရဲ့ ပြည်တွင်းအသားတင် ကုန်ထုတ်လုပ်မှု (GDP) ဟာ ၂ ဒသမ ၁ ရာခိုင်နှုန်းသာ ကျဆင်းခဲ့တာကြောင့် ပြီးခဲ့တဲ့နှစ် အစောပိုင်းက ရုရှားစီပွားရေး ၂၀ ကနေ ၂၅ ရာခိုင်နှုန်းအထိ ကျဆင်းနိုင်ကြောင်း အနောက်နိုင်ငံက လေ့လာ သုံးသပ်သူတွေရဲ့ ခန့်မှန်းချက်ကို ကျော်လွှားနိုင်ခဲ့တယ်လို့လည်း ပူတင်က တုံ့ပြန်ပါတယ်။
ယူကရိန်းကို ကျူးကျော်စစ်ပြုတဲ့ ရုရှားကို ပိုဖိအားပေးဖို့ G20 ရဲ့ မိတ်ဘက်နိုင်ငံအားလုံးကို စည်းရုံးသိမ်းသွင်းရေး ပိုလုပ်ဆောင်ကြဖို့ ဥရောပကောင်စီဥက္ကဋ္ဌ ချားလ်စ်မီရှဲလ်က နိုဝင်ဘာ ၁၅ ရက်မှာ တောင်းဆိုလိုက်ပြီး ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်နဲ့ စားနပ်ရိက္ခာ အကျပ်အတည်းကို ဖြစ်ပေါ်စေတဲ့ အဆင်အခြင်မဲ့စစ်ပွဲကို စခဲ့တဲ့ မော်စကို ကိုလည်း ဝေဖန်ရှုတ်ချလိုက်ပါတယ်။
“အစားအစာနဲ့ စွမ်းအင်ဆိုင်ရာ အကျပ်အတည်းကို အဆုံးသတ်ဖို့ အကောင်းဆုံး နည်းလမ်းကတော့ ရုရှားအတွက် ဒီအဓိပ္ပာယ်မဲ့စစ်ပွဲကို အဆုံးသတ်ဖို့နဲ့ ကုလသမဂ္ဂ ပဋိညာဉ်ကို လေးစားလိုက်နာဖို့ပါပဲ” လို့ မီရှဲလ်က G20 ဘာလီ ထိပ်သီးအစည်းအဝေးမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
ရုရှားကစတင်ခဲ့တဲ့ ဒီစစ်ပွဲဟာ ယူကရိန်းနိုင်ငံသားတွေအတွက် ပြင်းထန်တဲ့ ပထမဆုံး စစ်ပွဲဖြစ်ပြီး ဥရောပတိုက်အတွက်လည်း အလွန်ပြင်းထန်တဲ့စစ်ပွဲ ဖြစ်နေတယ် ဆိုတာကို ကမ္ဘာတဝန်းက နိုင်ငံတွေ မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရတယ်လို့လည်း သူက ပြောပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံတွေဟာ မူအားဖြင့် ကုလသမဂ္ဂ ပဋိညာဉ်စာချုပ်ကို ကာကွယ်ပေးဖို့ အထူးတာဝန်ရှိသင့်ပြီး ရုရှားရဲ့ ဒီလုပ်ရပ်ကတော့ ဆန့်ကျင်ဘက်ပါပဲလို့ ဥရောပကောင်စီဥက္ကဋ္ဌက ပြောပါတယ်။
ယူကရိန်းကို ရုရှားရဲ့ကျူးကျော်မှုကြောင့် အနောက်နိုင်ငံခေါင်းဆောင်တချို့က ထိပ်သီးအစည်းအဝေးကို သပိတ်မှောက်ဖို့နဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ဖိတ်ကြားထားမှု ရုပ်သိမ်းပေးဖို့ တောင်းဆိုတာတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့လည်း G20 အိမ်ရှင် အင်ဒိုနီးရှားကတော့ ဒီတောင်းဆိုချက်ကို ငြင်းဆန်ခဲ့ပါတယ်။
ဒီတပတ် ထိပ်သီးအစည်းအဝေးမှာ ရုရှားကို ရှုတ်ချဖို့ G7 နိုင်ငံတွေဆီက ဖိအားပေးတာဖြစ်ကြောင်း အင်ဒိုနီးရှားသတင်းရင်းမြစ်တွေက ပြောပါတယ်။
အဖွဲ့ဝင်အားလုံးက သဘောတူညီဖို့လိုအပ်တဲ့ G20 ပူးတွဲကြေညာချက်ဟာ ခေါင်းဆောင်တွေရဲ့ ကြေညာချက်ကို တွန်းအားပေးမယ့်အစား အင်ဒိုနီးရှားနဲ့ တညီတညာတည်း ထုတ်ပြန်ဖို့က သိပ်မဖြစ်နိုင်ကြောင်း သံတမန်သတင်းရင်းမြစ်တွေက ပြောကြပါတယ်။