ဥရောပတိုက်ဟာ နှစ်ပေါင်း ၅၀၀ အတွင်း အဆိုးရွားဆုံး မိုးခေါင်ရေရှားမှုကို ကြုံတွေ့နေရပြီး တိုက်ကြီးရဲ့ သုံးပုံ နှစ်ပုံနီးပါးဟာ တပ်လှန့် သတိပေးချက်တွေနဲ့ ကြုံတွေ့နေရတယ်လို့ ဥရောပသမဂ္ဂ (EU) အေဂျင်စီက မကြာသေးမီက ပြောကြားလိုက်ပါတယ်။
ဥရောပရဲ့နယ်မြေ ၄၇ ရာခိုင်နှုန်းဟာ မြေဆီလွှာ အစိုဓာတ် အလွန်အမင်း ချို့တဲ့မှုကြောင့် သတိပေးချက်အခြေအနေ အောက်မှာ ရှိနေတယ်လို့ European Drought Observatory (EDO) ရဲ့ သြဂုတ်လထုတ် အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။
ပဏာမအကဲဖြတ်ချက်အရ လက်ရှိမိုးခေါင်ရေရှားဟာ အနည်းဆုံး နှစ်ပေါင်း ၅၀၀ အတွင်း အဆိုးဝါးဆုံးဖြစ်ပုံရတယ်လို့ ဥရောပကော်မရှင်က ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
၂၀၂၂ ခုနှစ် နွေသီးနှံတွေဟာ မိုးခေါင်ရေရှားမှုကို ကြုံတွေ့ခဲ့ရလို့ ပြီးခဲ့တဲ့ ငါးနှစ်အတွင်း ပျမ်းမျှထွက်နှုန်းအောက် ပြောင်းအထွက်နှုန်းက ၁၆ ရာခိုင်နှုန်းအထိ၊ ပဲပုပ်နဲ့ နေကြာအထွက်နှုန်းက ၁၅ ရာခိုင်နှုန်းနဲ့ ၁၂ ရာခိုင်နှုန်း အသီးသီး ကျဆင်းသွားခဲ့ပါတယ်။
တာရှည်မိုးခေါင်မှုကြောင့် ဂျာမနီရဲ့ သီးနှံထွက်နှုန်းဟာ ၃၀ ဒါမှမဟုတ် ၄၀ ရာခိုင်နှုန်း လျော့သွားနိုင်တယ်လို့ ဂျာမန်လယ်သမားများအသင်းက ပြောပါတယ်။
မိုးခေါင်လို့ အီတလီနိုင်ငံမှာ စပါးရိတ်သိမ်းမှု ၃၀ ရာခိုင်နှုန်းလောက်၊ သစ်သီးနဲ့ ဟင်းသီးဟင်းရွက် ထုတ်လုပ်မှုရဲ့ သုံးပုံတစ်ပုံလောက် လျော့ကျသွားမယ်လို့ အီတလီ အသေးစားနဲ့ အလတ်စား လယ်သမားများအသင်းက အချက်အလက်တွေ ထုတ်ပြန်ထားပါတယ်။
ဥရောပမှာ ရေအားလျှပ်စစ် ထုတ်လုပ်ရေးဟာလည်း ဒီနှစ်ရဲ့ ပထမ ၇ လအတွင်း မနှစ်က အလားတူ အချိန်ကထက် ၂၀ ရာခိုင်နှုန်း လျော့နည်းခဲ့ပြီး နျူကလီးယား စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးကလည်း ၁၂ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။
ဥရောပနိုင်ငံတွေမှာ လောင်ကျွမ်းခဲ့တဲ့ တောမီးအရေအတွက်ကလည်း ပျမ်းမျှထက် သိသိသာသာ မြင့်တက်ခဲ့တာပါ။
ဥရောပတောမီး သတင်းအချက်အလက်စနစ်ရဲ့ အဆိုအရ ဇန်နဝါရီကနေ ဩဂုတ်လလယ်အထိ ဥရောပမှာ သစ်တောဟက်တာ ၇၄၀,၀၀၀ ကျော်မီးလောင်ခဲ့လို့ မှတ်တမ်းတွေ စမှတ်ခဲ့တဲ့ ၂၀၀၆ နောက်ပိုင်း အလားတူ အချိန်ကထက် တောမီးလောင်နှုန်းစံချိန်တင် မြင့်တက်ခဲ့ပါတယ်။
ရုရှားတပ်တွေကို ဟန့်တားဖို့ ဥရောပက ချက်ချင်းအရေးယူ ဆောင်ရွက်ဖို့နဲ့ နျူကလီးယား ကပ်ဆိုးကြီးထဲမှာ ဥရောပတိုက်ကြီး မသေဆုံးပါစေနဲ့လို့ ယူကရိန်း သမ္မတ ဗိုလိုဒိုမြာ ဇေလန်စကီက မတ်လ ၄ ရက်မှာ သတိပေး ပြောကြားလိုက်ပါတယ်။
ရုရှားတင့်ကားတွေက နျူကလီးယား ဓာတ်ပေါင်းဖိုဆီ သွားရာလမ်းက အတားအဆီးတွေကို ပစ်ခတ်ခဲ့ပြီး ဥရောပရဲ့ အကြီးဆုံး နျူကလီးယား ဓာတ်အားပေး စက်ရုံမီးလောင်နေပြီဖြစ်ကြောင်းနဲ့ ဥရောပဟာ အခု နိုးထရတော့မယ်လို့ ယူကရိန်း သမ္မတက ပြောလိုက်ပါတယ်။
တင့်ကားတွေမှာ အပူချိန်အပေါ်မူတည်ပြီး ပုံဖော်ကြည့်မြင်နိုင်တဲ့ ကိရိယာတွေ တပ်ထားတာမို့ သူတို့ ပစ်နေတဲ့နေရာက ဘာလဲဆိုတာ သူတို့သိတယ်၊ သူတို့က ဒီအတွက် ပြင်ဆင်ထားတယ်လို့ လည်းဇေလန်စကီက ပြောပါတယ်။
အီနာဟိုဒါမြို့က ဇာပိုရစ်ချ်ဇီယာ နျူကလီးယား ဓာတ်အားပေးစက်ရုံရှိတဲ့မြို့ဖြစ်ပြီး အဲဒီမြို့မှာ နျူကလီးယား ဓာတ်ပေါင်းဖို ၆ လုံးရှိကာ ချာနိုဘိုင်းဆိုတာ ပေါက်ကွဲခဲ့တဲ့ ဓာတ်ပေါင်းဖို တလုံးတည်းပါ လို့ဇေလန်စကီက ပြောပါတယ်။
“ကျနော် ယူကရိန်းပြည်သူအားလုံးကို၊ ဥရောပသားအားလုံးကို ပြီးတော့ တကမ္ဘာလုံးက ချာနိုဘိုင်းကို သိတဲ့လူ အားလုံးကို မေတ္တာရပ်ခံပါတယ်။ နျူကလီးယား ဓာတ်အားပေးစက်ရုံ ပေါက်ကွဲမှုဟာ ဘယ်လို ကပ်ဆိုးနဲ့ ဓားစာခံတွေကို ဖြစ်စေလဲ ဆိုတာ သိတဲ့လူအားလုံးကို မေတ္တာရပ်ခံပါတယ်။ ဒါဟာ ကမ္ဘာလုံးဆိုင်ရာ ကပ်ဘေးပါ။ အကျိုးဆက်ကို သိန်းချီတဲ့ လူတွေ ခံရမှာပါ။ ထောင်သောင်းချီတဲ့လူတွေကို ဘေးလွတ်ရာ ရွှေ့ပေးပြီးပါပြီ။ ရုရှားဟာ နျူကလီးယားကပ်ဘေးကို ထပ်ဖြစ်စေ ချင်နေတယ်။ ဒါပေမဲ့ ဒီတချီက ၆ ဆ ပိုကြီးမှာပါ လို့လည်း ဇေလန်စကီက ပြောပါတယ်။
ယူကရိန်းနိုင်ငံမှာ နျူကလီးယား ဓာတ်ပေါင်းဖို ၁၅ လုံး ရှိပြီး ပေါက်ကွဲခဲ့ရင် ဥရောပတိုက် တတိုက်လုံး အဆုံးသတ် သွားနိုင်ပါတယ်။
ဒါကြောင့် ရုရှားတပ်တွေကို ဟန့်တားဖို့ ဥရောပက ချက်ချင်းအရေးယူ ဆောင်ရွက်ပါ နျူကလီးယား ကပ်ဆိုးကြီးထဲမှာ ဥရောပ တိုက်ကြီး မသေဆုံးပါစေနဲ့လို့ ဇေလန်စကီက ပြောခဲ့ပါတယ်။