ဥရောပနိုင်ငံတွေဟာ ဆွီဒင်နဲ့ ဒိန်းမတ်တို့အနီး ဘော်လ်တစ်ပင်လယ်အောက်က လက်ရှိ လည်ပတ်နေတဲ့ ရုရှားဓာတ်ငွေ့ပိုက်လိုင်းနှစ်ခု ယိုစိမ့်ပေါက်ထွက်မှုတွေကို စစ်ဆေးဖို့ စက်တင်ဘာ ၂၇ ရက်က အပြင်းအထန် ကြိုးပမ်းနေပါတယ်။
Nord Stream 2 ပိုက်လိုင်း အနီးနားမှာ ပေါက်ထွက်မှုတခုကို တွေ့ရှိခဲ့ရပြီး သိပ်မကြာခင်မှာပဲ ဒိန်းမတ်ဟာ ရေကြောင်း ၅ မိုင်ပတ်လည်အတွင်း သင်္ဘောသွားလာခြင်းတွေကို ကန့်သတ်လိုက်ပြီးနောက်မှာ ဆွီဒင်ရေကြောင်းအာဏာပိုင်ဌာနက Nord Stream 1 ပိုက်လိုင်းက ပေါက်ထွက်မှု ၂ ခုအကြောင်း သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။
ယူကရိန်းစစ်ပွဲနဲ့ပတ်သက်တဲ့ အငြင်းပွားမှုတွေအကြား ပိုက်လိုင်းမှာ ဓာတ်ငွေ့ယိုစိမ့်မှုတွေကို တွေ့ရှိရတာဖြစ်ပါတယ်။
Nord Stream အော်ပရေတာကတော့ တနေ့တည်းမှာ ကမ်းလွန်ဓာတ်ငွေ့ပိုက်လိုင်း ၃ လိုင်း ပျက်စီးသွားကြောင်း ပြောပေမဲ့ ရုရှားနိုင်ငံပိုင် သဘာဝဓာတ်ငွေ့ကုမ္ပဏီ ဂက်စ်ပရွမ်းက မှတ်ချက်ပေးဖို့ ငြင်းဆိုပါတယ်။
ရုရှားဟာ သြဂုတ်လမှာ ဓာတ်ငွေ့စီးဆင်းမှုတွေကို မရပ်ဆိုင်းထားခင် လုပ်ထုံးလုပ်နည်းပိုင်းဆိုင်ရာ အခက်အခဲဖြစ်စေတဲ့ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုတွေကို အပြစ်တင်ပြီး Nord Stream 1 ကတဆင့် ဥရောပကို ဓာတ်ငွေ့ ထောက်ပံ့မှုကို ဖြတ်တောက်ခဲ့ပါတယ်။
Nord Stream 2 ပိုက်လိုင်းအသစ် ပြီးစီးနေပြီဖြစ်ပေမယ့်လည်း စီးပွားဖြစ် လည်ပတ်လို့တော့ မရသေးပါဘူး။
စပိန်၊ ပြင်သစ်နဲ့ ဂရိနိုင်ငံတွေအပါအဝင် ဥရောပ နိုင်ငံတွေမှာ အပူချိန်တွေမြင့်တက်ပြီး တောမီး အကြီးအကျယ် လောင်နေတာကို ငြှိမ်းသတ်ဖို့ အာဏာပိုင်တွေက ကြိုးပမ်းနေကြရပါတယ်။
စပိန်မှာ အပူချိန်က ၄၀ ဒီဂရီဆဲလ်စီးယပ်စ်အထက်မှာရှိနေပြီး တောင်ထူတဲ့ မြေပြင် အခြေအနေကြောင့် မီးသတ်သမားတွေအတွက် မီးငြှိမ်းရ ခက်ခဲနေတာဖြစ်လို့ ရဟတ်ယာဉ်တွေနဲ့ ရေသယ် မီးငြှိမ်းခဲ့ရတာပါ။
စပိန်နိုင်ငံအနောက်မြောက်ပိုင်း ဂါလီစီယာထိ တောမီးတွေ ရောက်လာနေပါပြီ။ သီတင်းပတ် တပတ်လောက်ကြာနေတဲ့ အပူလှိုင်းအတွင်း စပိန်ရဲ့အပူချိန်ဟာ ၄၅ ဒသမ ၇ ဒီဂရီ ဆဲလ်စီးယပ်စ် ၁၁၄ ဒီဂရီ ဖှာရင်ဟိုက်အထိ ရောက်လာခဲ့ပါတယ်။
ဇူလိုင် ၁၇ ရက်မှာ နိုင်ငံမြောက်ပိုင်း အာရာဂွန်၊ နာဗာရာနဲ့ လာရီယိုဂျာ ဒေသတွေမှာ အပူချိန် ၄၂ ဒီဂရီ ဆဲလ်စီးယပ်စ်ထိ ရောက်မယ်လို့ စပိန် မိုးလေဝသအေဂျင်စီက ခန့်မှန်းထားပြီး အပူချိန် သတိပေးချက် ထုတ်ပြန်ခဲ့ရပါတယ်။
အပူလှိုင်းက ဇူလိုင် ၁၈ ရက်မှာ အဆုံးသတ်မယ်ဆိုပေမယ့် အပူချိန်က ပုံမှန်ထက် မြင့်နေဦးမယ်လို့ သတိပေးထားပါတယ်။ အပူချိန်မြင့်တက်လို့ လူရာချီသေဆုံးခဲ့ရပြီး သိပ္ပံပညာရှင်တွေကတော့ ကမ္ဘာကြီး ပူနွေးမှုကြောင့်လို့ ပြောပါတယ်။
ပြင်သစ်နိုင်ငံအနောက်တောင်ပိုင်း ယိဟွန်းဒ်ဒေသထဲမှာ လောင်နေတဲ့ တောမီးကြောင့် မီးသတ်သမားအယောက် ၁၂၀၀ ကျော် မီးကို ကြိုးစားထိန်းချုပ်နေရတယ်သလို အမြင့်ဆုံးအဆင့် အနေနဲ့ အနီရောင်အဆင့်ကြေညာချက်ကို အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။
အီတလီမှာ လာမယ့်ရက်တွေအတွင်း ဒေသအတော်များများမှာ အပူချိန်က ၄၀ ဒီဂရီ ဆဲလ်စီးယပ်စ်အထက်မှာ ရှိမယ်လို့ ခန့်မှန်းထားပြီး တောမီး သေးသေးတွေ လတ်တလော ရက်တွေမှာ လောင်ကျွမ်း နေပါတယ်။
အင်္ဂလန်နယ် အစိတ်အပိုင်းတွေမှာ အစွန်းရောက် အပူချိန်အတွက် ပထမဆုံး အနီရောင်အဆင့် တပ်လှန့်သတိပေးချက်ကို ဗြိတိန်အမျိုးသားရာသီဥတု ဟောကိန်းထုတ်သူတွေက ထုတ်ပြန်ထားပါတယ်။