ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း မြန်မာစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကြား တိုက်ခိုက်မှုတွေ ပြင်းထန်လာခဲ့ပြီးနောက် မြန်မာ-ထိုင်း နယ်စပ်က အခြေအနေတွေဟာ ပိုပိုပြီး စိုးရိမ်စရာ ဖြစ်လာနေကြောင်း ဘန်ကောက်ပို့စ်သတင်းစာ အယ်ဒီတာ့အာဘော်မှာ ရေးပါတယ်။
အခြေအနေ အတော်ဆိုးတာကြောင့် တာ့ခ်ခရိုင် အုပ်ချုပ်ရေး အာဏာပိုင်တွေက မဲဆောက်-မြဝတီ နယ်စပ်ဖြတ်ကူးတံတားကို ပိတ်ထားခိုင်းခဲ့တာကြောင့် အကျိုးဆက်အနေနဲ့ ပြီးခဲ့တဲ့ ရုံးပိတ်ရက်မှာ အရောင်းအဝယ်ကောင်းတဲ့ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းတွေ ရပ်တန့်သွားခဲ့ရပါတယ်။
ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာလည်း မဲဆောက်နယ်မြေအတွင်းက လေးထပ်တိုက် အဆောက်အဦတခုကို ထိုင်းစစ်တပ်က ဝင်ရောက်စီးနင်းစဉ်မှာ မြန်မာနိုင်ငံသား ၁၀၀ ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။ သူတို့နဲ့အတူ စစ်ဝတ်စုံတွေ၊ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တံဆိပ်ပါ လက်ပတ်တွေ၊ ဒရုန်းတွေ၊ ဆေးဝါးနဲ့ ကုသရေးပစ္စည်းတွေနဲ့ ကျည်ဆန်တွေကိုပါ ဖမ်းဆီးရရှိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီဖြစ်စဉ်မှာ အမျိုးသား ၅၃ ဦး၊ အမျိုးသမီး ၄၀ ဦးနဲ့ ကလေးငယ်တွေကို တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုနဲ့ ဖမ်းဆီးထားကြောင်း သိရပါတယ်။ အဲဒီထဲက တချို့ဟာ မြန်မာစစ်ကောင်စီက အလိုရှိနေသူတွေဖြစ်ပြီး လောလောဆယ်မှာတော့ ထိုင်းမှာပဲ ဖမ်းဆီးထားဆဲဖြစ်တယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။
မြန်မာ့အထူးစီးပွားရေးဇုန်ရှိရာ မြဝတီနဲ့ ကီလိုမီတာ ၂၀ ခန့်အကွာမှာ တည်ရှိတဲ့ မဲဆောက်ဟာ အခုနှစ်ပိုင်းတွေအတွင်းမှာ မြန်မာနိုင်ငံက ရွှေ့ပြောင်းနေထိုင်သူတွေ စုဝေးရာဒေသ ဖြစ်လာခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း မဲဆောက်ဟာ မြန်မာ့တော်လှန်ရေးတပ်ဖွဲ့တွေ နိုင်ငံခြားထောက်ပံ့ကူညီမှု ရယူတဲ့နေရာ ဖြစ်လာတယ်လို့ ဒေသခံ လုံခြုံရေးဝန်ထမ်းတဦးက ပြောပါတယ်။
မည်သို့ပင်ဆိုစေ ဒီလိုစွပ်စွဲချက်တွေနဲ့ သံသယတွေ ရှင်းလင်းသွားအောင် စုံစမ်းစစ်ဆေးမှုတွေ ဆောင်ရွက်ရမှာဖြစ်ပြီး ထိုင်းအာဏာပိုင်တွေကလည်း ဒီကိစ္စကို တရားဥပဒေအတိုင်းသာ ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ ဘန်ကောက်ပို့စ်မှာ ရေးသားထားပါတယ်။
တင်းကျပ်တဲ့ စောင့်ကြည့်မှုအားနည်းတဲ့ မြန်မာ-ထိုင်း နယ်စပ်တလျှောက်က အခြေအနေတွေဟာ အမြင်အတိုင်း သုံးသပ်လို့မရအောင် ရှုပ်ထွေးပါတယ်။ ဒေသခံ ထိုင်းတွေနဲ့ ထိုင်းအရာရှိတွေကို အသုံးချပြီး မူးယစ်ဆေးဝါး၊ သဘာဝတောရိုင်းထုတ်ကုန်နဲ့ တရားမဝင် ကျွန်းသစ်တွေကို မှောင်ခိုရောင်းဝယ်တာအပြင် လူကုန်ကူးတာတွေကို ရာဇဝတ်မှု ကျူးလွန်သူတွေက နယ်စပ်တလျှောက် လုပ်ကိုင်နေခဲ့ကြတာ နှစ်ပေါင်းများစွာကြာခဲ့ပြီ ဖြစ်ပါတယ်။
အခုဖမ်းဆီးခံရတဲ့ သံသယရှိသူတွေကို ထိုင်းနိုင်ငံအတွင်းမှာပဲ ရုံးတင်တရားစွဲဆိုကာ သူတို့ကိုလည်း တရားဥပဒေအတိုင်း ခုခံချေပခွင့်ပေးဖို့ အလွန်အရေးကြီးပါတယ်။ သူတို့အတွက် အသက်သေလောက်သည်အထိ အန္တရာယ်များတဲ့ မြန်မာနိုင်ငံဘက်ကို လုံးဝပြန်ပို့လို့ မဖြစ်ပါဘူး။
ထိုင်းလုံခြုံရေးဝန်ထမ်းတွေအနေနဲ့ အခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ ထုတ်ပြန် အတည်ပြုခဲ့တဲ့ တရားမဝင် တိတ်တဆိတ် ဖမ်းဆီးခေါ်ဆောင်သွားတာနဲ့ နှိပ်စက်ညှဉ်းပန်းတာတွေကို တားဆီးကာကွယ်ရေး ဥပဒေအတိုင်း လိုက်နာဆောင်ရွက်ဖို့ လိုပါတယ်။
ဒီညှဉ်းပန်းနှိပ်စက်မှုဆန့်ကျင်ရေး ဥပဒေသစ်ဟာ ဒုက္ခသည်များဆိုင်ရာ သဘောတူညီချက်ကို ထောက်ပံ့အားဖြည့်ပေးတဲ့ ကုလသမဂ္ဂရဲ့ ညှဉ်းပန်းနှိပ်စက်မှုဆန့်ကျင်ရေး သဘောတူညီချက်မှာ ထိုင်းက ပါဝင်လက်မှတ်ရေးထိုးခဲ့ခြင်းပေါ်မှာ မူတည်ပြီး ဖြစ်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။
အဲဒီဥပဒေမှာ မိမိနိုင်ငံ ပြန်ရောက်တဲ့အခါ နှိပ်စက်ခံရနိုင်ခြေ ရှိသူတွေကို ဖိအားပေး နေရပ်ပြန်ပို့ခြင်း မပြုရဘူးလို့ သတ်မှတ်ဖော်ပြထားပါတယ်။ ဒါဟာ ထိုင်းနိုင်ငံရဲ့ဥပဒေမှာ ဖိအားပေး နေရပ်ပြန်ပို့ခြင်းကို ပထမဆုံးတားမြစ်တဲ့ ဥပဒေလည်း ဖြစ်ပါတယ်။ အာဏာပိုင် အရာရှိတွေ၊ ရဲတွေနဲ့ စစ်သားတွေဟာ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဥပဒေတွေနဲ့ လုံခြုံရေးမူဝါဒဆိုင်ရာ ဥပဒေတွေကို အကြောင်းပြပြီး ဖိအားပေး နေရပ်ပြန်ပို့တာတွေ လုပ်လို့မရတော့ပါဘူး။
သို့သော်လည်း ဒီဥပဒေရှိနေတာကို မသိကျိုးကျွံပြုနေတဲ့ ထိုင်းအစိုးရဟာ မြန်မာစစ်တပ်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေး ရှိနေတာဟာလည်း စိုးရိမ်စရာကောင်းတဲ့ အခြေအနေတခု ဖြစ်ပါတယ်။
အဲဒီဥပဒေသစ်ကို အတည်မပြုခင် တလအလို ဇန်နဝါရီလ ၂၀ ရက်မှာပဲ ထိုင်းကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ချလိုမ်ဖွန်း ဆီဆဝပ်ဟာ မြန်မာစစ်ခေါင်းဆောင်နဲ့ မြန်မာနိုင်ငံမှာတွေ့ဆုံပြီး သဘောတူညီမှုစာချုပ် အမြောက်အမြားကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
အဲဒီသဘောတူညီမှုတွေထဲက တခုက မြန်မာနိုင်ငံရဲ့ ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြတဲ့ ဒုက္ခသည်တွေကို ထိုင်းစစ်တပ်က မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်ပေးဖို့ ဖြစ်ပါတယ်။
အတင်းအကျပ် ဖိအားပေး နေရပ်ပြန်ပို့ခြင်းကို တားမြစ်တဲ့ ဥပဒေကို ထိုင်းအစိုးရက ထုတ်ပြန်လုဆဲဆဲမှာ လက်မှတ်ရေးထိုးခဲ့ကြတဲ့ လက်နက်ကိုင်တပ်ဖွဲ့နှစ်ခုရဲ့ သဘောတူညီချက်ဟာ ထိုင်းဥပဒေကို ပြောင်ပြောင်တင်းတင်းပဲ ဖောက်ဖျက်ရာ ကျပါတယ်။
မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေဟာ ပိုမိုဆိုးရွား ပြင်းထန်လာတာနဲ့အမျှ ထိုင်းအစိုးရဟာ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ အခြေအနေအရပ်ရပ်ကို ကိုင်တွယ်ရာမှာ လူသားချင်း စာနာထောက်ထားမှု အခြေခံသဘောတရားတွေနဲ့ နိုင်ငံတွင်း ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေအတိုင်း ဆောင်ရွက်သွားဖို့ လိုပါတယ်။ ထိုင်းနိုင်ငံရဲ့ နိုင်ငံခြားရေးနဲ့ နယ်စပ်ရေးရာ မူဝါဒတွေကို မြန်မာစစ်တပ်နဲ့ ထိုင်းစစ်တပ်ကြားထဲက ရင်းနှီးမှုအပေါ်မူတည်ပြီး ဆုံးဖြတ်လို့ မရပါဘူး။
ဥဿာဆန်း
Ref: Bangkok Post
( ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ်သတင်းစာမှာ ရေးသားဖော်ပြထားတဲ့ “Army mustn’t dictate policy” အယ်ဒီတာ အာဘော်ကို ဘာသာပြန်ဖော်ပြခြင်းဖြစ်သည်။)
အာဏာတည်ဆောက်ရေးနဲ့ အာဏာတည်မြဲရေးအတွက် ငွေရှိဖို့ လိုတယ်ဆိုတာဟာလည်း ငြင်းမရတဲ့ အမှန်တရားဖြစ်တာကြောင့် “ငွေနောက်ကိုလိုက်ပါ” ဆိုတဲ့စကားဟာ နိုင်ငံရေးမှာ ကျယ်ပြန့်တဲ့ အဓိပ္ပာယ်သက်ရောက်မှုတွေ ရှိနေပါတယ်။ မြန်မာ့နိုင်ငံရဲ့ အဖြစ်အပျက်တွေကို အပေါ်ယံရှပ်ကြည့်မယ်ဆိုရင် အခြေအနေတော်တော်များများမှာ ငွေကြေး ဘယ်ကရမလဲဆိုတဲ့ မေးခွန်းက ပါဝင်နေပါတယ်။
အနောက်နိုင်ငံတွေရဲ့ မြန်မာစစ်တပ်အပေါ် စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုတွေကရော သူတို့ရဲ့ လူမဆန်အောင် ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုကျူးလွန်မှုတွေကို တကယ်ပဲ တားဆီးနိုင်မလား၊ အတိုက်အခံတပ်ဖွဲ့တွေကရော မြန်မာစစ်အာဏာရှင်စနစ် ပျက်သုဉ်းစေဖို့ သေကွင်းသေကွက်ဖြစ်တဲ့ သူတို့ရဲ့ စီးပွားရေးတွေ ရပ်တန့်သွားအောင် ဆောင်ရွက်နိုင်မလား၊ မြန်မာနိုင်ငံမှာ အဓိကရင်းနှီးမြှုပ်နှံသူတွေဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ ဖြစ်နေသလို အာဆီယံဝန်ကြီးတွေက ငြိမ်းချမ်းရေး ဆွေးနွေးတယ်လို့ ထင်မြင်ယူဆရတဲ့ အစည်းအဝေးတွေမှာ မြန်မာစစ်အာဏာရှင်တွေရဲ့ ကိုယ်စားလှယ်တွေကို ကုန်သွယ်ရေးပိုမိုကောင်းမွန်အောင် ဆောင်ရွက်ဖို့ ဖိအားပေးနေတဲ့ အချိန်မျိုးမှာ အာဆီယံကရော မြန်မာ့အရေးအတွက် အမှန်တကယ်ကြားနေ ညှိနှိုင်းသူဖြစ်နိုင်ပါ့မလား ဆိုတဲ့ မေးခွန်းတွေလည်း ရှိနေပါတယ်။
အတိုက်အခံ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့လည်း ဘဏ္ဍာရေးအကျပ်အတည်းမှာ ကြက်ဥနဲ့ ကြက်မ ပဟေဠိလို့ အစရှာမရတဲ့ ပြဿနာတွေရှိနေတာကို တွေ့ရပါတယ်။ အနောက်ဒီမိုကရေစီနိုင်ငံတွေက NUG ကို အခုထက်ပိုပြီး အသိအမှတ်ပြု ထောက်ပံ့ကူညီဖို့ သတိထားစောင့်ကြည့်နေတဲ့ အချက်တွေထဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေနဲ့ မြန်မာနိုင်ငံက တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ (EAO) တွေကို NUG က ထိန်းချုပ်ထားနိုင်ခြင်း မရှိသေးတာဟာလည်း အဓိက တစ်ချက်ဖြစ်ပါတယ်။
တချိန်တည်းမှာပဲ NUG ကို အသိအမှတ်ပြုဖို့နဲ့ ငွေကြေးကူညီထောက်ပံ့ဖို့ အနောက်နိုင်ငံတွေက ငြင်းပယ်နေကြတာဟာလည်း မြန်မာနိုင်ငံမှာ တော်လှန်ရေးလှုပ်ရှားမှုတွေ ကျယ်ကျယ်ပြန့်ပြန့် အားကောင်းကောင်းနဲ့ ဖြစ်ပေါ်လာရေးအတွက် အတားအဆီးတစ်ခု ဖြစ်နေပါတယ်။ လက်တွေ့မှာ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ သစ္စာစောင့်သိမှုအတွက် ဘဏ္ဍာရေးထောက်ပံ့မှုပေးမယ့် ပင်မအဖွဲ့အစည်းတစ်ခု ရှိမနေခြင်းကြောင့် ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်၊ ကိုယ့်ရန်ပုံငွေ ကိုယ်ရှာနေရတဲ့ တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့တွေကြားမှာ စည်းလုံညီညွတ်မှုရရှိဖို့ ခက်ခဲစေပြီး ဦးတည်ချက်တစ်ခုတည်းကို စည်းကမ်းထိန်းချုပ်မှုနဲ့ သွားနိုင်ဖို့ ခက်ခဲစေပါတယ်။ အနောက်နိုင်ငံတွေရဲ့ ငွေကြေးထောက်ပံ့မှုမရရှိဘဲ အနောက်နိုင်ငံတွေက သဘောတူလက်ခံနိုင်မယ့် ရပ်တည်မှုကို သူ့ဘာသာ တည်ဆောက်နိုင်ဖို့ဟာ NUG အတွက်လည်း မလွယ်ကူလှပါဘူး။
NUG အနေနဲ့ စစ်ခေါင်းဆောင်တွေ သွားနေတဲ့ လမ်းကြောင်းတွေကို ဘယ်လို အစားထိုးနေရာယူရမလဲ ဆိုတဲ့ ကိစ္စအပေါ်မှာ ဒုတိယကမ္ဘာစစ် အဆုံးမှာ အနောက်နိုင်ငံ အစိုးရတွေ လုပ်ခဲ့ကြတဲ့ Yalta Conference ညီလာခံလိုမျိုး သက်ဆိုင်ရာ အတိုက်အခံအဖွဲ့အစည်း ခေါင်းဆောင်တွေအားလုံးကို ခေါ်ယူပြီး အချိန် ၃ ရက်လောက် တံခါးပိတ်အစည်းအဝေးလုပ်ကာ လက်တွေ့ကျတဲ့ စီမံကိန်းတစ်ခု ရေးဆွဲဖို့လိုတယ်လို့ အနောက်တိုင်းနိုင်ငံရေးသမားတစ်ဦးက အကြံပေးကြောင်း The Diplomat သတင်းဌာနရဲ့ သတင်းထောက် David Hutt က ရေးပါတယ်။ သို့သော်လည်း ခိုင်မာတဲ့ ဘဏ္ဍာရေးအာမခံချက်မရှိဘဲ NUG က ဒီလုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်နိုင်ဖို့ မလွယ်ကူပါဘူး။
တချိန်တည်းမှာပဲ NUG ရဲ့ ဘဏ္ဍာရေးအခြေအနေဟာလည်း ရှင်းရှင်းလင်းလင်း မရှိလှပါဘူး။ NUG ရဲ့ အရာရှိတွေနဲ့ ပြောဖြစ်တဲ့ဆွေးနွေးမှုတိုင်းမှာလည်း ငွေကြေးလိုအပ်ချက်နဲ့ ပတ်သက်တာတွေ ပါဝင်မြဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လက ဝါရှင်တန်မှာ ကိုယ်စားလှယ်ရုံးဖွင့်နိုင်ခဲ့တဲ့ NUG ဟာ ဥရောပသမဂ္ဂနဲ့ နေတိုးအဖွဲ့တို့ ရုံးစိုက်ရာ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့နဲ့ ဂျာမဏီနိုင်ငံ ဘာလင်မြို့တို့မှာ ကိုယ်စားလှယ်ရုံခန်း ဖွင့်ဖို့မှာတော့ ငွေကြေးလိုအပ်ချက်ကို အကြောင်းပြပြီး ရှေ့မတိုးနိုင်ဖြစ်နေခဲ့ပါတယ်။
ရေရှည်မှာ ငွေကြေးစီမံခန့်ခွဲနိုင်သူသာလျှင် အခြေအနေအခွင့်အလမ်းသာလာမှာပဲ ဖြစ်ပါတယ်။ ငွေကြေးရှိနေမှသာလျှင် စစ်တပ်ကို စွန့်ခွာလာမယ့် စစ်ဘက်အရာရှိတွေကို ဆုကြေးပေးကာ စစ်တပ်ရဲ့ ရင်းမြစ်တွေကို ရယူနိုင်ရုံမကဘဲ တခြားလိုအပ်တဲ့ သတင်းအချက်အလက်တွေကို ရယူနိုင်မှာ ဖြစ်ပါတယ်။
NUG ရဲ့ ဘဏ္ဍာရေးအခြေအနေတောင့်တင်းမှသာလျှင် PDF တွေအတွက် လိုအပ်တဲ့ လက်နက်ကိရိယာတွေ ထောက်ပံ့နိုင်မှာဖြစ်ပြီး တိုင်ရင်းသားလက်နက်ကိုင်တွေရဲ့ လိုအပ်ချက်တွေ ဖြည့်ဆည်းကာ စည်းလုံးညီညွတ်ရေးဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ တချို့တိုင်းရင်းသား လက်နက်ကိုင်တွေဟာ အခုချိန်မှာ ဦးတည်ချက် တိတိကျကျမရှိသေးသလို၊ တိုင်းရင်းသားပါ တီတချို့ကတော့ သူတို့အတွက် ပိုမိုကောင်းမွန်တဲ့ အခွင့်အလမ်းတွေရရှိနိုင်ရေးအတွက် စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲကို ဝင်ပြိုင်ဖို့ ပြင်ဆင်နေကြပါတယ်။
အမေရိကန်နဲ့ ဥရောပနိုင်ငံတွေအတွက် မပြောပလောက်တဲ့ ပမာဏဖြစ်တဲ့ ဒေါ်လာသန်းရာချီပြီး ဘဏ္ဍာရေးထောက်ပံ့မှုသာ ရမယ်ဆိုရင် NUG အတွက် ကြီးမားတဲ့ အပြောင်းအလဲတွေ ဖြစ်လာနိုင်ပါတယ်။ ပြင်ပက စစ်ရေးနဲ့ ရန်ပုံငွေထောက်ပံ့မှုရရှိရေးမှာ NUG ဟာ ယူကရိန်းလောက် ကံမကောင်းခဲ့ပါဘူး။ သို့သော်လည်း မြန်မာနိုင်ငံမှာ ဖက်ဒရယ်စနစ်ထွန်းကားရေး၊ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို နည်းပညာပိုင်းဆိုင်ရာ ထောက်ပံ့ကူညီမှုတွေပေးရေး၊ မြန်မာအရေးမှာ အမေရိကန်အစိုးရရဲ့ ရန်ပုံငွေ တရားဝင်ထောက်ပံ့ကူညီနိုင်ရေးတို့အတွက် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ သမ္မတဂျိုးဘိုင်ဒန်က ဘားမားအက်ကို လက်မှတ်ရေးထိုး အတည်ပြုပေးခဲ့ပါတယ်။
အမေရိကန်ရဲ့ ဘာမားအက်မှာ လက်နက်ထောက်ပံ့မယ်လို့ အတိအလင်း မကြေညာထားသော်လည်း အဲဒီမှာ ဖော်ပြထားတဲ့ အသက်အန္တရာယ်မထိခိုက်စေသော ထောက်ပံ့ကူညီမှု (non-lethal assistance) ဆိုတာဟာ အတန်အသင့် အဓိပ္ပာယ်ကျယ်ပြန့်တဲ့ အသုံးအနှုန်းဖြစ်ပါတယ်။ အမေရိကန်ရဲ့ အသက်အန္တရာယ်မထိခိုက်စေသော ထောက်ပံ့ကူညီမှု (non-lethal assistance) ဟာ ဆီးရီးယားနဲ့ ယူကရိန်းမှာလို စစ်ရေးထောက်ပံ့မှုတွေလည်း ပါဝင်ပါတယ်။
စစ်တပ်ဘက်က အရာရှိတွေနဲ့ တပ်သားတွေကို စည်းရုံးသိမ်းသွင်းရေးအတွက် ငွေကြေးဟာ မရှိမဖြစ်လိုအပ်တဲ့အရာ ဖြစ်ပါတယ်။ အဲဒီအပြင် ထိန်းချုပ်နယ်မြေတွေမှာ ပညာရေး၊ ကျန်းမာရေးနဲ့ တခြားလိုအပ်တဲ့ လူမှုရေးအခြေခံအဆောက်အဦတွေ တည်ဆောက်နိုင်ရေးအတွက်လည်း NUG က ဘဏ္ဍာငွေရှိနေဖို့ လိုအပ်ပါတယ်။ နောက်ခံ ဘဏ္ဍာရေးထောက်ပံ့မှု ပိုမိုအင်အားကောင်းလာမှသာ တော်လှန်ရေးအတွက် မရှိမဖြစ်အင်အားစုတွေဖြစ်တဲ့ PDF အဖွဲ့တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ပိုမိုထောက်ပံ့ပြီး ချိတ်ဆက်နိုင်လာမှာ ဖြစ်ပါတယ်။
NUG ဟာ ဖက်ဒရယ်စနစ်ကို အမှန်တကယ်အကောင်အထည်ဖော်ဖို့ ရည်ရွယ်ချက်ရှိတယ်ဆိုရင် နိုင်ငံအတွင်းက မရှိမဖြစ် အဖွဲ့အစည်းတွေဆီကို ရန်ပုံငွေ ဘယ်လိုခွဲဝေပေးမယ်ဆိုတာနဲ့ ပတ်သက်ပြီး စီမံခန့်ခွဲမှုအပိုင်းကို ပြင်ဆင်ထားရတော့မှာ ဖြစ်တယ်လို့ The Diplomat မဂ္ဂဇင်းမှာ ဆောင်းပါးရှင် David Hutt ကရေးသားဖော်ပြထားပါတယ်။
ဘာသာပြန်သူ- ဥဿာဆန်း
Ref: The Diplomat
“Myanmar’s NUG Rebel Government Needs Money” By David Hutt