စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်တာခံခဲ့ရတဲ့ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် အန်အယ်လ်ဒီအမတ် ဦးကျော်မျိုးမင်းရဲ့ ရုပ်အလောင်းကို ဇူလိုင် ၆ ရက်နေ့မှာ ပြန်လည်တွေ့ရှိခဲ့လို့ သင်္ဂြိုဟ်ပြီးကြောင်း အန်အယ်လ်ဒီပါတီဝင်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဒီဗွီဘီကို ပြောပါတယ်။
ဦးကျော်မျိုးမင်းရဲ့ အလောင်းပြန်လည်တွေ့ရှိချိန်မှာတော့ ခန္ဓာကိုယ်တစ်ခုလုံးမှာ ရိုက်နှက်ဒဏ်ရာ၊ လက်ပြန်ကြိုးတုပ်ထားတာ၊ သတ်ဖြတ်ပြီးနောက် ဦးခေါင်းကို ရွှံဗွက်ထဲထိုးထားပြီး အလောင်းကို သစ်ကိုင်ခြောက်တွေနဲ့ အုပ်ထားခဲ့တာ ဖြစ်ပါတယ်။
ဦးကျော်မျိုးမင်းနဲ့ အန်အယ်လ်ဒီပါတီဝင်တွေ ဖြစ်တဲ့ ဦးပန်းမြင့်၊ ဦးကိုကိုမောင်နဲ့ ရွာသားတယောက်တို့ဟာ ဘီးလင်းမြို့နယ်၊ ပေါ်ခီးကျေးရွာမှာ ပြီးခဲ့တဲ့ ဇွန် ၂၂ ရက်နေ့က စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ထိပ်တိုက်တွေ့ဆုံပြီးနောက် ဖမ်းဆီးခံလိုက်ရတာပါ။
စစ်ကောင်စီတပ်ဟာ ဦးကျော်မျိုးမင်းတို့ ၄ ယောက်ကို ပစ်ခတ်ဖမ်းဆီးပြီးနောက် ရွာသားတယောက်ကိုလည်း သေနတ်နဲ့ ချက်ချင်း ပစ်ခတ်သတ်ဖြတ်ခဲ့တာပါ။
စစ်ကောင်စီတပ်ဟာ အန်အယ်လ်ဒီပါတီဝင်တွေ ဖြစ်တဲ့ ဦးပန်းမြင့်၊ ဦးကိုကိုမောင်တို့ကို ပြီးခဲ့တဲ့ ဇွန် ၃၀ ရက်က ဘီးလင်းမြို့နယ်၊ ကြိုးဝိုင်းကျေးရွာအနီးမှာ ညှဉ်းပန်းနှိပ်စက်ပြီးနောက် သေနတ်နဲ့ ပစ်သတ်ကာ အလောင်းကို မြေမြှုပ်သွားခဲ့တာပါ။
ဇူလိုင် ၆ ရက်မှာတော့ ရွာခံတွေက အန်အယ်လ်ဒီပါတီဝင် နှစ်ဦး သတ်ဖြတ်ခံရတဲ့ နေရာအနီးမှာ အလောင်းတလောင်း ထပ်မံ တွေ့ရှိကြောင်း အကြောင်းကြားလာတာတဲ့အတွက် အန်အယ်လ်ဒီ ပါတီဝင်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ သွားရောက် စစ်ဆေးစဉ် ဦးကျော်မျိုးမင်းရဲ့ အလောင်းကို တွေ့ရှိခဲ့တာပါ။
စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်လိုက်တဲ့ ဦးကျော်မျိုးမင်း ရုပ်အလောင်းကို ဇူလိုင် ၆ ရက်နေ့မှာပဲ မီးရှို့သင်္ဂြိုဟ်ခဲ့တယ်လို့ အန်အယ်လ်ဒီပါတီဝင် တစ်ဦးက ပြောပါတယ်။
ဦးကျော်မျိုးမင်းဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ဘီးလင်းမြို့နယ်၊ ပြည်နယ်လွှတ်တော်အမှတ်(၂) ကိုယ်စားလှယ်နေရာအဖြစ် ရွေးချယ်ခံခဲ့ရသလို စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ပုဒ်မ ၅၀၅(က) အပြင် အကြမ်းဖက်ပုဒ်မတွေနဲ့ အမှုဖွင့်ခံထားရပါတယ်။
ဦးကျော်မျိုးမင်းဟာ ဘီးလင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အန်အယ်လ်ဒီပါတီ ဥက္ကဋ္ဌ တာဝန်ယူထားသူဖြစ်သလို အန်အယ်လ်ဒီအစိုးရလက်ထက်တုန်းက မွန်ပြည်နယ် လွှတ်တော်ရဲ့ တိုင်ကြားစာကော်မတီမှာ အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ လယ်ကတဲကျေးရွာအနီးမှာ ဇွန် ၂၂ ရက် နေ့လယ် ၁ နာရီလောက်က ဘီးလင်း အန်အယ်လ်ဒီအမတ် ဦးကျော်မျိုးမင်း အပါအဝင် ၄ ဦး ပစ်ခတ်ဖမ်းဆီးခံရပြီး ၁ ဦး သေဆုံးသွားတယ်လို့ သထုံခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဘီးလင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ဥက္ကဋ္ဌ အန်အယ်လ်ဒီ အမတ် ဦးကျော်မျိုးမင်း၊ ရပ်ကျေး အန်အယ်လ်ဒီပါတီဝင်တွေဖြစ်တဲ့ ဦးပန်းမြင့်၊ ဦးကိုကိုမောင်နဲ့ ရွာသားတယောက်တို့ဟာ အလုပ်ကိစ္စတစ်ခုနဲ့ အပြန် လယ်ကတဲကျေးရွာအရောက်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တိုးပြီး ပစ်ခတ်ဖမ်းဆီးခံလိုက်ရတာပါ။
ပစ်ခတ်မှုကြောင့် ရွာသားတယောက် သေဆုံးခဲ့ပြီး အန်အယ်လ်ဒီအမတ် ဦးကျော်မျိုးမင်း အပါအဝင် ၃ ဦးကိုတော့ စစ်ကောင်စီတပ်က ဘီးလင်းမြို့နယ် ဒေါဇံကြီးဘုန်းကြီးကျောင်းမှာ ဖမ်းဆီးချုပ်နှောင်ထားတယ်လို့ သထုံခရိုင် PDF တာဝန်ခံက ပြောပါတယ်။
ဦးကျော်မျိုးမင်းဟာ ၂၀၂၀ အထွေထွေးရွေးကောက်ပွဲမှာ ဘီးလင်းမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံရတာဖြစ်ပြီး စစ်တပ် အာဏာသိမ်းပြီးနောက် ပုဒ် ၅၀၅(ခ)နဲ့ အမှုဖွင့်ခံထားရတာကြောင့် တိမ်းရှောင်နေတာပါ။
အခုလိုဖမ်းဆီးခံရပြီးနောက် သူတို့နဲ့ ဆက်စပ်ပတ်သက်သူတွေ သတိပြုရှောင်ရှားကြဖို့ ကေအန်ယူ သထုံခရိုင် တပ်မဟာ(၁) မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှု ကော်မတီကလည်း အထူးသတိပေးချက် ထုတ်ပြန်ထားပါတယ်။
အန်အယ်လ်ဒီအမတ် ဦးကျော်မျိုးမင်းဟာ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ NLD ပါတီရဲ့ ဥက္ကဋ္ဌ တစ်ဦးလည်း ဖြစ်ပါတယ်။