close

ဦးကျော်ဝင်း

close

April 17, 2023

အန်အယ်လ်ဒီ စီမံဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်း ပြန်လည်လွတ်မြောက်

မြန်မာနှစ်ဆန်းတရက်နေ့ စစ်ကောင်စီက အကျဉ်းသားတွေ ပြန်လွှတ်ပေးတဲ့ အထဲမှာ  အန်အယ်လ်ဒီအစိုးရလက်ထက်က စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ဦးကျော်ဝင်း ရမည်းသင်းထောင်ကနေ ပြန်လည်လွတ်မြောက်လာတယ်လို့ မိသားစုထံက သိရပါတယ်၊

မိသားစုဝင်တယောက်က "မနက်က ထောင်ကဖုံးဆက်လို့တော့ သိနေတာ။ အခုထိတော့ အိမ်မရောက်သေးဘူး။ ညကတော့ လာကြိုမယ်ဆိုတာကိုတော့ မလာနဲ့သူတို့လိုက်ပို့မယ်လို့ ပြောလို့စောင့်နေတာ။ အခု မနက်ပိုင်း ၁၂ နာရီခွဲ အထိတော့ အိမ်ရောက်မလာသေးဘူး။ အဖေက အသက် ၇၅ အထက်မလို့ လွှတ်ပေးတာလို့ပြောတယ်၊ အဲ့ဒီထောင်မှာတော့ စုစုပေါင်း ၁၅ ယောက်လောက် လွှတ်တယ်။ နိုင်ငံရေးအကျဉ်းသားကတော့ တယောက်တည်းပဲလို့တော့ အကြမ်းဖျင်းသိတယ်။ နေပြည်တော်အိမ်ကိုရောက်မှပဲ စိတ်တုံးတုံးချရမှာ" လို့ ပြောပါတယ်။

ဝန်ကြီးဟောင်း ဦးကျော်ဝင်းကို စစ်ကောင်စီက အာဏာသိမ်းပြီနောက် ၂၀၂၁ ခု နှစ် ဖေဖော်ဝါရီ ၄ ရက်မှာ နေပြည်တော် အိမ်ကနေဖမ်းသွားပြီး၊ နိုင်ငံတော်လျှို့ဝှက်ချက် ဥပဒေ ပုဒ်မ (၃၁/ဂ)နဲ့ နေပြည်တော် ထောင်တွင်း တရားရုံးကနေ ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့တာပါ။

သူက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ စီးပွားရေးပညာရှင် ပါမောက္ခ ရှောင်တာနယ်တို့နဲ့ အမှုတွဲလည်းဖြစ်ပါတယ်။

ဦးကျော်ဝင်းကို နေပြည်တော်ထောင်ကနေ အင်းစိန်ထောင်၊ အင်းစိန်ထောင်ကနေ ရမည်းသင်းထောင်ကို ရွေ့ပြောင်းခံရပြီနောက်  ထောင်တွင်း ၂ နှစ်နဲ့ ၂ လ ကျော်နေခဲ့ရကာ လျှော့ရက်တွေနဲ့တွက်ရင်တော့ လွတ်ခါနီးနေပြီလို့ နိုင်ငံရေးအကျဉ်းသားဟောင်းတယောက်က ပြောပါတယ်။

5 mins Ago

January 27, 2022

ရှောင်တာနယ်လ်အမှုရုံးထုတ်၊ သက်သေရောက်မလာသဖြင့် မစစ်ဆေးဖြစ်

စစ်ကောင်စီရဲ့ ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ သြစတြေးလျနိုင်ငံသား ပါမောက္ခ ရှောင်တာနယ်လ်အမှုကို ဇန်နဝါရီ ၂၇ ရက် ဒီနေ့ဆက်လက်ရုံးထုတ်ခဲ့ပေမဲ့ သက်သေတွေ မလာတာကြောင့် မစစ်ဆေးဖြစ်ဘူးလို့ တရားရုံးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။

“ဒီနေ့ရုံးချိန်းက မစစ်ဖြစ်ဘူး။ အန်ကယ် ဦးကျော်၀င်းက ဆေးရုံတက်နေရတယ်။ သက်သေလည်း မလာဘူး” လို့ တရားရုံးနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ဒီအမှုတွဲမှာပါနေတဲ့ စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်းဟာ အူကျရောဂါနဲ့ ပြီးခဲ့တဲ့ သီတင်းပတ်ကတည်းက ဆေးရုံတက်ကုသနေရသလို အူမကြီးကင်ဆာနဲ့ ခွဲစိတ်မှုခံထားတဲ့ စီမံ/ဘဏ္ဍာဝန်ကြီး ဦးစိုး၀င်းကလည်း ဆေးရုံက မဆင်းရသေးဘူးလို့ သိရပါတယ်။

ဒီအမှု ရုံးချိန်းကိုတော့ ဖေဖော်ဝါရီလ ၃ ရက်နေ့ကို ပြန်လည်ချိန်းဆို လိုက်တယ်လို့ သိရပါတယ်။

ရှောင်တာနယ်လ်ကို စစ်ကောင်စီက မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်များအက်ဥပဒေ ပုဒ်မ ၃-၁(ဂ)၊ လ.ဝ.ကအက်ဥပဒေတို့နဲ့ စွဲဆိုထားတာဖြစ်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဦးစိုးဝင်း(စီမံ/ ဘဏ္ဍာဝန်ကြီး)၊ ဦးဆက်အောင်(စီမံ/ဘဏ္ဍာ/စက်မှု ဒုဝန်ကြီး)၊ ဦးကျော်ဝင်း(စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း)တို့လည်း အမှုတွဲအဖြစ် တရားစွဲခံထားရတာဖြစ်ပါတယ်။

1 year Ago
Up