close

ဦးခေါင်းချင်းဆက်

close

August 2, 2022

ဘရာဇီးတွင် ဦးခေါင်းချင်းဆက် အမြွှာကလေး ၂ ဦးကို ခွဲစိတ်မှု အောင်မြင်

ဘရာဇီးနိုင်ငံမှာ အသက် ၃ နှစ်အရွယ် ဦးခေါင်းချင်းဆက် အမြွှာကလေး ၂ ယောက်ကို ၂၇ နာရီကြာ ခွဲစိတ်မှုအပြီး ပူးဆက်နေတဲ့ ခေါင်း ၂ ခုကို အောင်အောင်မြင်မြင် ခွဲထုတ်ပေးနိုင်ခဲ့ပါတယ်။

၂၀၁၈ ခုနှစ်က ဘရာဇီးနိုင်ငံမြောက်ပိုင်းက ကျေးလက်ဒေသတခုမှာ မွေးဖွားလာတဲ့ အာသာနဲ့ ဘနာဒိုဆိုတဲ့ ဦးခေါင်းချင်းဆက် အမြွှာလေး ၂ ယောက်ဟာ ဦးနှောက်ရဲ့ အစိတ်အပိုင်းတခုနဲ့ နှလုံးဆီ သွေးပြန်ပို့တဲ့ ပင်မသွေးပြန်ကြောကို မျှဝေ ရှင်သန်နေရတာပါ။

အမြွှာကလေး ၂ ယောက်ဟာ ရီယိုဒီဂျနီရိုးရှိ ပေါ်လိုနီမယ်ယာပြည်နယ် ဦးနှောက်အင်စတီကျုနဲ့ ယူကေရှိ ဂျဲမီနိုင်း အမြွှာကလေး စောင့်ရှောက်ရေး ပရဟိတအဖွဲ့တို့ရဲ့ လမ်းညွှန်မှုအောက်မှာ ခွဲစိတ်မှုများစွာ ပြုလုပ်ခဲ့ပါတယ်။

လပေါင်းများစွာ သုတေသနပြုတာ၊ ပြင်ဆင်တာနဲ့ X-rays ကိုအသုံးပြုတဲ့ CT စကန်တွေနဲ့ ရေဒီယိုလှိုင်းတွေကို အသုံးပြုတဲ့ MRI စကန်တွေကို အခြေခံပြီး အမြွှာကလေးတွေရဲ့ လက်တွေ့ပုံစံမျိုး ဖန်တီးထားတဲ့ virtual reality ပရောဂျက်တွေကို အသုံးပြုပြီးနောက်မှာတော့ ကလေးငယ်တွေကို အောင်မြင်စွာ ခွဲစိတ်ကုသနိုင်ခဲ့တာပါ။

သူတို့ရဲ့မိခင် Adrielle ကတော့ လုပ်ငန်းစဉ်တွေ မစခင်တုန်းကတော့ စိတ်ပူခဲ့ရတယ်လို့ ဒေသခံမီဒီယာကို ပြောပါတယ်။

အမြွှာကလေးငယ်တွေဟာ ဆေးရုံမှာ သူတို့ရဲ့ ခြောက်လအတွင်း ပြန်လည်ထူထောင်ရေးကို မကြာခင် စတင်တော့မှာဖြစ်ပါတယ်။ ခွဲစိတ်မှုအပြီးမှာတော့ သူတို့ဟာ ကုတင်ပေါ်မှာ ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် လှဲလျောင်းနိုင်ခဲ့ကြပါပြီ။

အာသာနဲ့ ဘနာဒိုတို့ဟာ သူတို့ရဲ့ ပေါင်းစပ်နေတဲ့ ဦးနှောက်ကိုလည်း ခွဲထုတ်လို့ရခဲ့တဲ့ အသက်အကြီးဆုံး ဦးခေါင်းချင်းဆက်အမြွှာတွေ ဖြစ်ပါတယ်။

ဂျဲမီနိုင်း အမြွှာကလေးစောင့်ရှောက်ရေး ပရဟိတအဖွဲ့ရဲ့ အဆိုအရ မွေးဖွားမှုပေါင်း ၆‌၀,၀၀၀ ထဲမှာ တဦးဟာ အမြွှာပူးဖြစ်လာကြပြီး အဲဒီထဲက ၅ ရာခိုင်နှုန်းဟာ ဦးခေါင်းချင်း ဆက်နေကြတယ်လို့ ဆိုပါတယ်။

1 min Ago
Up