မြန်မာနိုင်ငံရဲ့ အကျဉ်းထောင်တွေထဲမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သတင်းထောက်တွေကို ချက်ချင်း ပြန်လွှတ်ပေးဖို့ နယူးယောက်အခြေစိုက် သတင်းထောက်များအကာအကွယ်ပေးရေး ကော်မတီ (CPJ) က တောင်းဆိုလိုက်ပါတယ်။
ဒါ့အပြင် နောက်ဆုံး အဖမ်းခံထားရတဲ့ သတင်းစာဆရာ ဦးစည်သူအောင်မြင့်နဲ့ BBC Media Action က ထုတ်လုပ်တင်ဆက်သူ မထက်ထက်ခိုင်တို့ကို ချက်ချင်းလွှတ်ပေးဖို့နဲ့ သူတို့အပေါ် စွဲဆိုထားတဲ့ စွဲချက်အားလုံးကို ပယ်ဖျက်ပေးဖို့ ဩဂုတ် ၂၃ ရက်က ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်တာပါ။
အာဏာသိမ်း စစ်အုပ်စုကို ဝေဖန်ခြင်းနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ထောက်ခံအားပေးတာတွေကြောင့် ဆူပူမှုဖြစ်အောင် လှုံ့ဆော်မှုတွေနဲ့ စွဲချက်တင်ထားတယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားပါတယ်။
သတင်းစာဆရာ ဦးစည်သူအောင်မြင့်ဟာ ရာဇ၀တ်ကျင့်ထုံးဥပဒေပုဒ်မ ၅၀၅(က) ကို ဖောက်ဖျက်မှုနဲ့ တရားစွဲဆိုခံရပြီး မထက်ထက်ခိုင်ကိုတော့ နေအိမ်မှာ ဦးစည်သူအောင်မြင့်အား နေထိုင်ခွင့်ပြုထားပြီး NUG ကထုတ်လွှင့်တဲ့ Federal FM အတွက် စေတနာ့ဝန်ထမ်း အယ်ဒီတာအဖြစ် ဆောင်ရွက်တာတို့ကြောင့် တရားစွဲထားပါတယ်။
မြန်မာစစ်အာဏာရှင်တွေဟာ သတင်းသမားတွေကို ရာဇ၀တ်သားတွေလို မဆက်ဆံသင့်ကြောင်း CPJ ရဲ့ အရှေ့တောင်အာရှဆိုင်ရာ အကြီးတန်းကိုယ်စားလှယ် Shawn Crispin က အလေးအနက်ပြောကြားခဲ့ပါတယ်။
သူတို့ ၂ ယောက်ကို ဖမ်းဆီးထားတာဟာ အခြေခံအကျဆုံး အပြည်ပြည်ဆိုင်ရာ ဥပဒေအားလုံးကို ချိုးဖောက်ခြင်းဖြစ်တာကြောင့် လက်မခံနိုင်စရာပဲလို့ နယ်စည်းမခြားသတင်းထောက်များအဖွဲ့ (RSF) က ထောက်ပြပါတယ်။
လက်ရှိမြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲမှာ ဦးစည်သူအောင်မြင့်နဲ့ မထက်ထက်ခိုင်တို့ အပါအဝင် ဖမ်းဆီးခံထားရတဲ့ သတင်းသမား အယောက် ၅၀ လောက် ရှိနေပြီလို့ ဆိုပါတယ်။
RSF ရဲ့ ကမ္ဘာ့အဖွဲ့အစည်းများ သတင်းလွတ်လပ်ခွင့်အညွှန်းကိန်းမှာ မြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၈၀ ထဲမှာ အဆင့် ၁၄၀ ရှိတယ်လို့ သတိပေးထားပါတယ်။
မြန်မာနိုင်ငံရှိ အမေရိကန်သံရုံးကလည်း သတင်းထောက်တွေဟာ သူတို့အလုပ် သူတို့လုပ်ရင်း အရေးယူခံရတဲ့အကြောင်းတွေ ကြားသိရတဲ့အတွက် တုန်လှုပ်ချောက်ချားရပါတယ်လို့ ထုတ်ပြန်ထားပါတယ်။
မြန်မာနဲ့ကမ္ဘာတလွှားက ပြည်သူလူထုတွေအနေနဲ့ သူတို့ယုံကြည်တာတွေကို လွတ်လွတ်လပ်လပ် ထုတ်ဖော်ပြောဆိုခွင့်ရှိရမှာဖြစ်ပြီး သတင်းအချက်အလက်၊ အတွေးအမြင်တွေကိုလည်း လွတ်လွတ်လပ်လပ် ရှာဖွေ၊ ရရှိ၊ မျှဝေနိုင်ရမှာ ဖြစ်ပါတယ်။
သတင်းထောက်တွေဟာ ကြောက်ရွံ့ထိတ်လန့်မှုမရှိဘဲ လွတ်လွတ်လပ်လပ်တင်ပြခွင့် ရှိကိုရှိရမှာပါလို့လည်း သံရုံးရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဩဂုတ် ၂၆ ရက်က ရေးသားဖော်ပြထားပါတယ်။
ပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့် ဖမ်းဆီးခံထားရတဲ့ ဝါရင့်သတင်းစာဆရာ ဦးစည်သူအောင်မြင့်ကို ပုဒ်မ ၁၂၄ (က) အကြည်ညိုပျက်စေမှုနဲ့ ထပ်မံတရားစွဲပြီး သူနဲ့အတူဖမ်းမိတဲ့ BBC Media Action မှ မထက်ထက်ခိုင်ကိုလည်း မတရားသင်း ဥပဒေ ပုဒ်မ ၁၇(၁)နဲ့ အမှုဖွင့်အရေးယူမယ်လို့ စစ်ကောင်စီပြန်ကြားရေးက ကြေညာပါတယ်။
VOA နဲ့ Frontier Myanmar သတင်းဌာနတို့ရဲ့ ပင်တိုင်ဆောင်းပါးရှင် ဦးစည်သူအောင်မြင့်နဲ့ BBC အလွတ်တန်းသတင်းထောက် ထက်ထက်ခိုင်တို့ကို ဩဂုတ် ၁၅ ရက်ညက ရန်ကုန်၊ ဗဟန်းမြို့နယ်ရှိ ရွှေဂုံရိပ်မွန်အိမ်ရာ၊ တိုက်ခန်းတခုမှာ တွေ့ရှိ ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
ဦးစည်သူအောင်မြင့်ဟာ VOA၊ Frontier Myanmar Magazine တွေရဲ့ ပင်တိုင်ဆောင်းပါးရှင် တယောက်ဖြစ်ပြီး အကြမ်းဖက်စစ်အုပ်စုကို ဝေဖန်တဲ့ သတင်းဆောင်းပါး၊ သုံးသပ်ချက်တွေနဲ့ သရော်စာတွေရေးသားတာကြောင့် ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က)နဲ့ တရားစွဲဆိုခံထားရတာ ဖြစ်ပါတယ်။
စစ်တပ်က ဦးစည်သူအောင်မြင့်ကိုဖမ်းဆီးပြီးနောက် ရန်ကုန်မှာရှိတဲ့ စစ်ကြောရေးစခန်းတစ်ခုသို့ ခေါ်သွားတဲ့အကြောင်းနဲ့ အဆက်အသွယ်မရသေးဘူးလို့ အမှုအတွက်လိုက်ပါဆောင်ရွက်ပေးမယ့် ရှေ့နေတစ်ဦးက မီဒီယာတွေကိုပြောပါတယ်။
အလားတူ မထက်ထက်ခိုင်ဟာလည်း ဦးစည်သူအောင်မြင့်ကို သူ့ရဲ့နေအိမ်မှာ ပုန်းရှောင်နေနိုင်ဖို့ လက်ခံထားတာနဲ့၊ NUG မှ နေ့စဉ်ထုတ်လွှင့်တဲ့ Federal FM မှာ Volunteer အယ်ဒီတာအဖြစ် လုပ်ကိုင်ခဲ့တယ်လို့ စွပ်စွဲပြီး မတရားအသင်းနှင့် ဆက်သွယ်ဆောင်ရွက်မှုဥပဒေပုဒ်မ ၁၇(၁)နဲ့ အမှုဖွင့်အရေးယူမယ်လို့ စစ်ကောင်စီက သတင်းထုတ်ပါတယ်။
မထက်ထက်ခိုင်ဟာ BBC Media Action မှာ အလွတ်တန်းထုတ်လုပ်ရေးမှူးအဖြစ်တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး ‘ခံစားကြည့်” ရုပ်သံအစီအစဉ်မှာ တင်ဆက်သူတစ်ဦးအဖြစ်လည်း ဆောင်ရွက်ခဲ့ပါတယ်။
မထက်ထက်ခိုင်ရဲ့ လုံခြုံရေးအတွက်စိုးရိမ်တဲ့အကြောင်းနဲ့ အခြေအနေတွေကို အနီးကပ်လေ့လာစောင့်ကြည့်နေတယ်လို့ BBC Media Action ကထုတ်ပြန်ထားပါတယ်။
ပြင်သစ် အခြေစိုက်နယ်စည်းမခြား သတင်းထောက်များအဖွဲ့ ( RSF) ကလည်း အခုလို မြန်မာသတင်းသမား၂ ဦးကို စစ်တပ်က တရားလက်လွတ်ဖမ်းဆီးမှုကို ဆန့်ကျင်ကန့်ကွက်တဲ့အကြောင်းနဲ့ ချက်ချင်းပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။
နိုင်ငံတော်အာဏာကို စစ်တပ်က တရားမဝင်သိမ်းယူလိုက်ပြီးနောက် ဖမ်းဆီးခံရတဲ့ သတင်းသမားပေါင်း အယောက် ၅၀ လောက်ရှိပြီး တချို့ပြန်လွတ်လာပေမဲ့ လက်ရှိအချိန် အထိ အကျဉ်းထောင်တွေထဲမှာ အနည်းဆုံး သတင်းသမား ၃၀ ကျော်ကျန်ရှိနေပါတယ်။
Photo-RSF