ပညာကို အခြေခံပြီးတည်ဆောက်ရမယ့်ခေတ်ကို ရောက်နေပေမယ့် မြန်မာနိုင်ငံမှာ လက်နက်နဲ့ နိုင်ငံကို တည်ဆောက်သလိုဖြစ်နေလို့ ထိခိုက်မှုကြီးမားနေပြီး ရပ်ရွာအေးချမ်းသာယာရေးနဲ့ တရားဥပဒေစိုးမိုးရေးဟာ တဖြည်းဖြည်း ယုတ်လျော့ကျဆင်းနေတယ်လို့ SNLD ပါတီဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်က ပြောပါတယ်။
ဒီကနေ့ ၂၆ ရက်မနက်က ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမှာ စတင်ကျင်းပတဲ့ တနိုင်ငံလုံးဆိုင်ရာပါတီညီလာခံအဖွင့်မိန့်ခွန်းမှာ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီဥက္ကဋ္ဌ အခုလို ပြောကြားသွားတာပါ။
ပါတီညီလာခံကို ၃ နှစ် ၁ ကြိမ် ကျင်းပတာဖြစ်ပြီး ၃ နှစ်တာကာလအတွင်း ပါတီလှုပ်ရှားမှုနဲ့ အားနည်းချက်အားသာချက်တွေကို ပါတီဥက္ကဋ္ဌက သုံးသပ်ပြောကြားရာမှာ လက်ရှိမြန်မာနိုင်ငံမှာ နိုင်ငံရေးပါတီတွေအတွက် ဘောင်ကျဉ်းနေပြီး လက်နက်ရှိမှ လူရာဝင်သလိုဖြစ်နေတယ်လို့ ပါတီဥက္ကဋ္ဌက ပြောပါတယ်။
“အခုခေတ် အခုအချိန်ကာလမှာ တိုင်းပြည်ကို တည်ဆောက်တဲ့နေရာမှာ ပညာကို အခြေခံပြီးတည်ဆောက်ကြရတဲ့ခေတ်ကို ရောက်နေပါပြီ။ ပညာကိုအခြေခံတဲ့ လူ့အဖွဲ့အစည်းဖြစ်နေပါပြီ။ ကံမကောင်းအကြောင်းမလှတော့ ကျနော်တို့က ကျနော်တို့နိုင်ငံမှာ လက်နက်နဲ့ နိုင်ငံကို တည်ဆောက်နေတာကို သတိပြုမိကြပါလိမ့်မယ်။ လက်နက်မရှိရင် မျက်နှာငယ်ရတယ်၊ လူရာမဝင်သလိုဖြစ်ရတယ်၊ နေရာတိုင်းမှာ လက်နက်ကိစ္စက အရေးပါ သလိုဖြစ်နေတယ်။ လက်နက်မရှိရဘူးလို့ ကျနော်တို့မဆိုလိုပါဘူး၊ လက်နက်ရှိဖို့ လိုအပ်ပါတယ်။ သို့သော် လက်နက်နေရာမှာပဲ လက်နက်ရှိဖို့လိုပါတယ်၊ လက်နက်မလိုတဲ့နေရာမှာ လက်နက် မရှိစေချင်ပါဘူး။ အခုတော့ ကျနော်တို့က နေရာတကာမှာ လက်နက်ဖြစ်နေတော့ တိုင်းပြည်တည်ဆောက်ရေးအတွက် လိုအပ်တဲ့ ပညာရဲ့အခန်းကဏ္ဍတွေပျောက်နေတယ်၊ တခြားပညာနဲ့ဆိုင်တဲ့ လုပ်ငန်းတွေနောက်ကျနေတယ်ဆိုတဲ့အတွက် အလွန်ကို ထိခိုက်မှုကြီးမားတယ်လို့ ပြောကြားလိုပါတယ်။ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းကို တည်ဆောက်နေချိန် ကျနော်တို့က လက်နက်ကိုပဲ ဦးစားပေးတဲ့ အဖွဲ့အစည်းဖြစ်နေဆဲ ဖြစ်နေတာကို ဝမ်းနည်းစွာတွေ့ရပါတယ်။ ဒါကိုပြုပြင်ပြောင်းလဲဖို့လိုတယ်လို့ ယူဆပါတယ်၊ လက်နက်ကိုင် ပဋိပက္ခတွေရဲ့ နောက်ဆက်တွဲဟာဆိုရင် ရပ်ရွာအေးချမ်းသာယာရေးနဲ့ တရားဥပဒေစိုးမိုးရေးက တဖြည်းဖြည်းနဲ့ ယုတ်လျော့ကျဆင်းနေပါတယ်။”
ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး အခန်းကဏ္ဍ အလွန်အမင်းထိခိုက်နစ်နာနေတာ အင်မတန် ထိခိုက်ဝမ်းနည်းစရာကောင်းသလို နိုင်ငံရဲ့ စီးပွားရေးလုပ်ငန်း အဆမတန်ကျဆင်းနေတာနဲ့အမျှ ပြည်သူလူထုရဲ့ စားဝတ်နေရေး အသက်မွေးဝမ်းကျောင်းတွေကလည်းပဲ အင်မတန် ခက်ခဲကျပ်တည်းနေရ၊ ပြဿနာတွေ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။
လက်ရှိပဋိပက္ခတွေကို မဖြေရှင်းနိုင်ပါက ဒီနိုင်ငံဟာ ကျဆုံးနိုင်ငံအဖြစ် ဦးတည်နေကြောင်း၊ ဒီအတွက် SNLD အနေနဲ့ စိတ်ပူပန်မှုဖြစ်ရကြောင်း၊ ရင်ဆိုင်နေရတဲ့အခက်အခဲတွေကို နိုင်ငံရေးပါတီတရပ်အနေနဲ့ ထိထိရောက်ရောက် ကူညီဆောင်ရွက်ကာကွယ်မပေးနိုင်တဲ့အတွက် အလွန်ဝမ်းနည်းရတယ်လို့ SNLD ပါတီဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်က ပြောပါတယ်။
လက်ရှိအခြေအနေမှာ နိုင်ငံရေးဘောင်ကျဉ်းနေပေမယ့် SNLD ပါတီအနေနဲ့ကတော့ အကြိမ်ကြိမ် လဲကျ၊ အကြိမ်ကြိမ်ပြန်ထဆိုတဲ့ ထုံးနှလုံးမူပြီး ပါတီရဲ့ အမြင့်ဆုံး အန္တိမရည်မှန်းချက်ကို ဦးတည်ကာ ဆက်လက်ကြိုးစားဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ တဦးတယောက်ရဲ့ အာဏာပေါ် မူမတည်ဘဲ စုပေါင်းခေါင်းဆောင်မှုနဲ့ ပါတီက ချမှတ်ထားတဲ့ မူဝါဒအတိုင်း ဆောင်ရွက်သွားမယ်၊ ပါတီနည်းဗျူဟာတွေ ပြောင်းလို့ရပေမယ့် ပါတီရဲ့ မဟာဗျူဟာ ပြောင်းလဲမှာ မဟုတ်ကြောင်း၊ ရာထူးကြောင့်ပဲဖြစ်စေ၊ ငွေကြေးကြောင့်ဖြစ်စေ၊ ဖိအားပေးမှုကြောင့်ဖြစ်စေ ပါတီမူဝါဒ ပြောင်းလဲမှာမဟုတ်ဘူးလို့ ဆိုပါတယ်။
ပါတီဝင်တိုင်းဟာ ပါတီရဲ့ ရည်မှန်းချက်ပန်းတိုင်ကို မျက်ခြည်မပြတ်ဖို့လိုအပ်ကြောင်း၊ ရည်မှန်းချက်မျက်ခြည်ပြတ်က လမ်းကြောင်းလွှဲသွားပြီး မူလရည်မှန်းချက်နဲ့ ပြဒါးတလမ်း သံတလမ်းဖြစ်သွားတတ်ကြောင်း၊ တချို့အဖွဲ့အစည်းမှာ အာဏာရှင်ကို တော်လှန်ဖို့ ရည်မှန်းဆောင်ရွက်ရင်း မျက်ခြည်ပြတ်တော့ သူတို့ကိုယ်တိုင် အာဏာရှင်ဖြစ်မှန်းမ သိဖြစ်သွားတာ၊ တချို့မှာ မူလရည်မှန်းချက်နဲ့ ပြောင်းပြန်ဖြစ်သွားတာတွေ ရှိတယ်လို့ ဆိုပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ SNLD ပါတီကိုယ်စားလှယ်တွေ သန့်သန့်ရှင်းရှင်း ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့ပေမဲ့ ရွေးကောက်ပွဲ ရလဒ်ပယ်ဖျက်ခံခဲ့ရကြောင်းနဲ့ အနိုင်ရ ကိုယ်စားလှယ်တွေအနေနဲ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခွင့်မရပေမဲ့ ပြည်သူ့ကိုယ်စားလှယ်တွေ အဖြစ် သက်ဆိုင်ရာ မဲဆန္ဒယ်နယ်က ပြည်သူ့အကျိုးပြုလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်ကြဖို့ ပါတီ ခေါင်းဆောင်က တိုက်တွန်းပြောပါတယ်။
လက်ရှိမှာ ဘယ်လိုအခြေအနေမျိုးကို ကြုံတွေ့နေရပါစေ၊ ယဉ်ကျေးတဲ့လူ့အသိုင်းအဝိုင်းရဲ့ ထုံးစံဖြစ်တဲ့ နိုင်ငံရေးကိစ္စတွေကို စားပွဲဝိုင်းမှာ ဖြေရှင်းနိုင်ကြတဲ့ အခြေအနေမျိုးရောက်ရှိ လာအောင် အားသွန်ခွန်စိုက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမယ်လို့ ပါတီဥက္ကဋ္ဌက ပြောသွားပါတယ်။
SNLD ဟာ ငွေကြေးအရာမှာဆင်းရဲပေမယ့် ဂုဏ်သိက္ခာအရာမှာကြီးမားကြောင်း၊ ပါတီဝင်အင်အားနည်းပါးပေမယ့် ထိုက်တန်တဲ့ နိုင်ငံရေးခွန်အားရှိကြောင်း၊ ပါတီဟာ ဒေသအရ ကျယ်ပြန့်မှုနည်းပေမယ့် စုစည်းညီညွတ်မှုခိုင်မာကြောင်း ပါတီဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်က ပြောသွားပါတယ။
SNLD ပါတီရဲ့ တနိုင်ငံလုံးဆိုင်ရာညီလာခံကို မေလ ၂၆ - ၂၇ နှစ်ရက်တာကျင်းပသွားမှာ ဖြစ်ပါတယ်။
ဒီကနေ့ ညီလာခံကို ပါတီဗဟိုအလုပ်အမှုဆောင်၊ အမှုဆောင်နဲ့ အဖွဲ့ဝင်တွေ မိတ်ဖက်ပါတီတွေရော နိုင်ငံခြားသံရုံးမှ လေ့လာသူတွေပါ စုစုပေါင်း ၃၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။
တခြားနိုင်ငံရေးပါတီနဲ့ လူထုအခြေပြုအဖွဲ့အစည်းတွေ စုစုပေါင်း ၂၉ ဖွဲ့ကလည်း ညီလာခံကို ကြိုဆိုကြောင်း သဝဏ်လွှာပေးပို့ခဲ့ကြပါတယ်။
ရာထူးနေရာကြောင့်ပဲဖြစ်ဖြစ် ခြိမ်းခြောက်ဖိနှိပ်မှုကြောင့်ပဲဖြစ်ဖြစ် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD)ရဲ့ ရပ်တည်ချက်က ပြောင်းလဲသွားမှာ မဟုတ်ဘူးလို့ ပါတီ ဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်က ပြောကြားလိုက်ပါတယ်။
ဖေဖော်ဝါရီ ၇ ရက်ကျင်းပတဲ့ ၇၅ နှစ်မြောက် ရှမ်းပြည်အမျိုးသားနေ့မှာ ပြောဆိုလိုက်တာဖြစ်ပြီး SNLD ပါတီအနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီမူကိုဆက်လက်ဆုပ်ကိုင်ထားတယ်လို့လည်း ပြောပါတယ်။
ပြည်သူတွေဟာ ကိုဗစ်ကာလမှာ စစ်အာဏာသိမ်းမှုကို ကြုံတွေ့ခဲ့ရတဲ့အပြင် လတ်တလော တိုက်ပွဲတွေကြောင့် အခက်အခဲတွေကြီးမားနေတဲ့အတွက် စိတ်မကောင်းဖြစ်ရတယ်လို့ဆိုပါတယ်။
ပါတီရဲ့ရပ်တည်မှုနဲ့ပတ်သက်ပြီး အမြဲတမ်းဆန်းစစ်မှုတွေပြုလုပ်နေပြီး မြို့နယ်အသီးသီးက ပါတီခေါင်းဆောင်တွေကိုလည်း ပြန်လည်စုစည်းနေတယ်လို့ဆိုပါတယ်။
SNLD ဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်က "ကိုယ့်ရပ်တည်ချက်နဲ့ခိုင်ခိုင်မာမာရပ်တည်နေတဲ့ပါတီဖြစ်ပါတယ်။ ရာထူးနေရာကြောင့်ပဲဖြစ်ဖြစ် ခြိမ်းခြောက်ဖိနှိပ်မှုကြောင့်ပဲဖြစ်ဖြစ် ကျနော်တို့ရပ်တည်ချက်က ဘယ်လိုမှပြောင်းလဲသွားမှာမဟုတ်ဘူးဆိုတာ ခိုင်ခိုင်မာမာပြောကြားချင်ပါတယ်။ အစွန်းတရားတွေကနေ လွတ်မြောက်အောင် ကိုယ့်ကိုယ်ကိုယ် အမြဲတမ်းဆန်းစစ်ဝေဖန်နေတဲ့ ပါတီလည်းဖြစ်ပါတယ်။ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေ တိုက်ခိုက်မှုတွေကို ငြိမ်သက်ပြီးဆုံးသွားအောင် ကျနော်တို့အနေနဲ့ အတတ်နိုင်ဆုံး နည်းလမ်းတကျပါဝင်ဖြေရှင်းခဲ့တာလည်း နှစ်နဲ့ချီပြီးကြာခဲ့ပါပြီ။ အောင်မြင်မှုတွေရှိခဲ့သလို မအောင်မြင်မှုတွေလည်း အများအပြားရှိခဲ့ပါတယ်။ ကျနော်တို့က နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ပဲ ဖြေရှင်းချင်တာဖြစ်တဲ့အတွက် စိတ်ရှည်လက်ရှည်သည်းညည်းခံပြီး ဆက်လက်ရပ်တည်နိုင်အောင် ကြိုးစားနေဆဲဖြစ်ပါတယ်။ အကျပ်အတည်းပေါင်းစုံ အားလုံးတွေ့နေရတာဖြစ်တဲ့အတွက် ခါတိုင်းထက်ပိုပြီး ညီညွတ်မှုကို ဦးထိပ်ထားကြဖို့၊ အခြေအနေတွေကို သဘောပေါက်ပြီး တယောက်နဲ့ တယောက်အကူအညီတွေပေးကြဖို့ လိုအပ်ပါတယ်။"လို့ ပြောပါတယ်။
စစ်အာဏာသိမ်းမှုကြောင့် မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မငြိမ်သက်မှုတွေဖြစ်နေသလို ရှမ်းပြည်နယ်တွင်းမှာလည်း ရှမ်းတိုင်းရင်းသားလက်နက်ကိုင်အချင်းချင်းတိုက်ပွဲတွေ၊ စစ်ကောင်စီရဲ့ အနိုင်ကျင့်မှုကြောင့် ဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူတွေဟာ ကြီးမားတဲ့အခက်အခဲတွေ ဖြစ်ပေါ်နေပါတယ်။
SNLD အနေနဲ့ ဒေသခံတိုင်းရင်းသားပြည်သူတွေကို အကူအညီပေးနိုင်ဖို့ ပါတီဝင်တွေရဲ့ ချွေးနည်းစာတွေကို စုဆောင်းပြီး အလှူငွေ ၇၅ သိန်းကို စစ်ဘေးရှောင်တွေအတွက် လှူဒါန်းဖို့ စီစဉ်နေတယ်လို့ ဦးစိုင်းညွန့်လွင်က ပြောပါတယ်။
"ဒီနေ့မြန်မာနိုင်ငံရဲ့ပြဿနာတွေဟာ အရမ်းကို ရှုပ်ထွေးပြီးတော့ နက်နဲလွန်းပါတယ်။ ဘယ်နည်းလမ်းနဲ့ဖြေရှင်းရမယ်ဆိုတာ ပညာရှင်တွေနဲ့တော်တော်များများ တွေ့ဆုံဆွေးနွေးပြီးသမျှ အခုအချိန်အထိ ဘယ်သူမှ မှန်ကန်တဲ့နည်းလမ်းကို မတွေ့ကြရသေးပါဘူး။ မြန်မာနိုင်ငံရဲ့အကျပ်တည်းဆုံးနဲ့ အခက်ခဲဆုံးအချိန်ဆိုရင် မမှားလောက်ဘူးလို့ထင်ပါတယ်။ အဲ့ဒီအခက်အခဲတွေကလည်း အချိန်ကာလတစ်ခုအထိကြာရှည်ဦးမယ်ဆိုတာ ပညာရှင်တွေက ပြောကြားတယ်ဆိုတာ အသိပေးလိုပါတယ်။"
ရှမ်းပြည်နယ်တွင်းဖြစ်ပွားနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်းတိုက်ပွဲတွေနဲ့ပတ်သက်ပြီး ဘယ်သူမှန်တယ် ဘယ်သူမှားတယ်ဆိုတာပြောဖို့ထက် ဒေသခံပြည်သူတွေအပေါ်ငဲ့ညှာဖို့ ဦးစိုင်းညွန်လွင်က တိုက်တွန်းပါတယ်။
"ရှမ်းတိုင်းရင်းသားတွေအချင်းချင်း အမုန်းတရားတွေရပ်ဆိုင်းနိုင်မှ စစ်ပွဲတွေကို ဖြေလျှော့နိုင်မယ်။ အေးချမ်းသာယာရေးကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ ဘယ်သူမှန်တယ် ဘယ်သူမှားတယ်ဆိုတာကို ပြောနေတာမဟုတ်ပါဘူး။"
ရှမ်းတိုင်းရင်းသားလက်နက်ကိုင်တွေ အချင်းချင်းဖြစ်ပွားနေတဲ့တိုက်ပွဲတွေအတွက် ရှမ်းပြည်ညီညွတ်ရေးကော်မတီကို ဖွဲ့စည်းပြီး ဖြေရှင်းပေးဖို့ကြိုးစားနေပေမဲ့ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတာပါ။
၂၀၂၁ ဇူလိုင်လကစပြီး ရှမ်းပြည်မြောက်ပိုင်းမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ(RCSS/SSA)နဲ့ မြောက်ပိုင်းမဟာမိတ်ပူးပေါင်းအဖွဲ့ဖြစ်တဲ့ SSPP/SSA ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) အဖွဲ့၊ တအာင်းပလောင်အဖွဲ့TNLA၊ ကိုးကန့်တပ်ဖွဲ့ MNDAA တို့အကြားတိုက်ပွဲတွေဖြစ်ပွားခဲ့တာပါ။
ရှမ်းပြည်မြောက်ပိုင်းဒေသခံပြည်သူတွေဟာ ကိုဗစ်ရောဂါကပ်ဘေး၊ စစ်တပ်အာဏာသိမ်းမှုနဲ့ ဒေသတွင်းလက်နက်ကိုင်အဖွဲ့တွေရဲ့ တိုက်ပွဲတွေကြောင့် ကြီးမားတဲ့အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။
Photo Credit-SNLD