close

ဦးဉာဏ်ဝင်း

close

July 20, 2021

အန်အယ်လ်ဒီအတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်း ကိုဗစ်-၁၉ ရောဂါဖြင့် ကွယ်လွန်

အင်းစိန်ထောင်တွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရတာကြောင့် ရန်ကုန်မြို့ ဆေးရုံကြီး အထူးကုသဆောင် ICU မှာ ဆေးကုသမှုခံယူနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်း ဇူလိုင် ၂၀ ရက်  ဒီနေ့မနက်က ၉ နာရီကျော်လောက်က ကွယ်လွန်သွားပြီလို့ အန်အယ်လ်ဒီအသိုင်းအဝိုင်းကသိရပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်  အန်အယ်လ်ဒီ ဗဟိုကော်မတီဝင်လည်းဖြစ်၊ ပြောခွင့်ရသူဖြစ်တဲ့  ဦးဉာဏ်ဝင်းကို ပုဇွန်တောင်နေအိမ်မှာ စစ်တပ်က  ဖမ်းဆီးခဲ့ပါတယ်။ ဒီနောက် အများပြည်သူတည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လှုံ့ဆော်မှု ပုဒ်မ  ၅၀၅ (ခ) နဲ့ တရားစွဲပြီး အင်းစိန်ထောင်မှာ ချုပ်နှောင်ထားတာပါ။

အင်းစိန်ထောင်မှာ ကိုဗစ်-၁၉  ကူးစက်ခံရတာကြောင့် ဇူလိုင်လ ၁၁ရက် ညနေပိုင်းက ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ပြီး အထူးကြပ်မတ်ဆောင်မှာ တက်ရောက်ဆေးကုသမှု ခံယူနေစဉ် ဒီကနေ့မနက်က ကွယ်လွန်သွားတာဖြစ်ပါတယ်။ 

ဦးဉာဏ်ဝင်းကို ၁၉၄၂ ခုနှစ် နိုဝင်ဘာ ၂၀ ရက်နေ့က ဖခင် ဦးချင်းဖေနဲ့ မိခင် ဒေါ်ရီတို့မှ မွန်ပြည်နယ်၊ ကျိုက္ခမီမြို့မှာ မွေးဖွားခဲ့ပါတယ်။

 ရန်ကုန်တက္ကသိုလ်မှ ဥပဒေဘွဲ့ရရှိခဲ့ပြီးနောက် ၁၉၇၀ မှ ၁၉၇၃ အထိ ဗဟိုတရားရုံးချုပ် ရှေ့နေအဖြစ် လုပ်ကိုင်ခဲ့ပြီး  ထို့နောက် အစိုးရရှေ့နေအဖြစ် အငြိမ်းစားယူချိန် ၁၉၈၈ ခုနှစ် နိုဝင်ဘာအထိ လုပ်ကိုင်ခဲ့ပါတယ်။

၁၉၉၀ အထွေထွေရွေးကောက်ပွဲမှာ မွန်ပြည်နယ်၊ ပေါင်မြို့နယ် မဲဆန္ဒနယ် ၁ မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ မဲအရေအတွက် ၂၀,၀၃၂ နဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ်  ရွေးကောက်တင်မြှောက်ခံရပါတယ်။

အန်အယ်လ်ဒီ ပါတီရဲ့ ဥပေဒေရေးရာ အကြံပေး၊ ဥပဒေရေးရာ အထောက်အကူပြုတာဝန်တွေ ထမ်းဆောင်ခဲ့သလို  ပါတီခေါင်းဆောင် ဒေါ်ဆောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျနေစဉ် ကာလတွေမှာ ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ 

Photo- EPA

2 mins Ago
Up