အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေရဲ့ စီးပွားရေးပိတ်ဆို့ဒဏ်ခတ်တာခံနေရတဲ့ အကြမ်းဖက် စစ်အုပ်စုဒေါက်တိုင် မြန်မာခရိုနီသူဌေး ဦးတေဇ စင်ကာပူ ဆန်တိုဆာအပန်းဖြေကျွန်းရှိ လူကုံထံသူဌေးတွေအတွက်ဆောက်လုပ်ထားတဲ့ အိမ်ရာမှာ နေထိုင်ခွင့်ရနေတယ်လို့ Bloomberg သတင်းဌာနက ရေးသားဖော်ပြပါတယ်။
အိမ်ရှေ့မှာ တရုတ်စကားပင်တွေနဲ့ အုန်းပင်တွေ စိုက်ထားတဲ့ ဆန်တိုဆာကျွန်းပေါ်က ၃ ထပ် တိုက်ဟာ မြန်မာနိုင်ငံက နာမည်ကျော်စီးပွားရေးသမား ဦးတေဇ စင်္ကာပူနိုင်ငံကို ရောက်တဲ့အချိန်တိုင်း နေထိုင်တဲ့ နေရာဖြစ်တယ်လို့ဆိုပါတယ်။
အဲဒီအိမ်ဟာ တောင်တရုတ်ပင်လယ်ကို လှမ်းမြင်နေရတဲ့ လူကုံထံတွေ ပျော်ပါးရာ အဲဒီအိမ်ရာထဲမှာ ဦးတေဇမိသားစုပိုင်တဲ့ အိမ်နှစ်အိမ်ထဲက တစ်အိမ်ဖြစ်ပါတယ်။ သူတို့အိမ်ရာဟာ ဦးတေဇ ရံဖန်ရံခါ ငွေသားအပြည့်ထည့်ထားတဲ့ အိတ်ကြီးတွေသယ်ဆောင်ပြီးရောက်လာတတ်တဲ့ စင်ကာပူရဲ့ နာမည်ကျော် မရီနာဘေးဆန်း ကာစီနိုရဲ့ အနီးမှာတည်ရှိတယ်လို့ သတင်းဆောင်းပါးမှာရေးသားထားပါတယ်။
ဇွန်လရဲ့ နေသာတဲ့တစ်နေ့မှာ ဦးတေဇရဲ့ အိမ်ရှေ့မှာ Ferrari F8 Spider ကားတစ်စီးနဲ့ မာစီဒီးကားတစီး ရပ်ထားတာကို တွေမြင်ရတယ်လို့လည်းဆိုပါတယ်။
ခရိုနီသူဌေးဦးတေဇ အပါအဝင် မြန်မာစစ်နက်ကို လက်နက်ရောင်းချတယ်လို့ အမေရိကန်နဲ့ တခြားနိုင်ငံတွေက စွပ်စွဲပြီး စီးပွားရေးပိတ်ဆို့ခံထားရတဲ့ မြန်မာစီးပွားရေးလုပ်ငန်းရှင်တွေအတွက် စင်္ကာပူနိုင်ငံဟာ လွတ်မြောက်ရာနယ်မြေဖြစ်နေခဲ့တာ ကြာလှပါပြီ။
အမေရိကန်က ၂၀၀၇ ခုနှစ်မှာ စီးပွားရေးပိတ်ဆို့ခဲ့ပေမဲ့ ဦးတေဇဟာ စင်ကာပူနိုင်ငံမှာ နေထိုင်ခွင့်နဲ့ အလုပ်လုပ်ကိုင်ခွင့်ကို ရရှိထားနေဆဲဖြစ်ပါတယ်။ ဦးတေဇဟာ စင်ကာပူမှာ စားအုန်းဆီ၊ ကျွန်းသစ်နဲ့ လေကြောင်းလိုင်း လုပ်ငန်းတွေကို ကုမ္ပဏီ ၁၀ ခုလောက်ဖွင့်ပြီး လုပ်ကိုင်နေခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျရွေးကောက်ပွဲ ကျင်းပပြီးနောက် ၂၀၁၆ ခုနှစ်မှာ ဦးတေဇအပေါ် ချမှတ်ထားတဲ့ စီးပွားရေးပိတ်ဆို့မှုတွေကို အမေရိကန်က ပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။ အဲဒီနောက် အာဏာသိမ်းမှုဖြစ်ပွားခဲ့တဲ့ ၂၀၂၁ခုနှစ် ဖောဖော်ဝါရီနောက်ပိုင်း ၂၀၂၂ ခုနှစ်အစောပိုင်းမှာတော့ အမေရိကန်က ဦးတေဇအပေါ် စီးပွားရေး ပိတ်ဆို့မှုတွေ ပြန်လည်ချမှတ်ခဲ့ပါတယ်။
စင်ကာပူနိုင်ငံအပါအဝင် အာရှနိုင်ငံအများစုဟာ စီးပွားရေးပိတ်ဆို့တာကို အားမပေးပါဘူး။ ဝန်ကြီးချုပ်လီရှန်လွန်းကလည်း စီးပွားရေးပိတ်ဆို့မှုတွေဟာ မြန်မာနိုင်ငံသားတွေကိုသာ ထိခိုက်နစ်နာစေပြီး မြန်မာကို တရုတ်နဲ့ပိုပြီး နီးကပ်သွားစေတယ်လို့ ပြောပါတယ်။
ဦးတေဇနဲ့ ပတ်သက်ပြီး စင်ကာပူနိုင်ငံရဲ့ မူဝါဒနဲ့ ပတ်သက်ပြီး စင်ကာပူနိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူကို မေးမြန်းရာမှာတော့ နိုင်ငံခြားရေးဝန်ကြီး ဗီဗီရန် ထုတ်ပြန်ထားခဲ့တဲ့ ကြေညာချက်ကို ညွှန်းဆိုပြီး ပြန်လည်တုံ့ပြန်ပါတယ်။ စစ်ကာပူနိုင်ငံခြားဝန်ကြီးက မြန်မာနိုင်ငံရဲ့ အခြေအနေဟာ ကံဆိုးမိုးမှောင်ကျအဖြစ်ဆိုးနဲ့ ကြုံတွေ့နေရတာလို့ ပြောဆိုခဲ့ပြီး မြန်မာဟာ သူ့ရဲ့ပဋိပက္ခပြဿနာကို ပြည်တွင်းကသာ ဖြေရှင်းရမှာဖြစ်တယ်လို့ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ဗိုလ်ချုပ်တွေရဲ့ သားသမီး မိသားစုတွေ၊ စစ်အုပ်စုကို ထောက်ပံ့ပေးနေတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေအလုံးအရင်းနဲ့ စင်ကာပူနိုင်ငံမှာ သွားရောက် ခိုလှုံနေထိုင်နေကြကာ တိုင်းပြည်နဲ့ ပြည်သူ့လူထုထံမှ ခိုးဝှက် မတရားသဖြင့် ရယူထားတဲ့ ငွေကြေးတွေကို လွှဲပြောင်းထားကြတာဖြစ်ပါတယ်။
အောက်တိုဘာ ၂၁ ရက်နေ့က လက်ရှိ စင်ကာပူနိုင်ငံက ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားတဲ့ နိုင်ငံတကာငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်ငွေကြေးထောက်ပံ့မှု စောင့်ကြည့်ရေးအဖွဲ့ဖြစ်တဲ့ ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ (FATF)က မြန်မာနိုင်ငံကို အမည်ပျက်နိုင်ငံတွေစာရင်းမှာ ထည့်သွင်းသတ်မှတ်ထားတယ်။
အမေရိကန်၊ ဗြိတိန်နဲ့ ကနေဒါတို့ဟာ မြန်မာစစ်အုပ်စုနဲ့ ဆက်နွှယ်နေတဲ့ လူပုဂ္ဂိုလ် ၇ ယောက်နဲ့ အဖွဲ့အစည်း ၂ ခုကို ဇန်နဝါရီ ၃၁ ရက်က ပိတ်ဆို့အရေးယူမှုတွေ ချမှတ်လိုက်တယ်လို့ အမေရိကန်ဘဏ္ဍာရေးဌာနက သတင်းထုတ်ပြန်ပါတယ်။
အမေရိကန်အစိုးရရဲ့ ဒဏ်ခတ်ပိတ်ဆို့စာရင်းမှာ ထပ်ထည့်ခံရသူ ၇ ယောက်ကတော့ စစ်ကောင်စီခန့် ရှေ့နေချုပ် ဒေါ်သီတာဦး၊ တရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးတင်ဦး၊ စီးပွားရေးလုပ်ငန်းရှင် ဂျော်နသန်မျိုးကျော်သောင်း၊ စီးပွားရေးလုပ်ငန်းရှင် ဦးတေဇနဲ့ သားဖြစ်သူ ပြည့်ဖြိုးတေဇ၊ ထူးထက်တေဇတို့ ဖြစ်ကြပါတယ်။
စီးပွားရေးသမား ဦးတေဇကတော့ မြန်မာစစ်တပ်အတွက် ပြည်ပကနေ လက်နက်ရောင်းဝယ်ပေးနေသူဖြစ်ပြီး မကြာသေးခင်က ရာထူးတာဝန်ကနေ အငြိမ်းစားပေးခံရတဲ့ လေတပ်ကာကွယ်ရေးဦးစီးချုပ် မောင်မောင်ကျော်နဲ့အတူ ပြီးခဲ့တဲ့နှစ်က ရုရှားနိုင်ငံကိုသွားရောက်ခဲ့သူဖြစ်ပါတယ်။ KT Group ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် ဂျော်နသန်မျိုးကျော်သောင်းကတော့ စစ်တပ်ပိုင်ကုမ္ပဏီတစ်ခုနဲ့ စာချုပ်ချုပ်ဆိုပြီး လုပ်ငန်းတွေလုပ်ကိုင်နေသူဖြစ်တယ်လို့ ဘဏ္ဍာရေးဝန်ကြီးဌာန ကနေ သိရပါတယ်
ဒဏ်ခတ်အရေးယူပိတ်ဆို့ခံရတဲ့ အဖွဲ့အစည်း ၂ ခုကတော့ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)ရဲ့ စစ်လက်နက်ပစ္စည်းဝယ်ယူရေး ညွှန်ကြားရေးမှူးရုံးနဲ့ ဂျော်နသန်မျိုးကျော်သောင်းရဲ့ KT Group နဲ့ KTSL ကုမ္ပဏီတို့ ဖြစ်ပါတယ်။
ဒီအရေးယူ အမည်ပျက်စာရင်းသွင်းခံထားရသူတွေရဲ့ အမေရိကန်မှာရှိတဲ့ ပိုင်ဆိုင်မှုတွေကို လည်း ထိန်းချုပ်ထားလိုက်ပြီး အမေရိကန်နိုင်ငံသားတွေကိုလည်း သူတို့နဲ့ စီးပွားဆက်ဆံခြင်းကနေ တားမြစ်ထားတာပါ။
အလားတူဗြိတိန်နဲ့ ကနေဒါတို့ကလည်း စစ်ကောင်စီရဲ့ရှေ့နေချုပ် ဒေါ်သီတာဦး၊ တရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးတင်ဦးတို့ ၃ ယောက် အပေါ် ပိတ်ဆို့အရေးယူမှုတွေ အသီးသီး ချမှတ်ထားကြောင်း ကြေညာပါတယ်။
ဒါဟာ ပြီးခဲ့တဲ့တစ်နှစ်က အာဏာသိမ်းခဲ့တဲ့ စစ်တပ်နဲ့ဆက်နွှယ်နေသူတွေကို ဆန့်ကျင်ကန့်ကွက်တဲ့ အနေနဲ့ အနောက်နိုင်ငံတွေရဲ့ နောက်ထပ် အရေးယူဆောင်ရွက်မှုဖြစ်ပါတယ်။
နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင်တွေဟာ ၂၀၂၀ ခုနှစ် နိုဝင်ဘာလရွေးကောက်ပွဲမှာ အနိုင်ရပြီးနောက်မှာ အာဏာသိမ်းခြင်းခံခဲ့ရတဲ့ ဖေဖော်ဝါရီ နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ပိတ်ဆို့အရေးယူမှုတွေဟာ အချိန်ကိုက်လုပ်ဆောင်ခဲ့တာလို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
အာဏာသိမ်းတာဟာ ရွေးကောက်ပွဲ မသမာမှုတွေကြောင့်လို့ စစ်တပ်က စောဒကတက်ခဲ့ပေမဲ့ ရွေးကောက်ပွဲစောင့်ကြည့်သူတွေကတော့ မဲရလဒ်ဟာ နိုင်ငံ့ပြည်သူတွေရဲ့ ဆန္ဒကို ထင်ဟပ်တာပဲလို့ ဆိုပါတယ်။
မြန်မာပြည်သူတွေအတွက် နိုင်ငံတကာ အသိုက်အဝန်းရဲ့ ခိုင်မာတဲ့ ထောက်ခံမှုကို ပြသဖို့နဲ့ စစ်တပ်အာဏာသိမ်းမှုနဲ့ အကြမ်းဖက်မှုတွေအတွက် တာဝန်ခံမှု မြှင့်တင်ပေးဖို့ ဗြိတိန်နဲ့ ကနေဒါတို့နဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်းကင်က ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
Photo- DSINFO