စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်၊ ကျောက်ပျဥ်သာတိုက်နယ်၊ အင်ပင်သာကျေးရွာမှာ အောက်တိုဘာ ၃၀ ရက် မနက် ၃ နာရီလောက်က ဘုန်းကြီးကျောင်း မီးလောင်ခဲ့ရာ ကျန်းမာရေး မကောင်းတဲ့ စစ်ရှောင် ဦးပဥ္စင်း တပါး ပျံလွန်တော်မူသွားတယ်လို့ ဒေသခံ တဦးက ပြောပါတယ်။
"ကိုးတောင်ဘို့ဘက်က စစ်ကြောင်းရှိလို့ အင်ပင်သာရွာသူရွာသားတွေ စစ်ရှောင်နေချိန် ၃ နာရီ လောက် မီးညွှန့် စမြင်ရပြီး ဘုန်းကြီးကျောင်း တခုလုံး မီးလောင်တယ်။ ကျောင်းထိုင်ဆရာတော် ဘေးကင်းပေမဲ့ ဦးပဥ္စင်းတပါး အဆောက်အအုံ ပြိုကျရာက တိုင်ပိပြီး ပျံလွန်တော်မူသွားတယ်"
ပျံလွန်တော်မူသွားတဲ့ ဦးပဥ္စင်းဟာ ကျန်းမာရေး မကောင်းသူဖြစ်ပြီး ကျောင်းမီးလောင်တာက ဝါယာရှော့ခ်ကြောင့်ဖြစ်တယ်လို့ မီးငြှိမ်းသတ်သူတွေက ပြောပါတယ်။
မီးလောင်မှုကို ရွာမှာ အစောင့်ကျန်နေသူတွေ ဝိုင်းဝန်းငြှိမ်းသတ်လို့ မီးငြိမ်းသွားခဲ့ပြီး တခြား လူနေအိမ်တွေဘက် ကူးစက်လောင်ကျွမ်းတာ မရှိဘူးလို့ ဒေသခံတွေထံက သိရပါတယ်။