close

ဦးဖြိုးဇေယျာသော်

close

July 25, 2022

ဦးဂျင်မီနှင့် ဦးဖြိုးဇေယျာသော်တို့အား ကွပ်မျက်မှုအပေါ် အမေရိကန်ရှုတ်ချ

ဒီမိုကရေစီလိုလားတဲ့ ခေါင်းဆောင်တွေနဲ့ ရွေးကောက်ခံကိုယ်စားလှယ်တွေကို စစ်အာဏာရှင်အဖွဲ့အစည်းက ကွပ်မျက်မှုအပေါ် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ရှုတ်ချကြောင်း  ဇူလိုင် ၂၅ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ကို ဆုံးရှုံးရခြင်းအတွက်လည်း မြန်မာပြည်သူတွေနဲ့အတူ ပူဆွေးသောကရောက်ရကြောင်းနဲ့ ကျန်ရစ်သူမိသားစုတွေ၊ မိတ်ဆွေ ရောင်းရင်းများစွာတို့နဲ့ ထပ်တူ ဝမ်းနည်းစိတ်မကောင်းဖြစ်မိကြောင်းလည်း သံရုံးထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သေဒဏ်ချမှတ်ခံထားရတဲ့ ထင်ရှားတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီနဲ့ အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော် အပါအဝင် နိုင်ငံရေး အကျဉ်းသား ၄ ယောက်ကို အကျဉ်းထောင်လုပ်ထုံးလုပ်နည်းတွေအတိုင်း ပြစ်ဒဏ်စီရင်ခဲ့ပြီး ဖြစ်တယ်လို့ ဇူလိုင် ၂၅ ရက် ဒီကနေ့ထုတ် သတင်းစာတွေမှာ စစ်ကောင်စီက သတင်းထုတ်ပြန်လိုက်တာပါ။

ဦးဂျင်မီကို စစ်ကောင်စီတပ်တွေက အောက်တိုဘာ ၂၃ ရက်က ဒဂုံမြို့သစ်(မြောက်ပိုင်း)မှာ အကြမ်းဖက် ရိုက်နှက် ဖမ်းဆီးသွားတာဖြစ်ပြီး ဦးဖြိုးဇေယျာသော်ကိုတော့ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၆၁)ရပ်ကွက်၊ ရတနာလမ်း၊ ရတနာနှင်းဆီအိမ်ရာမှာ  နိုဝင်ဘာလ ၂၀ ရက်က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

သူတို့ နှစ်ဦးကို စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့ စစ်ဆေးပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၄၉(က)၊ ၅၀(ဈ)နဲ့ ၅၀(ည) တို့အရ ဇန်နဝါရီ ၂၁ ရက်မှာ  သေဒဏ်  အမိန့်ချမှတ်လိုက်ကြောင်း ကြေညာခဲ့တာဖြစ်ပါတယ်။

ဦးဖြိုးဇေယျာသော်ဟာ အကြမ်းဖက်အဖွဲ့အစည်းတွေကို ထောက်ပံ့ဖို့ နေအိမ်မှာ လက်နက်မျိုးစုံ သိမ်းဆည်းထားတာ၊ CRPH၊ NUG၊  PDF၊  Moon Light Operation အဖွဲ့တွေနဲ့ Zoom Meeting ပြုလုပ်ခဲ့တာ၊ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူတွေကို ပစ်ခတ်သတ်ဖြတ်ဖို့ လက်နက်ငှားရမ်းထောက်ပံ့ပေးမှုတာနဲ့ လုပ်ကြံသတ်ဖြတ်ဖို့ စီစဉ်ညွှန်ကြားတာတွေ ပြုလုပ်ခဲ့တယ်လို့ စစ်ကောင်စီက စွပ်စွဲထားပါတယ်။

အလားတူ ဦးဂျင်မီဟာလည်း CRPH၊ NUG နဲ့ PDF တွေကို လက်နက်ခဲယမ်းထောက်ပံ့ဖို့ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၂၇)ရပ်ကွက်၊ ပင်လုံအိမ်ရာ၊ မြနှင်းဆီလမ်းရှိ နေအိမ်မှာ လက်နက်တွေ သိုဝှက်သိမ်းဆည်းထားတယ်ဆိုပြီး စွပ်စွဲဖမ်းဆီးခံရတာဖြစ်ပါတယ်။

အကြမ်းဖက် ဖမ်းဆီးသွားစဉ်မှာ  ဦးဂျင်မီဟာ ဦးခေါင်းကို ရိုက်နှက်ခံရတဲ့ဒဏ်ရာနဲ့ စစ်ဆေးရုံမှာ ဆေးကုသမှု ခံယူခဲ့ရပြီးနောက် စစ်ကြောရေးသို့ ပို့ဆောင်ကာ စစ်ခုံရုံးကနေ သေဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၁ နှစ်ခွဲအကြာ အကြမ်းဖက်စစ်ကောင်စီက သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၁၇ ယောက်ထိ ရှိနေတယ်လို့ ဆိုပါတယ်။

51 seconds Ago

ဦးဂျင်မီနှင့် ဦးဖြိုးဇေယျာသော်တို့ကို သေဒဏ်စီရင်မှု ပြည်သူတရပ်လုံးကို စိန်ခေါ်ခြင်းဖြစ်ဟု အေအေ ပြော

ထင်ရှားတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ၊ အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော် အပါအဝင် နိုင်ငံရေးအကျဉ်းသား ၄ ယောက်ကို အကြမ်းဖက်စစ်ကောင်စီက သေဒဏ်စီရင်လိုက်တာဟာ ပြည်သူတရပ်လုံးကို စိန်ခေါ်လိုက်တာ ဖြစ်တယ်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော်  (အေအေ)က ထုတ်ပြန်ပါတယ်။

သေဒဏ်ချမှတ်ခံထားရတဲ့ နိုင်ငံရေး အကျဉ်းသား ၄ ယောက်ကို အကျဉ်းထောင်လုပ်ထုံးလုပ်နည်းတွေအတိုင်း ပြစ်ဒဏ်စီရင်ခဲ့ပြီးဖြစ်တယ်ဆိုတဲ့ဆိုတဲ့သတင်း မမျှော်လင့်ဘဲ ကြားသိလိုက်ရတာဟာ အေအေအဖွဲ့အစည်းသာမကပဲ မြန်မာပြည်သူတရပ်လုံးကိုလည်း များစွာထိတ်လန့်တုန်လှုပ်စေကြောင်းနဲ့ သေဒဏ်ကျခံရသူတွေရဲ့ မိသားစုဝင်တွေ၊ ဆွေမျိုးတွေ၊ မြန်မာပြည်သူလူထုတရပ်လုံးနဲ့ထပ်တူ ဝမ်းနည်းခံပြင်းမိပြီး မြန်မာ့ငြိမ်းချမ်းရေးအတွက် ရင်လေးမိကြောင်းလည်း ဖော်ပြလိုက်တာပါ။

ဒီလုပ်ရပ်သာ အမှန်တကယ် ဖြစ်ခဲ့ရင်တော့ အကြမ်းဖက်စစ်ကောင်စီဟာ  နိုင်ငံတကာ အိမ်နီးချင်းနိုင်ငံကြီးတွေနဲ့ အာဆီယံအသိုင်းအဝိုင်းကနေ ကမကထပြု တိုက်တွန်းကူညီလုပ်ဆောင်ပေးနေတဲ့ ငြိမ်းချမ်းစွာ ဖြေရှင်းဆောင်ရွက်မယ့် နိုင်ငံရေး အလားအလာ လမ်းစကောင်းတွေကို ရင့်သီးစွာ ခြေနဲ့ နင်းခြေဖျက်ဆီးပြလိုက်တာ ဖြစ်တယ်လို့လည်း အေအေထုတ်ပြန်ချက်ထဲမှာ သုံးသပ်ထားပါတယ်။

ဒါ့အပြင် ဦးဖြိုးဇေယျာသော်၊ ဦးဂျင်မီ၊ ဦးလှမျိုးအောင်နဲ့ ဦးအောင်သူရဇော်တို့ကို အကြမ်းဖက်စစ်ကောင်စီက ရက်စက်စွာ သေဒဏ်ပေးလိုက်ပေမယ့် သူတို့ ၄ ယောက်ထက် ပိုရဲရင့်ပြီး မြန်မာနိုင်ငံအပြောင်းအလဲအတွက် စွန့်လွှတ်စွန့်စားစိတ်တွေနဲ့အတူ နွေဦးတော်လှန်ရေးအတွက် ပိုပြီး အကျိုးပြုနိုင်မယ့် အနာဂတ်သူရဲကောင်းတွေ ထပ်မံပြီးတော့ မွေးဖွားလာဦးမယ်လို့ အေအေက အပြည့်အ၀ ယုံကြည်ကြောင်းလည်း ဖော် ပြလိုက်ပါတယ်။

ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော်တို့ကို စစ်ကောင်စီဘက်က အကြမ်းဖက်ပုဒ်မတွေနဲ့စွပ်စွဲပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလကတည်းက စစ်ကောင်စီခုံရုံးတွေကနေ သေဒဏ်ချမှတ်ခဲ့တာဖြစ်ပြီး အဲဒီသေဒဏ်ကို ပြီးခဲ့တဲ့ ဇွန်လမှာ စစ်ကောင်စီဘက်က အတည်ပြုခဲ့သလို အမှန်တကယ်သေဒဏ်ပေးမယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုခဲ့ပါတယ်။

NUG နဲ့  CRPH တာဝန်ရှိသူတွေကတော့ ဦးဂျင်မီနဲ့  ဦးဖြိုးဇေယျာသော် အပါအဝင် ၄ ဦးကို  ဥပဒေကြောင်းအရ ခုခံပိုင်ခွင့်မပေးပဲ စစ်ကောင်စီက တဖက်သတ် သေဒဏ်စီရင်လိုက်တာဟာ  လူသတ်မှုမြောက်ပြီး  စစ်ကောင်စီအနေနဲ့ ဒီအကျိုးဆက်ကို ပြန်ခံစားရမယ်လို့  တုံ့ပြန် ပြောဆိုထားပါတယ်။

1 hour Ago

သေဒဏ်စီရင်မှု၏ အကျိုးဆက်ကို စစ်ကောင်စီ ပြန်ခံစားရမည်ဟု NUG နှင့် CRPH တုံ့ပြန်

ဦးဂျင်မီနဲ့  ဦးဖြိုးဇေယျာသော် အပါအဝင် ၄ ဦးကို  ဥပဒေကြောင်းအရ ခုခံပိုင်ခွင့်မပေးပဲ စစ်ကောင်စီက တဖက်သတ် သေဒဏ်စီရင်လိုက်တာဟာ  လူသတ်မှုမြောက်ပြီး  စစ်ကောင်စီအနေနဲ့ ဒီအကျိုးဆက်ကို ပြန်ခံစားရမယ်လို့  NUG နဲ့  CRPH တာဝန်ရှိသူတွေက တုံ့ပြန် ပြောဆိုလိုက်ပါတယ်။

စစ်ကောင်စီခုံရုံးအသီးသီးက သေဒဏ်ချမှတ်ခံထားရတဲ့ ထင်ရှားတဲ့ နိုင်ငံရေးသမားတွေဖြစ်တဲ့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ဦးဂျင်မီနဲ့ NLD အမတ်ဟောင်း ဦးဖြိုးဇေယျာသော်တို့ အပါအဝင် အရပ်သားတွေဖြစ်တဲ့ ဦးလှမျိုးအောင်နဲ့ ဦးအောင်သူရဇော်တို့ကို ပြစ်ဒဏ်စီရင်ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း စစ်ကောင်စီက ဒီကနေ့ထုတ် သတင်းစာက တဆင့် ကြေညာပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက သူတို့တွေကို မိသားစုဝင်တွေနဲ့ ဗွီဒီယိုက တဆင့်တွေ့ဆုံခွင့်ပေးခဲ့တာနဲ့ ဒီနေ့ သတင်းထုတ်ပြန်ချက်တွေကိုတွက်ဆရရင် အမှန်တကယ် သေဒဏ်ပေးလိုက်တဲ့သဘော ဆောင်ပြီး ဥပဒေစိုးမိုးမှုမရှိတဲ့အောက်မှာ ဥပဒေနဲ့  ညီညွတ်မှုမရှိတာတွေကိုလည်း မပြောချင်တော့ဘူးလို့ ဝါရင့် တရားလွှတ်တော် ရှေ့နေ တယောက်က ပြောပါတယ်။

“သေဒဏ်စီရင်ပြီးပြီလို့ပဲ ဆုံးဖြတ်နိုင်တဲ့ အနေအထား၊ နိုင်ငံပိုင်သတင်းစာမှာ ထည့်သွင်းကြေညာတယ်ဆိုကတည်းက သေချာသလောက်တော့ရှိနေပြီလို့ ကျနော့်အဲဒီအတိုင်းပဲ သုံးသပ်ပါတယ်”လို့ ဝါရင့်ရှေ့နေက  ပြောပါတယ်။ သေဒဏ်ချမှတ်ခံခဲ့ရသူတွေဟာ ဥပေဒအကြောင်းအရ ဘာခုခံပိုင်ခွင့်မှလည်း မရရှိခဲ့ကြပဲ အခုလို ပြစ်ဒဏ်စီရင်ခံခဲ့ရတာပါ။

စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်အရ အမှန်တကယ်သေဒဏ်ပေးလိုက်ပြီလို့ ယူဆရသလို စစ်ကောင်စီအနေနဲ့ ဒီကျူးလွန်မှုရဲ့ အကျိုးဆက်ကို ပြန်ခံရမယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ဥက္ကဋ္ဌ  ဦးအောင်ကြည်ညွန့်က ပြောပါတယ်။

“ဒါဆိုရင်တော့ ရှင်းရှင်းပြောရရင် ရန်ငါပြတ်တာပေါ့ဗျာ။ အပြင်းထန်ဆုံး အရက်စက်ဆုံး လုပ်တယ်ဆိုတာ ထင်ရှားတာပေါ့။  ဒါနဲ့ ပတ်သက်ပြီးတော့ ကျနော်ပြောချင်တာ တကယ်လို့သာမှန်ခဲ့မယ်ဆိုရင်၊  ကမ္ဘာကြီးကိုလည်း ကျနော်ပြောရမှာပဲ အခုဒီအချိန်မှာ စစ်ကောင်စီနဲ့ ပတ်သက်လို့ အခု ဆွေးနွေးပါတို့ ညှိနှိုင်းပါတို့ ဖျန်ဖြေပါတို့သာပြောနေပြီး တကယ်တမ်းကျတော့။ ဒီမတရားသဖြင့် ရက်စက်ကြမ်းကြုတ်မှုတွေလုပ်နေတာတဲ့ပတ်သက်ပြီး အရေးယူတာလည်းမရှိဘူး။  ဒါနဲ့ ပတ်သက်ပြီး ပြောရရင်  ဒါကတော့ အင်မတန် အဆိုးရွားဆုံးနဲ့ အရက်စက်ဆုံး ဗြောင်လုပ်ပြလိုက်တာပဲ၊ ဒါရဲ့ အကျိုးဆက်တွေကိုတော့ သူတို့ ပြန်ခံရတော့မယ်ဆိုတဲ့ဟာမျိုး ကျနော်တို့ ယုံကြည်ထားတယ်။” 

ဒီအမှုနဲ့ပတ်သက်လို့ စွပ်စွဲခံရသူတွေဟာ ခုခံပိုင်ခွင့်တွေမရှိခဲ့သလို တစ်ဖက်သတ် သေဒဏ်စီရင်တာဟာ လူသတ်မှုပဲဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ဆိုပါတယ်။

“တရားစီရင်မှုကလည်း  Kangaroo court  ပေါ့နော် မတရားစီရင်တဲ့  သူတို့ရဲ့ရုံးကနေ အပြစ်ပေးပြီး တော့ သူတို့ကလုပ်တာပေါ့။ ဒါလူသတ်မှုပဲ။ စကစက လူသတ်မှုကျူးလွန်တာပဲ။ ကမ္ဘာကြီးကနေပြီး တောင်းဆိုနေတာကို လျစ်လျူရှုပြီးတော့ ဒီလူ လေးယောက်ကို စကစက အဆုံးစီရင်တာပေါ့နော်။ တကယ်လို့လုပ်ခဲ့တယ်ဆိုရင် အဲလိုပဲပြောချင်ပါတယ်။ ကုလသမဂ္ဂတို့  နိုင်ငံတကာတို့က ပါးစပ်နဲ့ ပြောနေရုံ၊ Statement ထုတ်နေရုံတင် မဟုတ်ဘူး လူသတ်မှုကျူးလွန်နေတဲ့ စကစကို စကစ ခေါင်းဆောင်တွေကို အရေးယူရတော့မယ့်၊  အပြစ်ပေးရတော့မယ့်အချိန်ရောက်ပါပြီလို့ ပြောချင်ပါတယ်။ ”

နိုင်ငံရေးအမှုတွေနဲ့ပတ်သက်လို့ ကူညီပေးနေသူရှေ့နေတစ်ဦးကတော့ စစ်ကောင်စီရဲ့ ပြစ်ဒဏ်စီရင်ဆောင်ရွက်ပြီးစီးပြီလို့ သုံးနှုန်းထားတဲ့စကားဟာ တိတိကျကျပြောဆိုတာမျိုး မဟုတ်သလို၊ အင်းစိန်ထောင်တာဝန်ရှိသူတွေကို မေးမြန်းတဲ့အခါမှာလည်း တိတိကျကျ ပြန်မဖြေကြတာကြောင့် မျှော်လင့်ချင်သေးတယ်လို့ ဆိုပါတယ်။

“အဲဒါကို မသိဘူးလို့ပဲပြောတယ်။ အတည်ပြုချက်မပေးဘူး။ အရင်တုန်းကဆိုရင်လေ တခုခုဆို ကျမတို့က မေးတယ်လေ၊ အဲဒါသေချာလား။ ဟုတ်ရင်ဟုတ်တယ်၊ မဟုတ်ရင် မဟုတ်ဘူးသူပြောတယ်။   ဒီကိစ္စနဲ့ ပတ်သက်ပြီး သူမသိပါဘူးလို့  အဲလိုပြောတယ်။ မျှော်လင့်တဲ့ သဘောပေါ့နော် ဘာလို့လဲဆိုတော့ စကားလုံးတလုံးပေါ်မှာ Catchy ဖြစ်တယ်။ တိတိကျကျ မပြောဘူးလေ။ အရင့်အရင်တုန်းက ကျမတို့က အတွေ့အကြုံ နှစ်ဦးရှိခဲ့တုန်းက တိတိကျကျပြောတယ်။” 

ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော်တို့ကို စစ်ကောင်စီဘက်က အကြမ်းဖက်ပုဒ်မတွေနဲ့စွပ်စွဲပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလကတည်းက စစ်ကောင်စီခုံရုံးတွေကနေ သေဒဏ်ချမှတ်ခဲ့တာပါ။

အဲဒီသေဒဏ်ကို ပြီးခဲ့တဲ့ ဇွန်လမှာ စစ်ကောင်စီဘက်က အတည်ပြုခဲ့သလို အမှန်တကယ်သေဒဏ်ပေးမယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုခဲ့ပါတယ်။

အဲဒီနောက် ပြစ်ဒဏ်တွေကိုစီရင်ဆောင်ရွက်ပြီးပြီလို့ ဒီနေ့ ဇူလိုင် ၂၅ ရက်နေ့မှာပဲ စစ်ကောင်စီက နိုင်ငံပိုင်သတင်းတွေကနေ သတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

3 hours Ago

June 11, 2022

ဦးဂျင်မီနှင့် ဦးဖြိုးဇေယျာသော်တို့အပေါ် သေဒဏ်ချမှတ်မှု ဆွီဒင်နိုင်ငံခြားရေးဝန်ကြီး ကန့်ကွက်

ထင်ရှားတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီနဲ့ အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော် အပါအဝင် အကျဉ်းသား ၄ ယောက်ကို စစ်ကောင်စီက သေဒဏ်ချမှတ်တာကို ကန့်ကွက်ကြောင်း  ဆွီဒင်နိုင်ငံခြားရေးဝန်ကြီးက ထုတ်ပြန်ထားပါတယ်။

ဆွီဒင်နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး အန်းလင်ဒါ သူ့ရဲ့ တွစ်တာလူမှုကွန်ရက်မှာ ဇွန်လ ၁၀ ရက်က  ထုတ်ပြန်ခဲ့တာပါ။ 

မြန်မာစစ်တပ်က အကျဉ်းသား လေးယောက်ကို  သေဒဏ်ပေးဖို့ စီစဉ်နေတဲ့အကြောင်း ကြားသိရတဲ့အတွက် များစွာပူပင်ကြောင့်ကြမိတယ်လို့ ဆိုပါတယ်။

ဘယ်လိုအကြောင်းကြောင့်ဖြစ်စေ ဘယ်လိုပုံစံနဲ့ဖြစ်စေ သေဒဏ်ပေးတာကို ဆွီဒင်နိုင်ငံအနေနဲ့ ခြွင်းချက်မရှိ ဆန့်ကျင်တဲ့အတွက် သေဒဏ် ချမှတ်ခံထားရသူတွေ အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ဆွီဒင်နိုင်ငံခြားရေးဝန်ကြီးက  တောင်းဆိုထားပါတယ်။ 

ဆွီဒင်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး အန်းလင်ဒါဟာ ဇွန်လ ၈ ရက်နေ့က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့မှာ တွေ့ဆုံပြီး မြန်မာ့ဒီမိုကရေစီအရေးနဲ့ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေ ဆွေးနွေးခဲ့ပါတယ်။ 

ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်အတွက် မြန်မာပြည်သူတို့ရဲ့ စွန့်လွှတ်အနစ်နာခံ တော်လှန်ပေးဆပ်နေမှုတွေ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးကိစ္စတွေနဲ့ အကြမ်းဖက်စစ်အုပ်စု ကျူးလွန်နေလျက်ရှိတဲ့  အကြမ်းဖက်လုပ်ရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ NUG နိုင်ငံခြားရေးဌာနက သတင်းထုတ်ထားပါတယ်။

ဒီမိုကရေစီအရေးအတွက်စိတ်အားထက်သန်နေကြတဲ့  မြန်မာပြည်သူတွေနဲ့ အကျပ်အတည်းကို ငြိမ်းချမ်းစွာဖြေရှင်ရေးကို  ဆက်လက် အားပေးထောက်ခံနေတယ်လို့ ဆွီဒင်နိုင်ငံခြားရေးဝန်ကြီးက သူ့ရဲ့ တွစ်တာ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားဖော်ပြထားပါတယ်။

Photo Credit - ဆွီဒင်နိုင်ငံခြားရေးဝန်ကြီး Ann Linde

1 month Ago
Up