ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို ဖေဖော်ဝါရီလ ၁၇ ရက်က ဒဂုံမြို့နယ်တရားရုံးမှာ ရွေးကောက်ပွဲဥပဒေပုဒ်မ ၁၃၀(က)နဲ့ ငွေဒဏ် ကျပ်တစ်သိန်းချခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ မလျော်ဩဇာသုံးတယ်လို့ဆိုကာ တောင်ပိုင်းခရိုင်ကော်မရှင်ရုံးက တရားလိုပြုလုပ် တရားစွဲဆိုခဲ့တာဖြစ်တယ်လို့ တရားရုံးနဲ့နီးစပ်သူတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။
"ဒီဥပဒေမှာက ထောင်ဒဏ်ရော ငွေဒဏ်ရော သတ်မှတ်ထားပေမဲ့ ဦးဖြိုးမင်းသိန်းကို ငွေဒဏ်တစ်သိန်းပဲချတယ်။ ကျန်တဲ့သူတွေဆို ထောင်သုံးနှစ်ရော ငွေဒဏ်ရောချတာ "လို့ ပြောပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ပြည်နယ်နဲ့တိုင်း ဝန်ကြီးချုပ်တွေကို ရွေးကောက်ပွဲ မလျော်သြဇာသုံးမှုနဲ့ စစ်ကောင်စီက တရားစွဲဆိုပြီး ထောင်ဒဏ်တွေ အသီးသီးချမှတ်ထားခဲ့တာပါ။
ဒါပေမဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတစ်ယောက်ကိုသာ ငွေဒဏ်ချမှတ်ခဲ့တာဖြစ်တယ်လို့ စစ်တပ်နဲ့ နီးစပ်သူတစ်ဦးက ဒီဗွီဘီကိုပြောပါတယ်။
"သူကတော့ အနေအစားချောင် ဘညွန့်လုပ်မှာပဲ ဒဂုံတရားရုံးမှာ အမိန့်ချတာတောင် စစ်တပ်က အစောင့်အရှောက်နဲ့ ရောက်လာတာ"လို့ ပြောပါတယ်။
ဦးဖြိုးမင်းသိန်းဟာ စစ်တပ်ရဲ့ ဖမ်းဆီးခံရပြီးနောက် စစ်ကောင်စီရဲ့ အလိုကျအတိုင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို အဂတိပုဒ်မနဲ့ မတရား အရေးယူနိုင်အောင် စစ်ကောင်စီတရားရုံးမှာ လိမ်လည် ထွက်ဆိုပေးခဲ့ပါတယ်။ တံစိုးလက်ဆောင်အဖြစ် အမေရိကန်ဒေါ်လာ ၆ သိန်းနဲ့ အကယ်ဒမီအခေါက်ရွှေ ၇ ပိဿာကို ဒေါ်အောင်ဆန်းစုကြည်က သုံးကြိမ်ခွဲယူခဲ့တယ်ဆိုပြီးလည်း ဦးဖြိုးမင်းသိန်းက တရားရုံးမှာ ထွက်ဆို ခဲ့ပေမဲ့ အဲဒီရွှေတွေနဲ့ ဒေါ်လာတွေဘယ်မှာလဲဆိိုတာ ခုချိန်အထိ သက်သေပြနိုင်ခြင်းတော့ မရှိပါဘူး။
ဦးဖြိုးမင်းသိန်းနဲ့ ဇနီးဖြစ်သူကို စစ်ကောင်စီက ဖမ်းဆီးထားမှာ ၂ နှစ်ကျော်ရှိနေပြီဖြစ်ပေမဲ့ အခုချိန်ထိ အရေးယူဆောင်ရွက်တာမရှိသေးပါဘူး။
ရန်ကုန်တိုင်း၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းဆီကနေ အမေရိကန်ဒေါ်လာ ၆ သိန်းနဲ့ ရွှေ ၇ ပိဿာ ယူခဲ့တယ်ဆိုပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက စွပ်စွဲ တရားစွဲထားတဲ့အမှု ဧပြီ ၂၆ ရက် ရုံးချိန်းမှာ အမိန့်ချမယ်လို့ တရားရုံးနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် အဂတိလိုက်စားမှုနဲ့ တရားစွဲဆိုထားတဲ့ အမှု ငါးမှုကို ဧပြီလ ၂၅ ရက်နေ့က ဆက်လက်ရုံးထုတ် စစ်ဆေးခဲ့ပြီး ဒီနေ့ရုံးချိန်းမှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ ပတ်သက်တဲ့အမှုတွေကို စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
ဒီအမှုနဲ့ပတ်သက်လို့ ရန်ကုန်တိုင်း၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း ထွက်ဆိုခဲ့တာတွေနဲ့ ပတ်သက်ပြီး “All Absurd” အားလုံးဟာ မဟုတ်တမ်းတရားတွေလို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ငြင်းဆိုထားဖူးပါတယ်။
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ ပတ်သက်တဲ့ အမှုတွေမှာတော့ နေပြည်တော်မြို့တော်၀န် ဒေါက်တာမျိုးအောင်၊ ဒုမြို့တော်၀န် ဦးရဲမင်းဦးနဲ့ နေပြည်တော် စည်ပင်သာယာရေးကော်မတီ၀င် ဦးမင်းသူတို့လည်း အမှုမှာ ပါ၀င်နေတာဖြစ်ပါတယ်။
ဒီနေ့ရုံးချိန်လာရောက်တဲ့ နိုင်ငံတော်အတိုင်ပင်ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ကျန်းမာရေးကောင်းမွန်တယ်လို့ အဆိုပါ တရားရုံးနဲ့ နီးစပ်သူက ပြောပါတယ်။