ရွေးကာက်ပွဲနဲ့ပတ်သက်ပြီး စွဲဆိုထားတဲ့အမှုအတွက် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူကို နေပြည်တော် အချုပ်ထောင်ရှိ အထူးတရားရုံးမှာ သြဂုတ် ၁၂ ရက်က ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောပါတယ်။
ဒီနေ့ရုံးချိန်းမှာ ဦးမင်းသူရဲ့ တရားခံပြသက်သေအဖြစ် ဆင့်ခေါ်ထားတဲ့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးရုံးက သုံးဦး အလုပ်မအားတဲ့အတွက် မလာနိုင်ကြောင်း၊ လာဖို့ဆန္ဒမရှိကြောင်း အကြောင်းပြန်တာကို တရားရုံးက လက်ခံလိုက်ပြီး နောက်ရုံးချိန်းမှာ အပြီးသတ် လျှောက်လဲချက် ပေးရမယ်လို့ တရားရုံးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
စစ်ကောင်စီက နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူတို့ကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အပေါ် မလျော်သြဇာ လွှမ်းမိုးခဲ့တယ်လို့ စွပ်စွဲပြီး ရာဇသတ်ကြီးပုဒ်မ ၁၃၀-က နဲ့ တရားစွဲဆိုထားတာပါ။
ရှေ့လာမယ့် သြဂုတ် ၂၆ ရက်မှာ အမှုတခုလုံးအတွက် အပြီးသတ် လျှောက်လဲချက်ပေးရမယ်၊ နောက်အချိန်းမှာ အမိန့်ချမယ်လို့ အဆိုပါနီးစပ်သူက ဆိုပါတယ်။
ဒီအမှုနဲ့ပတ်သက်လို့ နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကလည်း သူတို့မှာ မပြစ်မရှိကြောင်း ထွက်ဆိုထားပါတယ်။
၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ မလျော်သြဇာလွှမ်းမိုးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်ပြီး ပြည်ထောင်စု၀န်ကြီး ဦးမင်းသူကို ဇူလိုင်လ ၂၂ ရက်နေ့က နေပြည်တော်အချုပ်ထောင်ရှိ အထူးတရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။
စစ်ကောင်စီက နိုင်ငံတော်သမ္မတ ဦး၀င်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဦးမင်းသူတို့ကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အပေါ် အလျော်သြဇာလွှမ်းမိုးခဲ့တယ်လို့ စစ်ကောင်စီက စွပ်စွဲပြီး ရာဇတ်ကြီးပုဒ်မ ၁၃၀-က နဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။
ဒီနေ့ရုံးချိန်းမှာ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဦးမင်းသူကို စစ်ဆေးခဲ့ပြီး နောက်အပတ်ရုံးချိန်းမှာ ဦးမင်းသူရဲ့ သက်သေတွေကို စစ်ဆေးမယ်လို့ တရားရုံးနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
ဦးမင်းသူရဲ့ သက်သေတွေအဖြစ် ဒေါက်တာမျိုးအောင်(နေပြည်တော်အချုပ်ထောင်)၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းဌေး(ပုဒ်မ ၁၃၀(က) နဲ့ ရမည်းသင်းထောင်)၊ ဥတ္တရသီရိလွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းလှိုင် (ရမည်းသင်းထောင်)၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဆွေ(နေပြည်တော်အချုပ်ထောင်) တို့ လေးဦးကို စစ်ဆေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
ဒီရွေးကောက်ပွဲအမှုနဲ့ပတ်သက်လို့ မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်(Case Management Program) အရ ပြီးခဲ့တဲ့ ရုံး ချိန်းတွေမှာ နိုင်ငံတော်သမ္မတဦး၀င်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို စစ်ဆေးခဲ့ပြီး သူတို့အနေနဲ့ စစ်ကောင်စီက စွပ်စွဲထားသလို မလုပ်ဆောင်ခဲ့တဲ့အတွက် အပြစ်မရှိဘူးလို့ ထွက်ဆိုထားကြပါတယ်။
၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီပါတီက အပြတ်အသတ် အနိုင်ရခဲ့ပြီး စစ်တပ်ထောက်ခံတဲ့ ကြံ့ခိုင်ရေးပါတီကရှုံးနိမ့်သွားပြီးနောက် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်က မဲစာရင်းအကြောင်းပြပြီး တရားမဝင် အာဏာသိမ်းခဲ့တာ ဖြစ်ပါတယ်။