close

ဦးဝင်းထိန်

close

October 29, 2021

NLD နာယက ဦးဝင်းထိန်ကို ထောင်ဒဏ် နှစ် ၂၀ ချမှတ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နာယက ဦးဝင်းထိန်ကို အာဏာသိမ်း စစ်ကောင်စီတရားရုံးက ထောင်ဒဏ်အနှစ် ၂၀ ချမှတ်လိုက်ပြီး ရှေ့နေအဖွဲ့က အယူခံဆက်ဝင်သွားဖို့ ရှိနေပါတယ်။

အောက်တိုဘာ ၂၉ ရက်နေ့ညနေပိုင်းမှာ နေပြည်တော်အချုပ်ထောင် ဒက္ခိဏခရိုင်အထူးတရားရုံးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နာယက ဦးဝင်းထိန်ကို ထောင်ဒဏ်အနှစ် ၂၀ ချမှတ်လိုက်တယ်လို့ သူ့ရဲ့ရှေ့နေ ဦးမြင့်လွင်က အတည်ပြုပါတယ်။ 

ဦးဝင်းထိန်ကို စွဲဆိုထားတဲ့ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) ဟာ ပြစ်မှုထင်ရှားရင် အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် အနှစ် ၂၀ အထိ ချမှတ်နိုင်တဲ့ပုဒ်မဖြစ်ပြီး ဦးဝင်းထိန်ဟာ အမြင့်ဆုံးပြစ်ဒဏ်ကိုချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။

ဦးဝင်းထိန်ရဲ့ရှေ့နေ ဦးမြင့်လွင်က "ဒီနေ့ ညနေ ၃ နာရီမှာ နေပြည်တော်အချုပ်ထောင် ဒက္ခိဏခရိုင်အထူးတရားရုံးကနေ အန်ကယ်ထိန်ကို ရာဇသတ်ကြီးပုဒ်မ ၁၂၄(က)နဲ့ ထောင်ဒဏ်အနှစ် ၂၀ ချလိုက်တာပါဗျ။ နံပါတ်တစ်ကတော့ အန်ကယ်ထိန်က ပါတီမှာ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ ပြည်သူတွေကို ပြောစရာရှိတာကို ပြောတယ်။ သတင်းစာရှင်းလင်းပွဲလုပ်တယ်။ ပြည်သူသို့ပန်ကြားချက်ဆိုတဲ့ စာတွေ ထုတ်တယ်။ သတင်းစာရှင်းလင်းပွဲလုပ်တာကို သူတို့က  ရာဇသတ်ကြီးပုဒ်မ ၁၂၄(က) နဲ့ ငြိစွန်းတယ်ဆိုပြီး စွပ်စွဲပါတယ်။ ကျနော်တို့က ဥပဒေအရရှင်းလင်းတယ်။ ပါတီလူကြီးတစ်ယောက်အနေနဲ့ အစိုးရတစ်ခုကို သုံးသပ်ခွင့်ရှိတယ်ဆိုတဲ့ ဥပဒေ စီရင်ထုံးတွေနဲ့ ထုချေပြီး ကျနော်တို့ ခုခံခဲ့ပါတယ်။"

ဦးဝင်းထိန်ကို ထောင်ဒဏ်အနှစ် ၂၀ ချမှတ်ပြီးနောက် ဘယ်အကျဉ်းထောင်မှာ ထိန်းသိမ်းမယ်ဆိုတာကိုတော့ အတိအကျမသိရသေးဘဲ ပြစ်မှုမမြောက်ဘဲ စွပ်စွဲခံရတာဖြစ်တဲ့အတွက် အယူခံဆက်ဝင်သွားမယ်လို့ ရှေ့နေ ဦးမြင့်လွင်က ပြောပါတယ်။

"ပြစ်ဒဏ်ချပြီးပြီးချင်း ရဲတပ်ဖွဲ့ဝင်တွေက အနှစ် ၂၀ ဖြစ်တဲ့အတွက် သူတို့ ဘယ်အကျဉ်းထောင်ပို့မယ်ဆိုတာ စီစဉ်နေပါတယ်။ အဲ့ဒါတော့ ကျနော်အတိအကျမသိရပါဘူး။ ထောင်က မန္တလေးကိုပို့မလား၊ ရန်ကုန်ပို့မလား၊ မြင်းခြံပို့မလား သူတို့ဘာသာစီစဉ်နေတာပါ။ အယူခံတက်မှာပါ။ ကျနော်တို့က ဥပဒေအကာအကွယ်အရ ဒီလိုစွဲလို့မရဘူး။ ဥပဒေက ကျူးလွန်တာမဟုတ်ဘူး။ ပြောရေးဆိုခွင့်အရ ပြောတာသည် ပြစ်မှုမမြောက်ဘူးဆိုတဲ့ ဥပဒေပြဋ္ဌာန်းချက်တွေ စီရင်ထုံးတွေ ကိုးကားပြီးတော့ အယူခံဆက်တက်မှာပါဗျ။"

အသက် ၈ဝ အရွယ် ဉီးဝင်းထိန်ကို နေပြည်တော် ဥတ္တရသီရိခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက် နေ့က တရားစွဲဆိုခဲ့တာပါ။ 

တရားလိုရဲ့စွပ်စွဲချက်မှာတော့ ဦးဝင်းထိန်က ဖေဖော်ဝါရီ ၁ ရက် သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံတော်အစိုးရကို အကြည်ညိုပျက်အောင်ပြောဆိုပြီး သူ့ရဲ့ပြည်သူတွေဆီကို ပေးတဲ့ ပန်ကြားစာအရ တရားစွဲတာလို့ ဖော်ပြခဲ့ပါတယ်။ 

ဗိုလ်ကြီးဟောင်း ဉီးဝင်းထိန်ဟာ နိုင်ငံရေးပုဒ်မတွေနဲ့ ထောင် ၂ ကြိမ်ကျခဲ့ဖူးပြီး အနှစ် ၂၀ နီးပါး မန်းလေးထောင်၊အင်းစိန်ထောင်နဲ့ မြင်းခြံထောင်တွေမှာ နေခဲ့ရပြီး ရောဂါမျိုးစုံ ရှိနေတယ်လို့ သိရပါတယ်။ 

5 hours Ago

July 9, 2021

ဦးဝင်းထိန်ကို စွဲချက်တင်မတင် ဇူလိုင် ၁၆ရက်နေ့ အမိန့်ချမည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်) သဘာပတိအဖွဲ့ဝင်   ဦးဝင်းထိန်အမှုရုံးချိန်းကို ဇူလိုင် ၉ ရက် ဒီကနေ့  နေပြည်တော်မှာ ခေါ်ယူခဲ့ပြီး စွဲချက်တင်သင့်မသင့် နှစ်ဖက်လျှောက်လဲချက် တင်ခဲ့ကြပါတယ်။

ဦးဝင်းထိန်အမှုကို စွဲချက်တင်မတင်ကိုတော့ ဇူလိုင် ၁၆ ရက်နေ့ အမိန့်ချမယ်လို့ ရှေ့နေဒေါ်မင်းမင်းစိုးကပြောပါတယ်။

ဦးဝင်းထိန်ကို စွဲချက်မတင်သင့်ကြောင်း ရှေ့နေဒေါ်မင်းမင်းစိုးက ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၉၆ အပါအဝင် စီရင်ထုံး အချက်အလက် ၄ ခုနဲ့ လျှောက်လဲချက်တင်ခဲ့ပါတယ်။

"ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၉၆ အရ  နိုင်ငံတော်သမ္မတအမိန့်အရဖြစ်စေ နိုင်ငံတော်သမ္မတထံမှ အခွင့်အမိန့်အရဖြစ်စေ နိုင်ငံတော်သမ္မတက အာဏာအပ်နှင်းထားတဲ့အရာရှိကဖြစ်စေ တိုင်တန်းချက်မပြုဘဲနဲ့ မည်သည့်တရားရုံးကမျှ အရေးမယူရလို့ ဖော်ပြထားတာဖြစ်တဲ့အတွက် စစ်ကောင်စီတိုင်တန်းချက် အမိန့်စာတိုင်တန်းချက်မှာ လက်မှတ်ရေးထိုးထားတဲ့ပုဂ္ဂိုလ်ဟာ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၉၆ နဲ့ ကိုက်ညီမှုမရှိတာထင်ရှားကြောင်း ကျမတို့က လျှောက်လဲချက်တင်ထားပါတယ်။ အစိုးရရဲ့လုပ်ဆောင်ချက်ကို စေတနာနဲ့ဝေဖန်ဖို့ နိုင်ငံရေးသမား၊ သတင်းစာဆရာနဲ့ စာရေးဆရာတွေက ဝေဖန်ဖို့လိုတယ်ဆိုတာကို ကျမတို့က စီရင်ထုံးတွေကိုးကားပြီး လျှောက်လဲချက်တင်ထားပါတယ်။ အခုအမှုမှာ တရားစွဲဆိုခံရသူဟာ NLD ရဲ့နာယကဖြစ်တဲ့အတွက်ကြောင့် သတင်းစာရှင်းလင်းပွဲမှာပြောကြားချက်တွေဟာ စေတနာနဲ့ဝေဖန်ခွင့်ရှိတဲ့ နိုင်ငံရေးသမားရဲ့ဝေဖန်ချက်ဖြစ်တဲ့အတွက်ကြောင့် စွဲချက်မတင်မီ လွှတ်တဲ့အမိန့်ကို ချမှတ်ပေးဖို့ လျှောက်လဲချက်တင်ခဲ့ပါတယ်" လို့ ဒေါ်မင်းမင်းစိုးကပြောပါတယ်။

တရားရုံး ဥပဒေအရာရှိကတော့ ဦးဝင်းထိန်ကို စွဲချက်တင်သင့်တယ်လို့ လျှောက်လဲချက်တင်ခဲ့ပါတယ်။

ဦးဝင်းထိန်အမှုနဲ့ပတ်သက်ပြီး တရားလိုတင်သွင်းတဲ့သက်သေတွေကိုလည်း ရှေ့နေတွေက ကန့်ကွက်ခဲ့ပေမယ့် တရားရုံးကလက်ခံခဲ့တဲ့ အတွက် ဝေဖန်တာတွေရှိခဲ့ပါတယ်။

"ဥပဒေအရာရှိကတော့ တရားလို၊ လိုပြသက်သေနဲ့ သက်သေခံစာရွက်စာတမ်းတွေအရ စွပ်စွဲခံရသူဟာ အစိုးရကိုမုန်းထားအောင် မလေးစားအောင် မေတ္တာပျက်အောင် အားထုတ်ခြင်း ပြောဆိုခြင်းတို့နဲ့ ငြိစွန်းနေတဲ့အတွက် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၂၄(က) အရ စွဲချက်တင်ဖြေရှင်းစေသင့်ကြောင်းဆိုပြီးတော့ လျှောက်လဲချက်ပေးပါတယ်" လို့ ဒေါ်မင်းမင်းစိုးကပြောပါတယ်။

ဦးဝင်းထိန်ကို နေပြည်တော် ဥတ္တရသီရိခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက် နေ့က တရားစွဲဆိုခဲ့တာပါ။

တရားလိုရဲ့စွပ်စွဲချက်မှာတော့ ဦးဝင်းထိန်က ဖေဖော်ဝါရီ ၁ ရက် သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံတော်အစိုးရကို အကြည်ညိုပျက်အောင်ပြောဆိုပြီး သူ့ရဲ့ပြည်သူတွေဆီကိုပေးတဲ့ ပန်ကြားစာအရ တရားစွဲတာလို့ ဖော်ပြပါတယ်။

ဦးဝင်းထိန်ကို စွဲဆိုထားတဲ့ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄(က) ဟာ ပြစ်မှုထင်ရှားရင် အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် အနှစ် ၂၀ အထိချမှတ်နိုင်တဲ့ ပုဒ်မဖြစ်ပါတယ်။

4 months Ago
Up