close

ဦးဝင်းမြင့်လှိုင်

close

September 7, 2021

တောင်တွင်းကြီးတွင် NLD ပါတီ တိုင်းလွှတ်တော်ကိုယ်စားလှယ် တာဝန်ထမ်းခဲ့သူ၏ နေအိမ် ဖျက်ဆီးခံရ

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့မှာ၊ မောင်တိုင် ၁ ရပ်ကွက်အတွင်းမှာ ရှိတဲ့ NLD ပါတီမှာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးဝင်းမြင့်လှိုင် (ခေါ်) ကိုလှိုင်လှိုင် ရဲ့ နေအိမ် စက်တင်ဘာလ ၇ ရက်နေ့မနက် ၅ နာရီဝန်းကျင်လောက်က ဖျက်ဆီးခံလိုက်ရတယ်လို့ သိရပါတယ်။

ဒေသခံမျက်မြင်တဦးက “သူ့အိမ်မှာ လူမနေတာကြာပြီ။ ဒီနေ့မနက်စော ၅ နာရီကျော်လောက်က ဆိုင်ကယ် ၁ စီးနဲ့လူ ၂ ယောက်ရောက်လာပြီး ခြံဝင်းတံခါးသော့ကို ဖျက်တာမရလို့ ခြံစည်းရိုးကျော်ပြီး အိမ်တံခါးမှန်တွေကို ရိုက်ခွဲသွားပြီး ပြန်ထွက်သွားတယ်” လို့ ပြောပါတယ်။

ဦးဝင်းမြင့်လှိုင်ရဲ့ နေအိမ်နဲ့ စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့ လူမှုကူညီရေးအသင်းရုံးဟာ ကိုက် ၁၀၀ မျှသာ ဝေးကွာပြီး အခုဖြစ်စဉ် ဖြစ်ပွားတဲ့အချိန်ဟာ အများပြည်သူအပြင်ထွက်ဖို့ သတ်မှတ်ထားတဲ့ မနက် ၆ နာရီကနေ မွန်းတည့် ၁၂ နာရီကြားမှာ ဖြစ်တာမဟုတ်တဲ့အတွက် ရည်ရွယ်ချက်ရှိရှိ လာရောက်ဖျက်ဆီးသွားတာဖြစ်လို့ တရားဥပဒေအရ ဆောင်ရွက်ဖို့ ရဲစခန်းကို ဆက်သွယ်အကြောင်းကြားထားတယ်လို့ ဦးဝင်းမြင့်လှိုင်က ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နေ့ကလည်း အိမ်ကို စစ်ကောင်စီတပ်တွေက ဝင်ရောက်ရှာဖွေသွားပြီး CCTV အတိုင်စက်ကိုလည်း သူတို့တွေ ဖြုတ်ယူသွားကြတယ်လို့ ဦးဝင်းမြင့်လှိုင်က ဆက်လက်ပြောပြပါတယ်။

ဦးဝင်းမြင့်လှိုင်ဟာ NLD ပါတီကနေ ၂၀၁၅ ကနေ ၂၀၂၀ ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော်ရဲ့ အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။

6 mins Ago
Up