close

ဦးဝဏ္ဏမောင်လွင်

close

December 23, 2022

မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲ ဘန်ကောက်တွင်ကျင်းပ၊ NUG-PDF ကို အားမပေးရန် စစ်ကောင်စီဝန်ကြီးပြော 

မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲတခုကို  ထိုင်းအစိုးရရဲ့ ကမကထပြုမှုနဲ့  ဘန်ကောက်မြို့မှာ ဒီဇင်ဘာ ၂၂ ရက်ကကျင်းပရာမှာ  စစ်ကောင်စီဝန်ကြီးတွေ တက်ရောက်ခဲ့ပြီး  အာဆီယံအနေနဲ့ CRPH၊ NUG၊ PDF နဲ့ မဆက်သွယ်ဖို့နဲ့ အားပေးထောက်ခံတာမလုပ်ဖို့ ပြောကြားခဲ့တယ်လို့ စစ်ကောင်စီနိုင်ငံခြားရေးဌာနက သတင်းထုတ်ပါတယ်။

ဒီအစည်းအဝေးမှာ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဦးဝဏ္ဏမောင်လွင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ဒေါက်တာကံဇော်နဲ့ အပြည်ပြည်ဆိုင်ရာပူး ပေါင်းဆောင်ရွက်ရေး ဝန်ကြီးဦးကိုကိုလှိုင်တို့ တက်ရောက်ခဲ့ကြတာပါ။

ဆွေးနွေးပွဲမှာ အာဆီယံ တူညီဆန္ဒ(၅)ချက်နဲ့ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်နေတဲ့ကိစ္စ၊ တစ်ဖက်သတ် အပစ်အခတ်ရပ်စဲရေး ကြေညာကာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့ကိစ္စ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနဲ့ စီးပွားရေးပြန်လည်ဦးမော့လာစေရေး ဆောင်ရွက်တဲ့ကိစ္စ၊ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံ ဆွေးနွေးပြီး အထွေထွေရွေးကောက်ပွဲကျင်းပဖို့ ကြိုးပမ်းနေတဲ့ကိစ္စတွေကို စစ်ကောင်စီဝန်ကြီးတွေက ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်ရာမှာ တိုးတက်မှုရှိအောင်ဘယ်လို အရှိန်မြှင့်လုပ်ဆောင်ရမလဲဆိုတာ စဉ်းစားလုပ်ဆောင်နိုင်ဖို့ အကြံဉာဏ်တွေရနိုင်ဖို့ အလွတ်သဘောတွေ့ဆုံပွဲကျင်းပတာလို့ ကမ္ဘောဒီယားနိုင်ငံခြားရေးဌာနက လည်း သတင်းထုတ်ပြန်ထားပေမဲ့ ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး အသေးစိတ်ကိုတော့ ထုတ်ပြန်တာ မရှိသေးပါဘူး။ 

ဒီဆွေးနွေးပွဲမှာ အာဆီယံနိုင်ငံတွေထဲက ထိုင်းနိုင်ငံ ဒုဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး မစ္စတာဒွန်ပရာမွန်းဝီနိုင်း၊ ကမ္ဘောဒီးယား ဒုဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ပရတ်ဆာခွန်း၊ လာအို နိုင်ငံခြားရေးဝန်ကြီး ဆလုံးဆေးကိုမာဆစ်နဲ့ ဗီယက်နမ်နိုင်ငံ နိုင်ငံခြားရေး ဒုဝန်ကြီး ဒိုဟုန်ဗီယက်တို့ တက်ရောက်ခဲ့ပြီး စင်္ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံတို့က ဝန်ကြီးတွေကတော့ တက်ရောက်ခဲ့ခြင်းမရှိပါဘူး။

အာဆီယံထိပ်သီးအစည်းအဝေးအပါအဝင် ဒေသတွင်း အရေးပါတဲ့ အစည်းအဝေးတွေမှာ စစ်ကောင်စီခေါင်းဆောင်တွေကို ပါဝင်တက်ရောက်ခွင့်မပေးပဲထားချိန်မှာ ထိုင်းအစိုးရက စစ်ကောင်စီခန့်ဝန်ကြီးတွေကို ဖိတ်ခေါ်ပြီး  မြန်မာ့အရေး အလွတ်သဘော အထူးအစည်း အဝေးကို ထိုင်းနိုင်ငံမှာကျင်းပဖို့စီစဉ်ခဲ့ပြီး စိတ်ဝင်စားသူတွေ လာရောက်ပါဝင် ဆွေးနွေးကြဖို့ ဖိတ်ခေါ်ခဲ့တာပါ။

ဖနွမ်းပင်မှာ ကျင်းပခဲ့တဲ့ အာဆီယံညီလာခံမှာလည်း မြန်မာ့အရေးနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းတွေအားလုံးရဲ့ ကိုယ်စားလှယ်တွေပါဝင်တဲ့ အစည်းအဝေးတစ်ခုပြုလုပ်ဖို့ ထိုင်းက အကြံပြုတင်ပြခဲ့ဖူးပါတယ်။

အခုဘန်ကောက်မှာ မြန်မာ့အရေး ဆွေးနွေးပွဲ ကျင်းပချိန်ဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မြန်မာအရေးဆုံးဖြတ်ချက်ချပြီးချိန်၊ NUG၊ CRPH၊ PDF နဲ့ EAO တွေကို ကူညီဖို့ အမေရိကန်က NDAA ဥပဒေကို အတည်ပြုထားပြီးချိန်တွေနဲ့လည်း တိုက်ဆိုင်နေပါတယ်။

Photo-MFAIC

9 mins Ago

March 31, 2022

BIMSTEC အစည်းအဝေးတွင် စစ်ကောင်စီဝန်ကြီးကို တက်ခွင့်ပြုသည့်အပေါ် အိန္ဒိယ ကာကွယ်

ဘင်္ဂလားပင်လယ်အော် စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ဘက်စုံပူးပေါင်းဆောင်ရွက်ရေးအဖွဲ့  ဘင်းမ်စတက် (BIMSTEC) ရဲ့ ထိပ်သီးအစည်းအဝေးမှာ မြန်မာစစ်ကောင်စီရဲ့ ကိုယ်စားလှယ်ကို ပါဝင် တက်ရောက်ခွင့်ပေးခဲ့တဲ့အပေါ်  အိန္ဒိယအစိုးရက ကာကွယ်ပြောဆိုလိုက်ပါတယ်။

မတ်လ ၃၀ ရက်မှာ သီရိလင်္ကာနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပတဲ့ ပဉ္စမအကြိမ်မြောက်  ဘင်းမ်စတက် ထိပ်သီးအစည်းအဝေးသို့ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဦးဝဏ္ဏမောင်လွင်က  နေပြည်တော်ကနေ  ဗွီဒီယိုကွန်ဖရင့်စနစ်နဲ့ ပါဝင်တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ 

ဘင်းမ်စတက်အဖွဲ့ဝင်တွေအနေနဲ့  မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံရမယ်လို့ အိန္ဒိယရဲ့ပြည်ပရေးရာဝန်ကြီးဌာန အကြီးတန်းအရာရှိ တွဲဖက်အတွင်းရေးမှူး  ရူဒရန်ဒြာတန်ဒွန်က  ထိပ်သီးအစည်းအဝေး အပြီး မီဒီယာတွေနဲ့ တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဘင်းမ်စတက် ပလက်ဖောင်းပေါ်ရှိ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းတွေ အောင်မြင်စေဖို့အတွက် နိုင်ငံအားလုံးရှိနေဖို့နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေမှာ ပါဝင်ဖို့ လိုအပ်ကြောင်း၊ မြန်မာနိုင်ငံဟာလည်း ဘင်းမ်စတက်ရဲ့ အရေးပါတဲ့ ဖွဲ့စည်းပုံအဖွဲ့ဝင်နိုင်ငံဖြစ်ပြီး အလွန်အရေးကြီးတဲ့ ပထဝီဝင်အနေအထားလည်းရှိတယ်လို့ ပြောပါတယ်။ 

ဒီထိပ်သီးအစည်းအဝေးမှာ  အပြည်ပြည်ဆိုင်ရာ အထောက်အထားတစ်ခုအဖြစ် သတ်မှတ်ပေးမယ့် ဘင်းမ်စတက်ပဋိညာဉ်စာတမ်းကို အတည်ပြုခဲ့သလို တခြားအရေးကြီးတဲ့ သဘောတူညီချက်တွေကို လည်း လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

အဲဒီလို လက်မှတ်ထိုးနိုင်တာဟာ ဘင်းမ်စတက်အဖွဲ့ကြီးကို စည်းမျဉ်းစည်းကမ်းကို အခြေပြုတဲ့ အဖွဲ့အစည်းအဖြစ်သို့ ရောက်ရှိစေခဲ့ကြောင်း၊ ဘင်းမ်စတက်ပဋိညာဉ်စာတမ်းဟာ အချုပ်အခြာအာဏာ တန်းတူရည်တူရှိမှု၊ ပြည်တွင်းရေး ဝင်ရောက်မစွက်ဖက်မှု၊ ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်မှု၊ အပြန်အလှန်လေးစားမှုနဲ့ တူညီဆန္ဒအပါအဝင် လက်ရှိကျင့်သုံးနေတဲ့ ဘင်းမ်စတက်ရဲ့ မူဝါဒတွေကို ထပ်လောင်းအတည်ပြုထားတယ်လို့ စစ်ကောင်စီဝန်ကြီး  ဦးဝဏ္ဏမောင်လွင်က ပြောပါတယ်။

ကမ္ဘာ့စီးပွားရေးကျဆင်းနေချိန်မှာ ဘင်းမ်စတက်အဖွဲ့ဝင် ၇ နိုင်ငံရဲ့ စုစည်းညီညွတ်မှုနဲ့ ဒေသတွင်း ကြံ့ကြံ့ခံနိုင်စွမ်းရှိမှုကို အခိုင်အမာတည်ဆောက်နိုင်လိမ့်မယ်လို့ ယုံကြည်မိကြောင်းနဲ့ အကြမ်းဖက်မှုဝါဒဟာ လူသားမျိုးနွယ်စုအားလုံးအတွက် လက်မခံနိုင်တဲ့ ကိစ္စဖြစ်လို့ အကြမ်းဖက်မှုဟူသမျှကို မလွဲမသွေရှုတ်ချရမယ်လို့လည်း အကြမ်းဖက်စစ်အုပ်စုရဲ့ ကိုယ်စားလှယ်က အစည်းအဝေးမှာ ပြောသွားပါတယ်။ 

အဆိုပါအစည်းအဝေးကို ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့  ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ နီပေါ၊ သီရိလင်္ကာနဲ့  ထိုင်းနိုင်ငံတွေက နိုင်ငံ့ခေါင်းဆောင်တွေနဲ့ ဘင်းမ်စတက် အတွင်းရေးမှူးချုပ်တို့  ပါဝင်တက်ရောက်ခဲ့ပါတယ်။

ဘင်းမ်စတက်အဖွဲ့ရဲ့ လာမယ့် အလှည့်ကျဥက္ကဋ္ဌအဖြစ် ထိုင်းနိုင်ငံက တာဝန်ယူဆောင်ရွက်မှာ ဖြစ်ပါတယ်။

ဘင်းမ်စတက်အဖွဲ့အနေနဲ့  မြန်မာအာဏာသိမ်းစစ်ကောင်စီကို အသိအမှတ်မပြုဖို့နဲ့ စစ်ခေါင်းဆောင်ကို ထိပ်သီးအစည်းအဝေးတက်ရောက်ခွင့် မပေးဖို့  ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေက တောင်းဆိုနေတဲ့ကြားက အခုလို  စစ်ကောင်စီကိုယ်စားလှယ်ကို အစည်းအဝေး တက်ခွင့်ပြုခဲ့တာဖြစ်ပါတယ်။

9 months Ago
Up